စာရေးသူ​၏အန္တိမရည်ရွယ်ချက်

ဆရာကြီးဦးမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း

စာမျက်နှာ၆၈နှင့်၆၉


စာရေးသူ၏အန္တိမရည်ရွယ်ချက်မှာဥပဒေရပ်ဆိုင်ရာကြောင်းကျိုးဆင်ခြင်သည့်ပညာမတိမ်ကောရေးဖြစ်သည်။


ကြောင်းကျိုးဆင်ခြင်တတ်မှုထိုးဆင်းသွားသည်နှင့်အမျှမြန်မာနိုင်ငံ၏တရားစီရင်ရေးသည်ရင်လေးဖွယ်အခြေအနေနှင့်ရင်ဆိုင်ရမည့်အဖြစ်ကိုစာရေးသူမလိုလားပါ။


မျက်မမြင်ပုဏ္ဏားခြောက်ဦးကဆင်ကြီးတကောင်ကိုလက်ဖြင့်စမ်းကာမိမိတို့၏အမြင်အသီးသီးကိုဖော်ထုတ်သောပုံပြင်ကိုဥပဒေပညာရှင်တိုင်းဖတ်ဖူးကြားဖူးပါလိမ့်မည်။


သို့သော်ထိုပုံပြင်မှပေးသောသင်ခန်းစာကိုနာယူမှတ်သားသူများမည်မထင်ပါ။


အဆိုပါမျက်မမြင်ပုဏ္ဏားခြောက်ဦးသည်လက်တွေ့တွင်မောဟဖုံးနေသောသူများဖြစ်ချေသည်။


မြက်ခြောက်ကိုမြက်စိမ်းဟုအထင်လွဲမှားစေရန်မြင်းများကိုတပ်ပေးသောမျက်မှန်စိမ်းသည်လည်းမောဟ၏အသွင်တမျိုးဖြစ်သည်။


ထိုမောဟနှင့်လုံ့လဥဿဟစိုက်ထုတ်မှုအားနည်းခြင်းစသည့်အကြောင်းတရားတို့သည်ကြောင်းကျိုးဆင်ခြင်သည့်ပညာကိုဖုံးကွယ်သောအမှောင်ထုဖြစ်သည်။


တရားစီရင်ရာ၌ကြောင်းကျိုးပြရခြင်းသည်အခြေခံသဘောတရားဖြစ်သည်။


တရားမကျင့်ထုံးဥပဒေအမိန့်၂၀၊နည်း၄( ၂ )တွင် " the  reason  for  such  decision  " ဟူ၍လည်းကောင်း၊အမိန့် ၄၁၊နည်း၃၁( ဂ ) တွင် " the  reason  for  the  decision " ဟူ၍လည်းကောင်းပြဌာန်းထားခြင်းက1954  BLR  ( S C ) 52 (57 )အမှု၌ယခင်တရားလွှတ်တော်ချုပ်ကပြဆိုသောအတ္တနောမတိဆုံးဖြတ်ခြင်းမျိုးမပြုစေရန်ရည်ရွယ်သည်။


မြန်မာစာအဖွဲ့၏အင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၁၁၃၅တွင်reason၏အဓိပ္ပာယ်ကိုယုတ္တိ၊ဖြစ်နိုင်ခြေ၊အကျိုးသင့်အကြောင်းသင့်ဖြစ်ခြင်းဟုပြဆိုထားသည်။


တရားစီရင်ရာ၌ယုတ္တိယုတ္တာရှိသောကြောင်းကျိုးဆီလျော်သောအကြောင်းပြချက်အရအဆုံးအဖြတ်ပြုရန်ဖြစ်ချေသည်။


( မြန်မာစာအဖွဲ့ကပြုစုသောမြန်မာအဘိဓာန်အကျဉ်းချုပ် ( ၁၉၈၀ ပြည့်နှစ်ထုတ် ) ပထမတွဲစာမျက်နှာ-၁၀၈တွင် " ချေ " ဟူသောစကားလုံးအားကြိယာကိုလေးနက်ပြေပြစ်စေသောစကားလုံးဟုအဓိပ္ပာယ်ဖွင့်ဆိုပြီး၊" မိဘရွာမြေ၊ကြားပါချေလော့ " ဟု ကျမ်းတခုမှကောက်နုတ်ကာဥပမာပေးထားသည်။


တရားမမှုခင်းတရပ်ကိုတရားစီရင်ရာ၌နှစ်ဖက်သောရှေ့နေရှေ့ရပ်များသည်အမှန်တရားကိုသုံးပွင့်ဆိုင်ရှာဖွေဖော်ထုတ်ကြခြင်းဖြစ်ပေရာတရားရုံးကိုအထောက်အကူပြုရသောရှေ့နေရှေ့ရပ်တို့သည်ယုတ္တိယုတ္တာရှိသော၊ကြောင်းကျိုးဆီလျော်သောလျှောက်လဲချက်များတင်ပြရန်အရေးပါသည်ကိုဆင်ခြင်အပ်ပေသည်။


ဥပဒေပညာရှင်တို့၏ကြောင်းကျိုးပြဆင်ခြင်သည့်ပညာကိုစီရင်ထုံးများမှသင်ယူရန်ဖြစ်သည်ကိုသတိပြုပါ။အပတ်တကုတ်လေ့လာမှတ်သားရာ၏။အပြောကျယ်သော သမုဒ္ဒရာပြင်တွင်မမြင်ရသည့်ကမ်းခြေသို့ဦးတည်ကူးသည့်မဟာဇနက္ကကဲ့သို့ရည်ရွယ်ချက်ကြီးမားစွာထားရှိပြီးအားထုတ်ရာသည်။

 


၁၈၇၂မှ၂၀၁၅ခုနှစ်ကာလကိုလွှမ်းခြုံထားသောစီရင်ထုံးများကိုလေ့လာရာ၌အချိန်ယူရမည်ဖြစ်၍ရင်မောဖွယ်ဖြစ်သည်။


စာရေးသူ၏သောင်းပြောင်းထွေလာဥပဒေပြဿနာ၁၀တွဲ၊ဥပဒေပြဿနာအဖြာဖြာနှင့်နောက်ထွက်မည့်မှုခင်းများမှထုတ်ယူရရှိသောသင်ခန်းစာများစာအုပ်များတွင်ဆွေးနွေးထားသောကြောင်းကျိုးဆင်ခြင်သည့်ပညာကိုဖြတ်လမ်းနည်းဖြင့်ယုတ်စွအဆုံးသင်ယူမှတ်သားသင့်သည်။


အမှန်ဆိုသော်ထိုပညာကိုသင်ယူရာ၌အဆုံးဟူ၍မရှိနိုင်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ