တောင့်ခံသည်
ဆရာကြီးဦးမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း
စာမျက်နှာ၁
ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ပထမဆုံးနိုင်ငံတော်တရားဝန်ကြီးချုပ်ဦးဘဦးရေးသားသောကိုယ်ရေးအထ္ထုပ္ပတ္တိ " My Burma " စာအုပ်တွင်မိမိ၏ရှေ့နေဘဝအစ ၁၉၁၃ ခုနှစ်ခန့်၌ရန်ကုန်ရှေ့နေအသင်းနှင့်စပ်လျဉ်း၍-
" It was reputed that the Rangoon bar could hold its own against ( တောင့်ခံသည် ) any in India . "
ဟု မှတ်ချက်ပြုသည်။
ထိုစဉ်ကမြန်မာနိုင်ငံတွင်အထက်မြန်မာပြည်တရားဌာနမင်းကြီးတရားရုံးနှင့်အောက်မြန်မာပြည်တရားရုံးချုပ်တို့ကိုတည်ထောင်ထားရာထိုတရားရုံးများသည်ဟိုက်ကုတ်လွှတ်တော်[ပြည်ထောင်စုတရားစီရင်ရေးဥပဒေ( ၁၉၄၈ )ပုဒ်မ၃၁ကိုကြည့်ပါ ]အဆင့်မဟုတ်။
အိန္ဒိယနိုင်ငံတွင်မူဟိုက်ကုတ်လွှတ်တော်အများအပြားတည်ထောင်ပြီးဖြစ်သည်။
မြန်မာနိုင်ငံ၌၁၉၂၂ခုနှစ်ကုန်ဆုံးအံ့ဆဲဆဲတွင်မှရန်ကုန်ဟိုက်ကုတ်လွှတ်တော်ကို တည်ထောင်နိုင်ခဲ့သည်။
အဆိုပါတရားရုံးများအထက်တွင်အင်္ဂလန်နိုင်ငံ၌အမြင့်ဆုံးတရားစီရင်ရေးအဖွဲ့ဖြစ်သည့်ပရီဗီကောင်စီရှိသည်။
ဦးဘဦးကရန်ကုန်မြို့ရှိနာမည်ကြီးရှေ့နေများကိုမှတ်တမ်းတင်ထားရာမြန်မာဝတ်လုံများအနက်ဦးခင်နှင့်ဦးမေအောင်တို့၏အမည်များကိုဖော်ပြထားသည်။
ထိုစဉ်ကရန်ကုန်ရှေ့နေအများစုသည်အရှေ့တောင်အာရှတွင်အတောင့်တင်းဆုံး၊အကျွမ်းကျင်ဆုံးရှေ့နေများဖြစ်ခဲ့ပုံပေါ်သည်။
တတိယမြောက်တရားရုံးချုပ်အမည်ဖြင့်၁၉၈၈ခုနှစ်တွင်တည်ထောင်သောအခါ ရန်ကုန်ရှေ့နေများသည်ခါးပြတ်လျက်ရှိပါပြီ။
ဝါရင့်မြန်မာရှေ့နေကြီးများဖြစ်ကြသောဝတ်လုံဦးသိန်းမောင်၊ဒေါက်တာဧမောင်၊ဒေါက်တာဘဟန်( ဦးဘဦးက၎င်း၏စာအုပ်စာမျက်နှာ-၁၁၂တွင်-
" The Burmese , with the exception of U Thein Maung , now Chief Justice of the Union , Dr . E Maung , retired Judge of the Supreme Court , and Dr . Ba Han , ex - Dean of the Faculty of the Law , were left out in the cold . "
( ထိထိရောက်ရောက်မစွမ်းဆောင်နိုင်လောက်အောင်ဘေးဖယ်ခံရသည် )ဟုထိုပုဂ္ဂိုလ်သုံးဦး၏ပညာကိုအသိအမှတ်ပြုသည် ။ )စသည့်ရှေ့နေကြီးများအနက်ကွယ်လွန်သွားသူများ၊အနားယူသွားသူများ၊နိုင်ငံခြားသို့ထွက်ခွာသွားသူများရှိကြ၍အနည်းအကျဉ်းသာကျန်တော့သည်။
ဝါရင့်ရှေ့နေများထံမှပညာသင်ယူခဲ့သောအတော်အတန်ဝါရင့်သည့်ရှေ့နေများဟူ၍ လက်တဆုပ်စာသာကျန်တော့သည်။
တရားရုံးချုပ်ကိုတည်ထောင်သောအခါ B . A . ( Law ) , L L B ဘွဲ့ရရှေ့နေများနှင့် R L ရှေ့နေအချို့သည်ဝါရင့်ရှေ့နေများထံမှပညာခံယူခွင့်ဆယ်နှစ်ပင်မရဘဲရှေ့တန်းတွင်နေရာယူလျက်ရှိကြသည်။
Comments
Post a Comment