တရားမပြင်ဆင်မှုတွင်ပြင်ဆင်မှုတရားရုံး၏အခွင့်အာဏာ
ဆရာကြီးဦးမြရေးသားသောဥပဒေပြဿနာအဖြာဖြာ
စာမျက်နှာ၆၇နှင့်၁၃၉
တရားမပြင်ဆင်မှုတွင်ပြင်ဆင်မှုတရားရုံး၏အခွင့်အာဏာ
မည်သည့်အခါတရားရုံး၏အဆုံးအဖြတ်ကိုတရားမပြင်ဆင်မှုတွင်စွက်ဖက်ပြင်ဆင်နိုင်ကြောင်းတရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅တွင်ပြဌာန်းထားရာပုဒ်မခွဲ( က ) နှင့် ( ခ )တို့တွင်အကျုံးဝင်သောကိစ္စများမှာရှင်းသည်။ပုဒ်မ ( ဂ )နှင့်စပ်လျဉ်း၍စီရင်ထုံးအများအပြားရှိသည်ကိုတွေ့မြင်နိုင်သည်။
၁၉၀၁ခုနှစ်တွင်ဆုံးဖြတ်သော၊မောင်ကြွက် နှင့် မောင်ခင် ၊ အောက်မြန်မာပြည် စီရင်ထုံးများ အတွဲ ၁ စာ ၁၄၂ အမှုတွင်၊ထိုစဉ်ကအဆင့်မြင့်ဆုံးတရားစီရင်ရေးအဖွဲ့ဖြစ်သည့်ပရီဗီကောင်စီက၁၈၈၅ခုနှစ်တွင်ဆုံးဖြတ်သည့် ၁၁ ကာလကတ္တား ၆ ( ပီစီ ) အမှုကိုကိုးကားကာဥပဒေအရာ၌မှားယွင်းခြင်းသည်စီရင်ပိုင်ခွင့်အာဏာကိုသုံးစွဲရာ၌ ဥပဒေနှင့်အညီမဟုတ်ဘဲဖြစ်စေ၊အရေးပါသောထုံးနည်းမကျမှုဖြင့်ဖြစ်စေဆောင်ရွက်ရာမရောက်ဟုထုံးဖွဲ့သည်။
မဘီဘီး နှင့် ဆရာဟတ္ထီး ၊ အေ ၊ အိုင် ၊ အာ ၁၉၃၇ ရန်ကုန် ၅၃၇ အမှုတွင် ( တရားလွှတ်တော် )က၊၁၁ ကာလကတ္တား ၆ ( ပီ စီ ) စီရင်ထုံးကိုပင်ကိုးကားကာ တရားရုံးကဥပဒေပြဿနာကိုမှားယွင်းဆုံးဖြတ်ခြင်းဖြစ်နိုင်သည်၊သို့ရာတွင်ထိုသို့မှားယွင်းဆုံးဖြတ်ခြင်းသည်စီရင်ပိုင်ခွင့်အာဏာကိုသုံးစွဲရာ၌ဥပဒေနှင့်အညီမဟုတ်ဘဲဖြစ်စေ၊အရေးပါသောထုံးနည်းမကျမှုဖြင့်ဖြစ်စေဆောင်ရွက်ရာမရောက်ကြောင်းပြဆိုသည်။
ပရီဗီကောင်စီစီရင်ထုံးအရအထက်ပါဥပဒေသသည်၁၈၈၅ခုနှစ်ကပင်၊အတည်တကျဖြစ်လျက်ရှိသောဥပဒေဖြစ်သည်။အသိနည်းနေသည်ကိုတွေ့ရသည်။
တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၇( ၁ )တွင်၊အယူခံတရားရုံး၏အခွင့်အာဏာများကို ပြဌာန်းထားရာလမ်းညွှန်ခွင့်ရှိကြောင်းပြဌာန်းထားခြင်းမပြု။တရားမပြင်ဆင်မှုနှင့်သက်ဆိုင်သောပုဒ်မ၁၁၅တွင်ပုဒ်မခွဲ( က ) မှ ( ဂ )ပါပြဌာန်းချက်နှင့်ငြိစွန်းသည်ဟု ယူဆလျှင်ပြင်ဆင်မှုတရားရုံးသည်မိမိသင့်သည်ထင်မြင်သည့်အတိုင်းအမိန့်ကိုချမှတ်နိုင်သည်ဟုပြဌာန်းထားရာ၌ " such order " သည်ပုဒ်မခွဲ ( က ) မှ ( ဂ ) ပါပြဌာန်းချက်တရပ်ရပ်သို့မဟုတ်အများနှင့်ငြိစွန်းလျှင်အောက်ရုံးအမိန့်ကိုပယ်ဖျက်သောအမိန့်မျိုးသာဖြစ်သည်။
ကျယ်ပြန့်သောအာဏာများပေးအပ်ထားသောအယူခံတရားရုံးထက်၊ပြင်ဆင်မှုတရားရုံးကပို၍အခွင့်အာဏာရရှိရန်အကြောင်းမရှိသဖြင့်အမှုသည်အားမည်သို့မည်ပုံဆောင်ရွက်ရန်လမ်းညွှန်ခြင်းမပြုနိုင်သည်မှာပြဌာန်းချက်များအရထင်ရှားသည် ၊ပြင်ဆင်မှုတွင်လမ်းညွှန်သောအမိန့်ချမှတ်နိုင်ကြောင်းပြဆိုသောထုံးသာဓကမရှိ။
Comments
Post a Comment