ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈သည်၊ကာလစည်းကမ်းသတ်အက်ဥပဒေအပိုင်း၄ပါပုဒ်မ( ၃ )ရပ်အနက်နောက်ဆုံးပုဒ်မဖြစ်ပါသည်။ထိုပုဒ်မ( ၃ )ရပ်၏ အနှစ်ချုပ်ကိုAcquisition  of  Ownership  by  Possession( လက်ရှိဖြစ်ခြင်းကြောင့် ပိုင်ရှင်မြောက်ခြင်း )ဟုဖော်ပြပြဌာန်းထားခြင်းကိုဆင်ခြင်မိပါလျှင်ပုဒ်မ၂၈တွင်ပြဌာန်းထားသည့်အတိုင်းကာလစည်းကမ်းသတ်ကုန်ဆုံးသောအခါပစ္စည်းလက်ရှိဖြစ်သူသည်လက်ရှိထားသောပစ္စည်းတွင်ပိုင်ဆိုင်ခွင့်ရရှိသည်ဟုပြဌာန်းထားခြင်းကိုမုချသိရှိမည်ဖြစ်ပါသည်။


ဦးပုပါ၂နှင့်ရမ်ကစ်ချ်ဟမ်းပါ၂၊၁၉၆၁မတစ( လွှတ်တော် )၁၁၉( ၁၂၆ )စီရင်ထုံးတွင်၁၂ နှစ်ကျော်ဆန့်ကျင်လက်ရှိထားသောတရားလိုတို့သည်ဆန့်ကျင်လက်ရှိထားသောအိမ်၏ပိုင်ရှင်များဖြစ်သွားကြောင်းတရားလွှတ်တော်ခုံရုံးကထုံးဖွဲ့ထားသည်ကို အထင်အရှားတွေ့မြင်ရမည်ဖြစ်ပါသည်။


"  In our opinion , there is no doubt whatsoever that the plaintifs have become owners of the house in suit in view of article 144 of the Limitation Act read with section 28 therefore , for section 28 reads : - " At the determination of the period hereby limited to any person , his right to such property shall be extinguished . "


ခုံရုံးက"there is no doubt whatsoever"( မည်သည့်သံသယမျှမရှိ )ဟုအစချီကာဆိုင်ရာပြဌာန်းချက်များကိုရည်ညွှန်းပြီး"တရားလိုများသည်ဆန့်ကျင်လက်ရှိထားခြင်းကိုအကြောင်းပြုပြီးအိမ်ပိုင်ရှင်ဖြစ်သွားသည်"ဟူသောအဆိုအမိန့်ကိုပြတ်ပြတ်သားသားမြွက်ဆိုခြင်းဖြစ်ပါသည်။


ကိုကြည်ရှိန်နှင့်ကိုစိုးစံပါ၂၊၁၉၆၃မတစ၆၇၂အမှုကို၊တရားရုံးချုပ်တရားသူကြီးချုပ်ဦးဘိုကြီးနှင့်၁၉၄၈ခုနှစ်၊နှစ်ဆန်းမှစ၍မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်နေ့ကဖွဲ့စည်းတည်ထောင်သောအသစ်စက်စက်တရားလွှတ်တော်တွင်တရားဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်လာသောသမ္ဘာရင့်တရားဝန်ကြီးဦးစံမောင်တို့ပါဝင်သောခုံရုံးကဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။


အမှုတွင်ကိုကြည်ရှိန်ကအချင်းဖြစ်မြေကိုဝယ်ယူထားသည်ဟုဆိုကာမြေလက်ရှိဖြစ်သူကိိုစိုးစံတို့အပေါ် မြေလက်ရောက်ရလိုမှုစွဲဆိုခြင်းဖြစ်ပါသည်။ကိုကြည်ရှိန် သက်သေခံ( က )အဖြစ်တင်ပြသောမှတ်ပုံတင်စာချုပ်ကိုအယောင်ဆောင်သူကချုပ်ဆိုကြောင်းစီရင်ထုံးစာမျက်နှာ-၆၇၈ ၌ " Now , regarding the deed of sale , Exhibit " က " in favour of the plaintiff Ko Kyi Shein we have very little doubt that it was executed by an imposter . " စသည်ဖြင့်သက်သေခံချက်တို့ကိုစိစစ်ပြပါသည်။တရားလွှတ်တော်ခုံရုံးကကိုကြည်ရှိန်သည်မြေပိုင်ရှင်မဟုတ်ဟုဆုံးဖြတ်ပြီး ၎င်း၏အမှုကိုပလပ်ပါသည်။


တဖက်တွင်တရားပြိုင်ကိုစိုးစံတို့ကအချင်းဖြစ်မြေကိုမိမိတို့ဝယ်ယူပြီးလက်ရှိဖြစ်သည်ဟုဆိုကာ၎င်းတို့ပိုင်ဖြစ်ကြောင်းမြွက်ဟကြေညာပေးရန်တန်ပြန်တရားစွဲဆိုပါသည်။အချင်းဖြစ်မြေကို၊ကိုစိုးစံတို့အားရောင်းသောချစ်တီးယားဖမ်းကထိုမြေကို ကွယ်လွန်သူပိုင်ရှင်၏သားများထံမှဝယ်ယူလက်ရှိထားခဲ့ရာမှ၊၁၂ နှစ်ကြာပြီးနောက် ကိုစိုးစံတို့အားမှတ်ပုံတင်စာချုပ်ချုပ်ဆိုရောင်းချကြောင်းဖြင့်၊ကိုစိုးစံတို့ဖက်မှ အထောက်အထားတင်ပြပါသည်။


ကိုကြည်ရှိန်ဘက်မှတရားရုံးချုပ်ခုံရုံးတွင်မူလပိုင်ရှင်အမျိုးသမီး၏အမွေကိုဟိန္ဒူဥပဒေအရသားများအမွေဆက်ခံခွင့်မရှိ၊သမီးကသာလျှင်အမွေဆက်ခံခွင့်ရှိသည်ဖြစ်၍ ပိုင်ရှင်၏သားများထံမှမြေဝယ်ယူပြီး၊ကိုစိုးစံတို့အားချစ်တီးယားဖမ်းကရောင်းချခွင့်မရှိခြင်းကြောင့်ကိုစိုးစံတို့မြေပိုင်ရှင်မဖြစ်နိုင်ပုံကိုလျှောက်လဲတင်ပြရာတရားရုံးချုပ်ခုံရုံးက"ချစ်တီးယားဖမ်းအနေဖြင့်သားများထံမှမြေကိုဝယ်ယူသည်ဖြစ်၍အစ၌ ၎င်း၏ဆိုင်ရေးဆိုင်ခွင့်ချွတ်ယွင်းသည်ဟုယူဆနိုင်စေဦး၊ချစ်တီးယားဖမ်းက၁၉၄၁ ခုနှစ်မှစ၍မြေကိုလက်ရှိထားခဲ့သည်ဖြစ်ရာလက်ရှိထားပိုင်ခွင့်ရရှိသည်ဖြစ်၍အချိန်တန်သော်(ဆိုလိုသည်မှာ၁၂ နှစ်ကျော်သော်)ထိုလက်ရှိထားပိုင်ခွင့်သည်  prescriptive  title  ( ကာလစည်းကမ်းသတ်အရရရှိသောဆိုင်ရေးဆိုင်ခွင့် )အဖြစ်ရောက်ရှိသွားသည်"ဟုစီရင်ထုံးအမြောက်အများကိုကိုးကားပြီးအောက်ပါအတိုင်းထုံးဖွဲ့ပါသည်။


"  Assuming that the sons only of " D. M . " and not her daughters having conveyed the suit land to the Chettyar firm the title of that firm was defective at its inception ; that firm had been in posession since 1941 . It therefore had possessory title which in course of time ripened into prescriptive title . "


စီရင်ထုံးစာမျက်နှာ၆၈၁တွင်တရားလွှတ်တော်ခုံရုံးက"အယောင်ဆောင်တဦးထံမှ အချင်းဖြစ်မြေကိုလက်ရောက်ရခဲ့သောတရားလိုကိုကြည်ရှိန်နှင့်၊ချစ်တီးယားဖမ်းထံမှအချင်းဖြစ်မြေကိုဝယ်ယူသောကိုစိုးစံတို့အချင်းချင်းတွင်၊ကိုစိုးစံတို့ကအချင်းဖြစ်မြေ၌သာလွန်သောဆိုင်ရေးဆိုင်ခွင့်ရှိသည်"ဟုအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်ပါသည် ။


"  Accordingly as between the plaintiff who had obtained possession of the suit land since the 16 of January 1958 from an imposter who called herself D . Masaramma , and the defendants who had purchased the suit land from a Chettyar firm which had been in possession since the year 1941 pursuant to ( အရ ) the registered deed of sale dated the 22 of May 1941 ( Exhibit 7 ) , impugned as invalid ( မခိုင်လုံဟု ( ကိုကြည်ရှိန်ဘက်မှ ) သံသယဖြစ်စေသည် ) , the defendents clearly have a better title to the suit land . "


အထက်ပါထုံးဖွဲ့ချက်က၁၂နှစ်ကျော်ဆန့်ကျင်လက်ရှိထားခြင်းကြောင့်ချစ်တီးယားဖမ်းသည်ဆန့်ကျင်လက်ရှိထားသည့်မြေတွင် prescriptive  title ရရှိပြီး ၊ပိုင်ရှင်အနေဖြင့်မြေကို၊ကိုစိုးစံတို့အား ရောင်းချခွင့်ရှိသည်ဖြစ်၍၊ကိုစိုးစံတို့သည်ကိုကြည်ရှိန်ထက်သာလွန်သောဆိုင်ရေးဆိုင်ခွင့်ရှိသည်ဟုဆုံးဖြတ်ခြင်းဖြစ်ပါသည်။သို့ဖြစ်ရာ အထက်ပါစီရင်ထုံးသည်ဆန့်ကျင်လက်ရှိထားခြင်းကြောင့်၁၂နှစ်ကျော်သောအခါ  prescriptive  title တည်းဟူသောအကြွင်းမဲ့ပိုင်ရေးပိုင်ခွင့်တမျိုးအဖြစ်သို့ရောက်ရှိသွားကြောင်းပြဆိုသည့်ထုံးသာဓကဖြစ်ပါသည်။


(1943 ) 45 Bombay Law Reports 275 ( P C ) အမှုတွင်-


 "  Gunga Gobind Mundul v. The Collector of the Twenty - four Pergunnahs ( 1867 ) 11 M . I . A.345 at p. 361 , that if the owner whose property is encroached upon suffers his right to be barred by the law of limitation , " the practical ' effect is the extinction of his title in favour of the party in possession . " 


 ( ကျူးကျော်ခြင်းခံရသည့်ပစ္စည်းပိုင်ရှင်သည်ကာလစည်းကမ်းသတ်အက်ဥပဒေအရမိမိအခွင့်အရေးကိုအပိတ်ပင်ခံလျှင်လက်တွေ့အကျိုးသက်ရောက်မှုမှာလက်ရှိဖြစ်သည့်အမှုသည်၏အကျိုးငှာမိမိ၏ပိုင်ဆိုင်ခွင့်ဆိတ်သုဉ်းခြင်းဖြစ်သည် )ဟုထုံးဖွဲ့ထားခြင်းကိုကိုးကားဆုံးဖြတ်ပါသည်။


သို့ဖြစ်ရာ"၁၂ နှစ်ကျော်ပစ္စည်းကိုဆန့်ကျင်လက်ရှိထားသူသည်ပစ္စည်းပိုင်ရှင်ဖြစ်လာသည်"ဆိုသောဥပဒေသမှာပရီဗီကောင်စီကအထက်ပါစီရင်ထုံး၌၁၈၆၇ ခုနှစ်ကတည်းကပြဆိုခဲ့သောဥပဒေသဖြစ်ပါသည်။


11 M . I . A . ဆိုသည်မှာ M သည်ပရီဗီကောင်စီစီရင်ထုံးစာအုပ်ကိုပြုစုထုတ်ဝေသော Moore ဆိုသူဖြစ်ပြီး I . A . ဆိုသည်မှာ Indian Appeals ၏အတိုကောက်ဖြစ်၍ 11 မှာ Moore ထုတ်ဝေသော စီရင်ထုံးများ၏အတွဲအမှတ်ဖြစ်ပါသည်။


မြန်မာနိုင်ငံ၏ကာလစည်းကမ်းသတ်အက်ဥပဒေမှာအင်္ဂလန်နိုင်ငံကာလစည်းကမ်းသတ်ဥပဒေအပေါ်အခြေခံကာရေးဆွဲထားသည်မှာယုံမှားဖွယ်မရှိပါ။သို့ဖြစ်ရာကာလစည်းကမ်းသတ်အက်ဥပဒေအပိုင်း ( ၄ )၏ခေါင်းစီးဖြစ်သော Acquisition  of  Ownership  by  Possession ( လက်ရှိဖြစ်ခြင်းကြောင့် ပိုင်ရှင်မြောက်ခြင်း ) ပြဌာန်းချက်သည်အထက်ပါပရီဗီကောင်စီစီရင်ထုံး၏အနှစ်ချုပ်ကိုထင်ဟပ်ပြဌာန်းပုံပေါ်ပါသည်။


အထက်ပါ ( 1943 ) 45 BOMLR 275 ( PC ) စီရင်ထုံးတွင်၊အထက်ပါ ( 1867 ) 11 M . I . A . 345 ( 361 ) ရှိမြွက်ဆိုချက်ကိုပရီဗီကောင်စီကပင်ကိုးကားပြီးနောက်၊မြန်မာနိုင်ငံကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈ နှင့်ပြဌာန်းချက်ခြင်းတူသော  The  Indian  Limitation  Act၊ပုဒ်မ၂၈ကိုကိုးကားပြီး"၁၂ နှစ်ကျော်မြေကိုလက်ရှိထားသူသည်ပိုင်ရှင်ဖြစ်သွားသည်"ဟုဆုံးဖြတ်ထားသည်ကိုတွေ့မြင်နိုင်ပါသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ