tenants-in-common (အတူပိုင်ဆိုင်သူများ)
ဆရာကြီးဦးမြရေးသားသောဥပဒေပြဿနာအဖြာဖြာအမှာစာ
စာမျက်နှာခဗ
9 Ran 524 ( F . B . ) နှင့် 1963 BLR 491 ( 496 )စီရင်ထုံးများပါ
" tenants - in - common " ကို " အတူပိုင်ဆိုင်သူများ " ဟုဘာသာပြန်ခြင်းကို သင်နားလည်ပါသလား?
မြန်မာအဘိဓာန်အကျဉ်းချုပ်အတွဲ၅စာ၅၆တွင် " အတူ " ကို
၁။ကွဲပြားခြားနားခြင်းမရှိဘဲ၊ထပ်တူထပ်မျှ
၂။ကွဲပြားခြင်း၊သီးခြားဖြစ်ခြင်းမရှိဘဲ၊တပေါင်းတည်း၊တကွဟုအဓိပ္ပါယ်ဖွင့်ဆိုသည်
မြန်မာ-အင်္ဂလိပ်အဘိဓာန်စာ-၅၅၉တွင် together with ဟုဘာသာပြန်သည်။
သို့ဖြစ်ရာအတူပိုင်ဆိုင်သူများဟူသောစကားရပ်သည် " tenants - in - common " ဟူသောစကားရပ်ကိုလွှမ်းခြုံမိပုံမပေါ်။အကြံတူ( common intention ) နှင့်အကျိုးတူခံစားခြင်း( common enjoyment )စကားရပ်များပါ " တူ "သည် " common " ၏အဓိပ္ပာယ်ကိုပေါ်လွင်စေသော်လည်း"အတူ"သည်"in common" ၏အဓိပ္ပာယ်ဖြစ်ဟန်မတူ။
#အင်္ဂလိပ်မြန်မာအဘိဓာန်စာ၂၆၄တွင် " ဘုံပိုင် " ဟုဘာသာပြန်ဆိုထားရာ " ဝေစုအလျောက်ဘုံပိုင်ဆိုင်သူများ " ဟုဆိုပါမှဆိုလိုရင်းကိုနားလည်ပါမည်။သို့သော်ထိုစကားရပ်ထက်ပို၍ဆီလျော်ကောင်းမွန်သောဝေါဟာရကိုမူရှာဖွေဖို့လိုပါသေးသည်။
Joint Tenants ကို " ပူးတွဲပိုင်ဆိုင်သူများ " ဟုဘာသာပြန်ခြင်းသည်အငြင်းပွားစရာမရှိပါ။ပူးတွဲပိုင်ဆိုင်သူများ( Joint Tenants )နှင့်ဝေစုအလျောက်ဘုံပိုင်သူများ ( Tenants - in - common )တို့သည်ခြားနားပါသည်။
ပထမအချက်မှာ 5 Ran 296 ( F B )တွင်ပြဆိုထားသည့်အတိုင်းပူးတွဲပိုင်သူများအနက်တဦး၏အကျိုးခံစားခွင့်( ဝေစု )ကို" ကွက်"၍လွှဲပြောင်းခြင်းမပြုနိုင်၊ပစ္စည်းတရပ်လုံးကိုသာလွှဲပြောင်းနိုင်သည်။တဘက်တွင်ဝေစုအလျောက်ဘုံပိုင်ဆိုင်သူများပိုင်ပစ္စည်း၌တဦး၏ဝေစုကို " ကွက် " ၍ လွှဲပြောင်းနိုင်သည်။9 Ran 523 ( F B )စီရင်ထုံးကိုကြည့်ပါ။
ခြားနားချက်တရပ်မှာ၊ဝေစုအလျောက်ဘုံပိုင်ဆိုင်သူများအနက်တဦးကွယ်လွန်သွားပါက၎င်း၏ဝေစုသည်၎င်း၏အမွေစားအမွေခံများထံသက်ဆင်းသည်။
သို့သော်ပူးတွဲပိုင်ဆိုင်သူများအနက်တဦးကွယ်လွန်ပါက၎င်း၏ဝေစုကိုအမွေစားအမွေခံများကဆက်ခံခြင်းမရှိ။ထိုဝေစုသည်ကျန်ပူးတွဲပိုင်ရှင်များထံသက်ရောက်သည်။
Joint Tenancy ကိုအမွေဆက်ခံခြင်းနှင့်စပ်လျဉ်း၍
" The principal feature of this tenancy is that on the death of one of the parties his share occures to the others by survivorship till it passes to a single hand and the joint tenancy ceases "
ဟူသော မြွက်ဆိုချက်ကိုကြည့်ပါ။
ပူးတွဲပိုင်သူသုံးဦးအနက်တဦးကွယ်လွန်သောအခါ၎င်းတို့သုံးဦးပိုင်ခဲ့သောပစ္စည်းသည်ကျန်ရစ်သူနှစ်ဦးပိုင်ဖြစ်သွားသည်။
ကျန်နှစ်ဦးအနက်တဦးကွယ်လွန်ပြန်သောအခါ၊အချင်းဖြစ်ပစ္စည်းသည်ကျန်တဦးတည်းပိုင်ဖြစ်သွားသဖြင့်ပူးတွဲပိုင်ခြင်းရပ်စဲသွားသည်။
နောက်ဆုံးပုဂ္ဂိုလ်သေဆုံးသောအခါ၊ထိုပစ္စည်းကို၎င်း၏အမွေဆိုင်များကဝေစုအလျောက်ဘုံပိုင်သူများအနေဖြင့်အမွေဆက်ခံကြသည်။
Comments
Post a Comment