တရားစွဲဆိုရန်အကြောင်း၏အဓိပ္ပာယ်
ဆရာကြီးဦးမြရေးသားသောဥပဒေပြဿနာအဖြာဖြာ
စာမျက်နှာ၃၄
တရားစွဲဆိုရန်အကြောင်း၏အဓိပ္ပါယ်
ဦးဖိုးသီးနှင့်မောင်ကျော်ဆင့်၊၁၉၅၂ မတစ ( တရားလွှတ်တော် ) ၄၁၀အမှု
ဦးဆောင်းနှင့်ဦးခင်မောင်ပါ၂၊၁၉၅၉ မတစ ( တရားလွှတ်တော် ) ၃၁၄အမှုနှင့်
ရှမ်တီးလား( လ် )စူရပ်( ဂျ် )မား( လ် )မီတား နှင့် မာရီယမ်ဘီဘီ ပါ၇၊၁၉၆၀မတစ၃၅၉(၃၇၁)
အမှုအပါအဝင်အင်္ဂလိပ်ဘာသာဖြင့်ဆုံးဖြတ်သောစီရင်ထုံးများတွင်
" Cause of action means every fact which , if traversed , will be necessary for the plaintiff to prove in order to support his right to the judgment of the Court . "
ဟုတထပ်တည်းအဓိပ္ပာယ်ဖွင့်ဆိုသည်။
ဦးညွန့်သိန်းပါ၅နှင့်ဒေါ်အေဒါစန်းမောင်
၁၉၉၅ မတစ ၅၄
အမှုတွင် မြန်မာဘာသာဖြင့်အဓိပ္ပါယ်ဖွင့်ဆိုထားချက်ကိုတရားရုံးများတွင်ကိုးကားတင်ပြလေ့ရှိသည်။
ထိုစီရင်ထုံးပါ"တရားစွဲဆိုရန်အကြောင်း"ဆိုရာ၌တဖက်မှငြင်းဆိုပါကတရားလိုအနေဖြင့်မိမိ၏အခွင့်အရေးကိုအထောက်အခံအဖြစ်သက်သေထင်ရှားပြရန်လိုအပ်သော အကြောင်းခြင်းရာအသီးသီးဖြစ်သည်ဟုအဓိပ္ပါယ်ဆောင်သည်။"ဟုအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုအင်္ဂလိပ်ဘာသာဖြင့်အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်နှိုင်းယှဉ်ဖတ်ရှုပါကအင်္ဂလိပ်ဘာသာအဓိပ္ပါယ်ဖွင့်ဆိုချက်ပါ"to the judgment of the Court "ဟူသောထုံးဖွဲ့ချက်ကျန်ရှိနေသဖြင့်မပြည့်စုံသည်ကိုတွေ့မြင်နိုင်သည်။
ဦးဆောင်းအမှုတွင်၊တရားစွဲဆိုရန်အကြောင်းဟူသည်တရားလိုအမှုတွင်အနိုင်မရနိုင်မီသက်သေထင်ရှားပြရန်လိုအပ်သောအကြောင်းခြင်းရာစုဖြစ်ကြောင်းအဓိပ္ပာယ်ဖွင့်ဆိုချက်သည်ပို၍ရှင်းလင်းသော်လည်းထိုအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုတရားရုံးများ၌ကိုးကားလျှောက်လဲခြင်းမပြု၊ကိုးကားဆုံးဖြတ်သောတရားရုံးအရေအတွက်လည်းနည်းသေးသည်ကိုတွေ့ရသည်။
စီရင်ထုံးများပါ"if traversed"( ငြင်းလျှင် )ဟူသောစကားရပ်အရတရားလို၏အဆိုပြုချက်များကိုတရားပြိုင်ကငြင်းလျှင်တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟု မှားယွင်းသောအယူအဆတရပ်ပေါ်ပေါက်လျှက်ရှိသည်။
တရားမကျင့်ထုံးဥပဒေအမိန့် ၇၊နည်း၁( င )နှင့်၁၁( က )ပါပြဌာန်းချက်များကိုသတ္တုချကြည့်လျှင်တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ခြင်းရှိမရှိပြဿနာသည်အမိန့် ၇ အဆင့်ကိုကျော်ပြီးနောက်အမိန့်၈အဆင့်ရောက်မှတင်သွင်းရသောချေလွှာပါထုချေချက်နှင့်လုံးဝမသက်ဆိုင်သည်မှာပေါ်လွင်သည်။
ထိုသို့မသက်ဆိုင်ကြောင်း ၁၉၆၀ မတစ ( တရားလွှတ်တော် ) ၃၅၉အမှုတွင်ခုံရုံးကစီရင်ထုံးစာမျက်နှာ၃၇၁နှင့် ၃၇၂တွင်စီရင်ထုံးအကိုးအကားဖြင့်ရှင်းပြသည်။
Comments
Post a Comment