လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


လင်မယားအဖြစ်မှပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး


ဒေါ်ခင်ပုအမှုတွင် စီရင်ထုံးစာမျက်နှာ ၃၁၅၌ မြန်မာဗုဒ္ဓဘာသာအချင်းချင်းတွင် လင်ခန်းမယားခန်းသည် အောက်ပါတနည်းနည်းဖြင့်ပြတ်စဲသွားနိုင်သည်ဟု ပြဆိုထားသည် -


( က ) နှစ်ဦးသဘောတူကွာရှင်းခြင်း


( ခ ) အပြစ်ကျူးလွန်သူလင် သို့မဟုတ် မယားက သတ်မှတ်ကာလကြာစွန့်ပစ်ခြင်းနှင့် စွန့်ပစ်ခံရသူက လင်မယားပြတ်စဲလိုသောဆန္ဒကိုဖော်ထုတ်သော နောက်ပိုင်းအပြုအမူအရပြတ်စဲခြင်း


( ဂ ) ဖောက်ပြားခြင်း ၊ ရက်စက်ခြင်းစသည့် အိမ်ထောင်ရေးပြစ်မှုသက်သေထင်ရှားခြင်းကြောင့် စီရင်ပိုင်ခွင့်အာဏာရတရားရုံးကချမှတ်သောဒီကရီအရ ခွင့်ပြုသောကွာရှင်းခြင်း


တရားရုံးကကွာရှင်းဒီကရီချမှတ်နိုင်ရန်လိုအပ်သည့်အိမ်ထောင်ရေးပြစ်မှုများတွင် စွန့်ပစ်ခြင်းကိုမထည့်ဘဲ သီးခြားဖော်ပြထားခြင်းက စွန့်ပစ်ခြင်းကိုအကြောင်းပြုပြီး ကွာရှင်းသည့်ကိစ္စတရားဝင်စေရန်ဒီကရီမလိုအပ်မှုကိုညွှန်ပြသည်။


တဦးကသတ်မှတ်ကာလကြာစွန့်ပစ်ပြီး ကျန်တဦးကလင်မယားပြတ်စဲလိုသောမိမိဆန္ဒကိုတနည်းနည်းဖြင့်ဖော်ထုတ်သောအခါ လင်ခန်းမယားခန်းပြတ်စဲသွားသည်ဖြစ်၍ တရားရုံး၏ဒီကရီမလို။ ၁၈၇၆ ခုနှစ်တွင်စီရင်သော မ ( မိ )နှင်းနုံ နှင့် မောင် ( င )အောင် ပါ ၂ ၊ SJLB73 အမှုတွင် မြန်မာဗုဒ္ဓဘာသာအချင်းချင်းကွာရှင်းခြင်းသည် တရားရုံးဒီကရီမရှိဘဲခိုင်လုံသည်ဟု ပြဆိုထားသည်။


စွန့်ပစ်ခြင်းကိုအကြောင်းပြုပြီးလင်မယားကွာရှင်းပေးရန်တရားစွဲဆိုနိုင်သလော


မြန်မာ့စီရင်ထုံးသမိုင်းတွင် မနုကျယ်ဓမ္မသတ် ၊ ပဉ္စမတွဲ ပုဒ်မ ၁၇ ပါအဆိုအမိန့်ကို အဓိပ္ပါယ်ကောက်ယူရာ၌ စီရင်ထုံးများမတည်မငြိမ်ဖြစ်ခဲ့သည်။


" င ( ငါ့ )လင် င ( ငါ့ )မယား မဆိုသာ ၊ ကွာပိုင်နေပိုင်စေ " ဟူသောစကားရပ်ပါ ကွာ သည် ကွာရှင်းသည် ဟုအဓိပ္ပါယ်ရသည်။ မြန်မာစာအဖွဲ့ဦးစီးဌာနကထုတ်ဝေသော မြန်မာအဘိဓာန် ( ဒုတိယအကြိမ်ပြင်ဆင်ဖြည့်စွက်ပုံနှိပ်ခြင်း ) စာမျက်နှာ - ၄၀ ကိုကြည့်ပါ။ ထိုစာမျက်နှာတွင်ပင် ကွာရှင်း ( ကြိယာ )ကို လင်မယားအဖြစ်မှပြတ်စဲသည် ဟုအဓိပ္ပါယ်ဖွင့်ဆိုသည်။


ဒေါ်ခင်ပုအမှုတွင် စီရင်ထုံးစာမျက်နှာ - ၃၁၂၌ မနုကျယ်ဓမ္မသတ် ပုဒ်မ ၁၇ပါ ကွာ seperate ကိုပို၍တိတိကျကျဆိုရလျှင် ကွာရှင်း divorce ဟုပြဆိုထားသည်ကိုတွေ့မြင်နိုင်သည်။


ပုဒ်မ ၁၇ ပါ ကွာပိုင်စေ ဟူသောစကားရပ်ကို " let them have the right to divorce "  ( ၎င်းတို့ကွာရှင်းခွင့်ရစေ ) ဟုအဓိပ္ပါယ်ဖွင့်ဆိုသည်။ ဒေါ်ခင်ပုအမှုတွင် စွန့်ပစ်ခံရသူက ထိမ်းမြားခြင်းကိုတရားဝင်ဖျက်သိမ်းသည့်အနေဖြင့်မှတ်ယူခွင့် " the right to treat the marriage as dissolved " ဟုပြဆိုသည်။ 


လင်မယားကွာရှင်းပေးစေရန်တရားစွဲဆိုရဦးမည်ဟုဆုံးဖြတ်ခြင်းမပြု။

Comments

Popular posts from this blog

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]