ညံ့ဖျင်းခြင်းသည်ဂုဏ်ယူစရာဂုဏ်ပုဒ်မဟုတ်ပါ။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ညံ့ဖျင်းခြင်းသည်ဂုဏ်ယူစရာဂုဏ်ပုဒ်မဟုတ်ပါ။
ကြည့်သောသူသည်မြင်၏ဟူသောဆိုရိုးစကားရှိသည်။
ဥပဒေပညာရှင်တို့သည်ကြောင်းကျိုးဆင်ခြင်သည့်ပညာကိုသွေးရန်အားထုတ်ပါမှအမှန်ကိုထိုးဖောက်မြင်ခွင့်ရနိုင်သည်ကိုဆင်ခြင်အပ်သည်။
က၊ကာအဆင့်ကိုကျော်၍ကိ၊ကီ၊ကံ၊ကား စသည့်အဆင့်သို့ရောက်အောင်ဦးနှောက်ကိုသုံးရန်ဖြစ်သည်။
ရှေ့နေရှေ့ရပ်တို့သည်မိမိဦးနှောက်ကိုနေ့စဉ်အမြဲသွေးနေပါမှအမှန်တရားကိုဖော်ထုတ်နိုင်ပါလိမ့်မည်။
ရှေ့နေတဦးတတ်အပ်သောပညာသည်ကျယ်ပြန့်လှသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ပထမဆုံးနိုင်ငံတော်တရားဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သောဦးဘဦး၏ကိုယ်ရေးသမိုင်းအရ၎င်း၏ရှေ့နေဘဝတွင်မြန်မာဝတ်လုံအများစုသည်နိုင်ငံခြားသားရှေ့နေများနှင့်ယှဉ်ပြိုင်အမှုလိုက်ရာ၌ဦးနှောက်သုံးရာတွင်အားနည်းသည်ဟုမှတ်ချက်ပြုထားသည်ကိုမှတ်သားကာ၊ဥပဒေကို၊ကကြီးခခွေးမှစ၍နှံ့နှံ့စပ်စပ်လေ့လာရန်လိုသည်။
အကျိုးသင့်အကြောင်းသင့်ဖြစ်သောယုတ္တိယုတ္တာရှိပြီးအမှုသည်အများစုလက်ခံသောအကြောင်းပြချက်များဖြင့်တရားစီရင်သောစနစ်မှာတရားသူကြီးတို့၏အဓိကပန်းတိုင်ဖြစ်သည်။
ထိုပန်းတိုင်သို့ရောက်ရန်မှာတရားသူကြီးတိုင်းမိမိ၏ဦးနှောက်ကိုအစဉ်အမြဲသွေးဖို့လိုသည်။
စီရင်ချက်ရေးခြင်းသည်ဦးနှောက်သုံးစွဲမှုဆိုင်ရာလေ့ကျင့်ခန်းဖြစ်သည်။
ပြီးပြည့်စုံသောကြောင်းကျိုးပြသည့်စီရင်ချက်ကိုရေးသားချမှတ်ခြင်းသည်"အမှန်တရားကိုစီရင်ကြောင်းအများမြင်စေရာသည်"ဟူသောစီရင်ထုံးစာအုပ်များတွင်ဖော်ပြသည့်ဆောင်ပုဒ်နှင့်အညီတရားစီရင်ရာရောက်ပါသည်။
တဖက်လျှောက်လဲချက်ပါအမှားကိုထောက်ပြချေပသောစနစ်မှေးမှိန်သွားသည်နှင့်အမျှလျှောက်လဲခြင်း၏အနှစ်သာရသည်လည်းတပါတည်းစံချိန်စံညွှန်းမှီတော့မည်မဟုတ်။
မိမိလိုရာလျှောက်လဲခြင်းသည်အထိုက်အလျောက်လွယ်သည်။
တဖက်ကိုထိုးနှက်လျှောက်လဲခြင်းအခန်းကဏ္ဍတွင်ပညာခန်းသက်ဝင်သည်။
အားထုတ်မှုအဓိကကျသည်။
လျှောက်လဲခြင်း၏အနှစ်သာရလျော့ပါးသွားသည်နှင့်အမျှရှေ့နေရှေ့ရပ်များ၏ကြောင်းကျိုးဆင်ခြင်သည့်ပညာတောက်ပြောင်မှုသည်လည်းမှေးမှိန်သွားမည်သာဖြစ်သည်။
ချက်ကျလက်ကျချေပတတ်မှုတွင်ဇဝနဉာဏ်သက်ဝင်သည်။
တရားဝန်ကြီးဦးစံမောင်သည်စီရင်ချက်များရေးရာ၌နှစ်ဖက်ရှေ့နေများတင်ပြသောစီရင်ထုံးများအပြင်၎င်းလေ့လာမိသောအခြားစီရင်ထုံးများကိုလည်းကိုးကားကာတရားစီရင်တတ်ကြောင်းစာရေးသူတရားသူကြီးပေါက်စဘဝက၎င်း၏စီရင်ချက်များကိုဖတ်ခွင့်ရသဖြင့်ဦးစံမောင်၏ကောင်းမြတ်သောဝသီ ( habit )ကိုအားကျခဲ့သည်။
သူ့လိုဝသီပါအောင်အားထုတ်သင့်သည်။
စာမေးပွဲအောင်ရုံဥပဒေပညာမျှဖြင့်လက်တွေ့၌အလုပ်ဖြစ်မည်မဟုတ်။
စီရင်ထုံးများနှင့်ကျမ်းများကိုလေ့လာမှတ်သားနိုင်စွမ်းရှိဖို့လိုသည်။
မြန်မာဘာသာဖြင့်ရေးသောကျမ်းများမည်မည်ရရများများစားစားရှိသည်မဟုတ်။
လောလောဆယ်တွင်အိန္ဒိယနိုင်ငံမှကျမ်းများကိုလက်လှမ်းမီရန်အကြောင်းလည်းမမြင်။
တရားရုံးအဆင့်ဆင့်ကိုထိုက်သင့်သည့်အထောက်အကူပေးနိုင်ရန်ရှေ့နေကြီးများကြီးကြီးမားမားအားထုတ်ပါမှတော်ရုံကျပါလိမ့်မည်။
စီရင်ထုံးအများစုကိုအင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသည်။
အိန္ဒိယနိုင်ငံဥပဒေကျမ်းတို့ကိုလည်းအင်္ဂလိပ်ဘာသာဖြင့်ရေးသည့်အလျောက်အင်္ဂလိပ်ဘာသာကိုလောက်လောက်လားလားသင်ယူဖို့လိုသည်။
ရှေ့နေရှေ့ရပ်များသည်မိမိတို့၏ဘိုးဘေးဘီဘင်ရှေ့နေကြီးများကဲ့သို့ ဥပဒေပညာရှင်များဖြစ်အောင်အပတ်တကုတ်လေ့လာရန်တိုက်တွန်းပါသည်။
နှစ်ပြားတပဲ(စကားအဖြစ်မြင်သာအောင်ပြောခြင်းဖြစ်ပါသည်)ပညာဖြင့်ရှေ့နေလိုက်လျှင်ဟီရိဩတ္တပ္ပတရားလက်လွတ်မည်ကိုသတိချပ်သင့်ပါသည်။
သမ္မာအာဇီဝအသက်မွေးမှုမဖြစ်နိုင်။
သို့ဖြစ်၍ထိုရှေ့နေများအတွက်နိဗ္ဗာန်တံခါးထာဝရပိတ်နေမည်သာဖြစ်ပေသည်။
ကြိုးစားနေသူအတွက်ပန်းတိုင်ရှိသည်။
Comments
Post a Comment