တရားမကျင့်ထုံးဥပဒေအမိန့်၆၊နည်း၂နှင့်အညီမဟုတ်ဘဲရှည်လျားစွာရေးသားထားသောအဆိုလွှာ

ဆရာကြီးဦးမြရေးသားသောဥပဒေပြဿနာအဖြာဖြာ

စာမျက်နှာ၈၂


တရားစွဲဆိုရန်အကြောင်းကိုအဓိပ္ပာယ်ဖွင့်ဆိုသော၊ဦးဖိုးသီးအမှု ၊ ၁၉၅၂ မတစ ( တရားလွှတ်တော် ) ၄၁၀ အပါအဝင်စီရင်ထုံးများကဆိုင်ရာအမှုတွင်တရားစွဲဆိုရန်အကြောင်းကိုဖြစ်မြောက်စေသောအကြောင်းခြင်းရာများကိုဆိုင်ရာတရားရုံးများကဖော်ထုတ်ရာ၌အထောက်အကူရနိုင်ရန်ပြဆိုသောလမ်းညွှန်ချက်မျှသာဖြစ်သည်။


စီရင်ချက်ပီသရန်ကိုးကားဖို့သက်သက်ရည်စူးခြင်းမရှိသည်ကိုတရားရုံးများကသတိမူမိပုံမပေါ်ကြောင်းအဆင့်ဆင့်သောစီရင်ချက်များသည်သာဓကပြနေသည်ကိုတွေ့ရသည်။


အမှန်စင်စစ်တရားစွဲဆိုရန်အကြောင်းကိုဖြစ်မြောက်စေသောအကြောင်းခြင်းရာနှင့် တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည့်နေ့ကိုအဆိုလွှာ၌ဖော်ပြရန်ညွှန်ကြားသော အမိန့်၇၊နည်း၁( င )ပါပြဌာန်းချက်များအရပင်တရားစွဲဆိုရန်အကြောင်း၏အဓိပ္ပါယ်ကိုမြင်သာစေသည်ဟုဆိုရမည်ဖြစ်သည်။


ထိုအကြောင်းခြင်းရာများကိုသက်သေထင်ရှားပြမှသာလျှင်တရားလိုသည်မိမိစွဲဆိုသောအမှု၌အနိုင်ရရှိမည်ဖြစ်သည်။


ထိုဥပဒေသဘောကိုဋီကာချဲ့ပြီးပြောဖို့လိုသည်မဟုတ်။


တရားလိုအဆိုပြုသောထိုအကြောင်းခြင်းရာများကိုတရားပြိုင်ကမငြင်းလျှင် သက်သေပြရန်လိုမည်မဟုတ်။ငြင်းမှသာလျှင်သက်သေပြရန်ဖြစ်သည်ဆိုသော ဥပဒေသဘောကိုလည်းရှည်ရှည်ဝေးဝေးတွေးရန်အကြောင်းမရှိချေ။


သို့ဖြစ်ရာ တရားစွဲဆိုရန်အကြောင်း၏အဓိပ္ပာယ်မှာအမိန့် ၇၊နည်း၁( င )အရပင်ထင်ရှားသောအချက်ဖြစ်သည်။


သို့ဖြစ်၍လည်းထိုပြဌာန်းချက်အရလိုအပ်သည့်အတိုင်းအဆိုလွှာကိုရေးသားတရားစွဲဆိုလျက်ရှိသည်မှာမငြင်းနိုင်သောအချက်ဖြစ်သည်။


သို့သော်လက်တွေ့၌တရားစွဲဆိုရန်ဖြစ်မြောက်စေသောအကြောင်းခြင်းရာများကို အဆိုပြုရာ၌အမိန့် ၆၊နည်း၂အရလိုအပ်သည့်အတိုင်းအရေးပါသောအကြောင်းခြင်းရာများကိုသာအဆိုမပြု။


နည်း၂ပါပိတ်ပင်ချက်ကိုဘေးချိတ်ကာထိုအကြောင်းခြင်းရာများကိုသက်သေထင်ရှားပြရန်ဖြစ်သည့်သက်သေခံချက်များနှင့်ရောထွေးဖော်ပြအဆိုပြုခြင်းကြောင့်တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသောအကြောင်းခြင်းရာများကိုပီပီပြင်ပြင်အဆိုမပြုနိုင်ကြောင်းတွေ့ရသည်။


လိုအပ်သမျှတိုတိုတုတ်တုတ်ဖော်ပြထားသောအဆိုလွှာကတရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ကြောင်းသိသာထင်ရှားစေခြင်းရှိမရှိတရားရုံးများကအဆုံးအဖြတ်ပေးရာ၌များစွာအထောက်အကူရစေသည်မှာယုံမှားဖွယ်မရှိချေ။


တရားမကျင့်ထုံးဥပဒေအမိန့် ၆၊နည်း၂နှင့်အညီမဟုတ်ဘဲရှည်လျားစွာရေးထားသောအဆိုလွှာ၌တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသောအကြောင်းခြင်းရာများကို စိစစ်ဖော်ထုတ်ရသည့်အလုပ်သည်ကောက်ရိုးပုံတွင်အပ်ရှာရသည်နှယ်အချိန်ကုန်လူပမ်းဖြစ်ချေသည်ကိုအဆိုလွှာရေးသောရှေ့နေရှေ့ရပ်များသတိထားသင့်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ