နှစ်ဦးနှစ်ဖက်​၏အပြန်အလှန်သဘောတူညီချက်အရလင်ခန်းမယားခန်းတရားဝင်ပြတ်စဲရာရောက်ပါလျက်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ဒေါက်တာသာမြကဇနီးဒေါ်ခင်ပုအပေါ်တရားစွဲဆိုသောအမှုတွင်မူလတရားရုံးကဒေါ်ခင်ပုတရားပြိုင်သည်ဒေါက်တာသာမြ ( တရားလို )၏မယားမဟုတ်တော့ကြောင်းမြွက်ဟကြေညာသည့်ဒီကရီနှင့်အခြားသက်သာခွင့်ပြုရာ၌ -


( ၁ ) ဒေါက်တာသာမြသည်ဒေါ်ခင်ပုအား ၁၉၃၉ ခုနှစ် ၊ ဧပြီလ ၂၇ ရက်နေ့မှစ၍ စွန့်ပစ်ခဲ့သည်။


( ၂ ) ၁၉၄၂ ခုနှစ် ၊ ဧပြီလ ၂၇ ရက်နေ့မှလင်မယားအလိုအလျောက်ပြတ်စဲသွားသည် စသည်ဖြင့်ဆုံးဖြတ်သည်။


ဒေါ်ခင်ပုကတရားလွှတ်တော်သို့အယူခံဝင်သည်။ 


တိုက်ဆိုင်သည်ဟုဆိုရမည်လားမသိ၊အယူခံကိုကြားနာသောခုံရုံးတွင်ပါဝင်သော တရားဝန်ကြီးချုပ်သည်မညွန့်အမှု၌အမှုရှုံးသွားသောမောင်စံသိန်းဘက်မှလိုက်ပါဆောင်ရွက်ခဲ့သောရှေ့နေဖြစ်သည်။ 


ခုံရုံး၏တင်ပြချက်အရဖွဲ့သောစုံညီခုံရုံးကမညွန့်စီရင်ထုံးကိုပြန်လည်စိစစ်ပြီး၊သိန်းဖေစီရင်ထုံးကိုလိုက်နာကာမညွန့်စီရင်ထုံးကိုပယ်ဖျက်ခဲ့သည်။


ဒေါ်ခင်ပုအမှုကိုစီရင်ထုံးပြုပြီးနောက်စွန့်ပစ်ခြင်းကိုအိမ်ထောင်ရေးပြစ်မှုအဖြစ်အခြေပြုကာလင်မယားကွာရှင်းပေးစေရန်စွဲဆိုသောထုံးသာဓကဟူ၍၊မခင်မြနှင့်ကုလားခေါ်မောင်လှရွှေ၁၉၅၆မတစတရားလွှတ်တော်၂၆၄ အမှုကိုသာတွေ့ရသည်။ 


မခင်မြနှင့်မောင်လှရွှေတို့သည်လင်မယားဖြစ်ဆဲဖြစ်သည်ဟူသောအကြောင်းပြချက်အရမခင်မြအမှုရှုံးရခြင်းဖြစ်သည်။ 


မောင်လှရွှေကမယားကို စွန့်ပစ်ကြောင်းပင်မပေါ်လွင်။စွန့်ပစ်သူသည်မယားမခင်မြဖြစ်နေသည်။


မခင်မြအမှုအထိစွန့်ပစ်ခြင်းကိုအကြောင်းပြုပြီးတရားရုံးကလင်မယားကွာရှင်းပေးသည့်ဒီကရီချမှတ်ထားသောထုံးသာဓကမရှိ။ 


မညွန့်စီရင်ထုံးအတည်ဖြစ်ဆဲကာလအတွင်းအလားတူပင်ထုံးသာဓကမရှိခဲ့။ 


သတ်မှတ်ကာလကြာစွန့်ပစ်ခြင်းကိုအကြောင်းပြုပြီးမယားကလင်အပေါ်တရားစွဲဆိုသော၊ဦးဆင်နှင့်မမလေး၁၉၄၁ရန်ကုန်၁၄အမှုနှင့်ဒေါ်ခင်ပုအမှုနှစ်မှုရှိခဲ့ဖူးသည်။


ဒေါက်တာသာမြအမှုတွင်ယခင်တရားလွှတ်တော်ချုပ်ကလင်သည်မယားကိုစွန့်ပစ်ပြီးသုံးနှစ်တိုင်တိုင်ထောက်ပံ့မှုမပြုဘဲနေသည့်အပြုအမူကထိမ်းမြားခြင်းအနှောင်အဖွဲ့ကိုဖျက်သိမ်းလိုသည့်မိမိ၏ဆန္ဒကိုထုတ်ဖော်ခြင်းဖြစ်၍ထိုဆန္ဒသက်သက်ဖြင့် လင်နှင့်မယားတို့၏အပြန်အလှန်သဘောတူချက်အရပေါက်ဖွားသောထိုနှောင်ဖွဲ့မှုကိုဖျက်သိမ်းရန်လုံလောက်သည်မဟုတ်။


ထိုနှောင်ဖွဲ့မှုကိုတရားဝင်ဖျက်သိမ်းရန်အလို့ငှာမယားဖြစ်သူကလည်း၊လင်ခန်းမယားခန်းပြတ်စဲလိုသောမိမိဆန္ဒဖြင့်တုံ့ပြန်ရန်လိုအပ်သည်ဟုပြဆိုထားရာစွန့်ပစ်ခံရသူက ထိုဆန္ဒကိုတနည်းနည်းဖြင့်ဖော်ထုတ်လိုက်ပါမှလင်ခန်းမယားခန်းပြတ်စဲသွားမည်ဖြစ်သည်။


ဒေါ်ခင်ပုအမှုတွင်တရားလွှတ်တော်စုံညီခုံရုံးကထုံးဖွဲ့ပြဆိုထားချက်အရဆိုပါကလည်းစွန့်ပစ်ခြင်းသည်စွန့်ပစ်ခြင်းခံရသူအားထိမ်းမြားခြင်းကိုတရားဝင်ဖျက်သိမ်းသည့်အနေဖြင့်မှတ်ယူခွင့်ရရှိစေသည်ဖြစ်ရာစွန့်ပစ်ခံရသူကလင်မယားပြတ်စဲလိုသည့်ဆန္ဒကိုဖော်ထုတ်လိုက်သောအခါလင်နှင့်မယားတို့၏သဘောတူချက်အရထူထောင်ခဲ့သည့်အိမ်ထောင်သည်၎င်းတို့နှစ်ဦး၏အပြန်အလှန်သဘောတူချက်အရပင်ပြိုကွဲသွားစေရာရောက်သည်။


မနုကျယ်ဓမ္မသတ်ပါ " င ( ငါ့ )လင် င ( ငါ့ )မယားမဆိုသာ "ဟူသောစကားရပ်က လင်မယားအဖြစ်မှရပ်စဲသွားကြောင်းအထင်အရှားညွှန်ပြသည်။ 


ယင်းသို့သောနှစ်ဦးနှစ်ဖက်၏အပြန်အလှန်သဘောတူချက်အရလင်ခန်းမယားခန်းတရားဝင်ပြတ်စဲရာရောက်ပါလျက်၊ကွာရှင်းခြင်းတရားဝင်စေရန်တရားရုံးကွာရှင်းဒီကရီဖြင့်အတည်ပြုရန်လိုအပ်သေးသည်ဟုဆိုလျှင်၊ကျိုးကြောင်းဆီလျော်မည်မဟုတ်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ