ဒေါ်ကြည်မ နှင့် ဒေါ်ခင်မာဝေပါ၃၊ ၂၀၁၉ မတစ ၈ စီရင်ထုံးအဆုံးအဖြတ်ကိစ္စ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ဒေါ်ကြည်မနှင့်ဒေါ်ခင်မာဝေပါ၃

၂၀၁၉ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးများတရားမစာ၈မှ၂၃ထိ

စီရင်ထုံးအဆုံးအဖြတ်ကိစ္စ


အမှုတခုလုံးမှာအမှုဖြစ်စဉ်အကျဉ်းကိုရေးထားတာမတွေ့ဘူး။ အမွေမှုစွဲတယ်ဆိုရုံနဲ့အမှုဖြစ်စဉ်အကျဉ်းမဟုတ်ဘူး။ အမှုဖြစ်စဉ်အကျဉ်းဆိုတာ မိမိအဖြေထုတ်ရာမှာအထောက်အကူဖြစ်စေမယ့်အချက်ကို ရေးရမယ်။ ဒါကိုခုထိမသိဘူးဖြစ်နေတယ်။


အမှုမှာဆုံးဖြတ်ရမယ့်ကိစ္စတွေက-


( ၁ ) တရားလိုများသည် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိခြင်းမရှိသော လယ်ယာမြေကိုအမွေစီမံခန့်ခွဲပေးစေလိုမှု စွဲဆိုခြင်းဖြစ်ပါသလား သို့မဟုတ် လယ်ယာမြေဥပဒေပုဒ်မ ၉ ( ဂ )ပြဌာန်းချက်တွင် အကျုံးဝင်ပါသလား။


( ၂ ) တရားလိုများသည် လယ်ယာမြေဥပဒေပုဒ်မ ၉ ပါ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများဖြစ်ပါသလား။


( ၃ ) တရားလိုများသည် လယ်ယာမြေဥပဒေပုဒ်မ ၉ ( ဂ ) တွင်ပါသည့် " လယ်ယာမြေလုပ်ပိုင်ခွင့် " ရရှိသူများမဟုတ်ပါလျှင် ဤအမှုကိုမစွဲဆိုနိုင်ဟု လယ်ယာမြေဥပဒေက အတိအလင်းပိတ်ပင်ထားပါသလား သို့မဟုတ် သဘောသက်ရောက်ချက်အရပိတ်ပင်ထားပါသလား။


အခုလိုဖြစ်နေတာငြင်းချက်ထုတ်ရခြင်းရဲ့အကျိုးအပြစ်ကိုမသိလို့ဘဲ ၊ ရည်ရွယ်ချက်ကိုမသိလို့ဘဲ ၊ ငြင်းချက်ထုတ်တယ်ဆိုတာ " တရားလိုသည် မည်သည့်သက်သာခွင့်ရထိုက်သနည်း "ဟူသောငြင်းချက်ကို ဖြေလို့ရမယ့်ငြင်းချက်တွေဖြစ်ရမယ်။


ဆုံးဖြတ်ထားတာကလယ်ယာမြေဥပဒေပုဒ်မ ၉ ( ဂ )ကိုအားကိုးပြီး အမွေမှုစွဲလို့မရဘူးလို့ ဆုံးဖြတ်တဲ့သဘောဘဲ။ အဲသလိုဆိုရင် အလုံးစုံမမှန်နိုင်။ 


တကယ်ဆုံးဖြတ်ရမယ့်ကိစ္စက ၂၀၁၂ မှာပြဌာန်းခဲ့တဲ့ လယ်ယာမြေဥပဒေမှာ ၁၉၅၃ ခုနှစ်လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေပုဒ်မ ၃၆ မှာကဲ့သို့တရားရုံးစီရင်ပိုင်ခွင့်ကိုပိတ်ပင်ထားတာရှိသလား။ 


အဲဒီအချက်နဲ့ပတ်သက်လို့ တရားမကျင့်ထုံးဥပဒေပုဒ်မ ၉ ကိုအရင်ပြောရမယ်။


တရားမကျင့်ထုံးဥပဒေပုဒ်မ ၉ တွင် တရားရုံး၏စီရင်ပိုင်ခွင့်အာဏာကို အောက်ပါအတိုင်းပြဌာန်းထားသည်-


" 9 . The Courts shall ( subject to the provisions herein contained ) have jurisdiction to try all suits of a civil nature  excepting suits of which their cognizance is either expressly or impliedly barred .


Explanation - A suit in which the right to property or to an office is contested is a suit of a civil nature , notwithstanding that such right may depend entirely on the decision of questions as to religions rites or ceremonies . "


( ၉ ။ တရားရုံးသည် အတိအလင်းဖြစ်စေ၊ သဘောသက်ရောက်ခြင်းဖြင့်ဖြစ်စေ ပိတ်ပင်ထားခြင်းမရှိသော တရားမကြောင်းဆိုင်ရာအမှုများကို ( ဤဥပဒေတွင်ပါရှိသည့် ပြဌာန်းချက်များအားထောက်ထား၍ ) စစ်ဆေးစီရင်ပိုင်ခွင့်အာဏာရှိသည်။

ရှင်းလင်းချက်။   ။ ပစ္စည်း သို့မဟုတ် ရာထူးတရပ်ရပ်နှင့်စပ်လျဉ်း၍ ရပိုင်ခွင့်အတွက်အမှုစွဲဆိုထားရာတွင် ထိုရပိုင်ခွင့်မှာ ဘာသာရေးဆိုင်ရာထုံးစံ သို့မဟုတ် အခမ်းအနားများနှင့်စပ်လျဉ်းသည့်ပြဿနာများ၏ အဆုံးအဖြတ်အပေါ်တွင် လုံးဝတည်စေကာမူ၊ ယင်းအမှုသည် တရားမကြောင်းဆိုင်ရာအမှုဖြစ်သည်)


၁၉၅၃ခုနှစ်လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေပုဒ်မ၃၆ပါပြဌာန်းချက်တို့သည် အထက်ပါပုဒ်မ ၉ ၏အဓိပ္ပါယ်အရတရားမတရားရုံးစီရင်ပိုင်ခွင့်အာဏာကိုအတိအလင်းတားမြစ်ထားသောပြဌာန်းချက်များဖြစ်သည်။ 


လယ်ယာမြေဥပဒေတွင်ထိုသို့သောပိတ်ပင်တားမြစ်သည့်ပြဌာန်းချက်မျိုးမရှိ။


၁၉၅၃ခုနှစ်လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေပုဒ်မ၃၆နဲ့ပတ်သက်လို့ဆုံးဖြတ်ထားတဲ့မလှိန့်နှင့်မောင်လူမောင်ပါ၄ ၁၉၆၂မတစရုံးချုပ်၂၄၇ ( အဲဒီစီရင်ထုံးဟာ ၁၉၅၈ ခုနှစ်မှာဆုံးဖြတ်ခဲ့ပေမယ့် ၁၉၆၂ ခုနှစ်ကျတော့မှ စီရင်ထုံးပြုထားတယ်) တရားသူကြီးဦးစံမောင်က ပုဒ်မ ၃၆ မှာပြဌာန်းထားတဲ့ လယ်မြေခွဲဝေခြင်းနှင့်အကျုံးဝင်လို့၊တရားစွဲဆိုခွင့်မရှိဘူးလို့ ဆုံးဖြတ်ထားတာ။


တကယ်တော့အခုလိုအမှုမျိုးတွေကိုဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ကိုဖိတ်ခေါ်ပြီးကြားနာသင့်တယ် ဒါမှရည်ရွယ်ချက်ပေါ်လာမယ် ။


လယ်ယာမြေဥပဒေပုဒ်မ ၉ ( ဂ )ကို ၊ ပုဒ်မ ၈ ပါ " မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် xxxxxxxxxxxxxxxxxxxx အမွေဆက်ခံခြင်းဖြင့်လယ်မြေလုပ်ပိုင်ခွင့်ရရှိသူအား xxxxxxxxxxxxလယ်မြေလုပ်ပိုင်ခွင့်လက်မှတ်ထုတ်ပေးရမည် " ဟူသောပြဌာန်းချက်နဲ့တွဲဖတ်ရန်ဖြစ်တယ်။


ဒါ့ကြောင့်အမွေဆိုင်တို့သည် လယ်ယာမြေလုပ်ပိုင်ခွင့်ရရန် ပုဒ်မ ၈ အရအရေးဆိုခွင့်ရှိသည့်ရုံးသည် တရားရုံးမဟုတ်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဖြစ်သည်။


သို့ဖြစ်၍တရားလိုများစွဲဆိုသောအမွေမှုကို ပုဒ်မ ၈ ပါပြဌာန်းချက်များက၊သဘောသက်ရောက်ချက်အရပိတ်ပင်ပါသည်ဟုဆုံးဖြတ်ရန်ဖြစ်ပါသည်။









Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ