ခရစ်ယာန်လင်မယားနှင့်စပ်လျဉ်းပြီးဓလေ့ထုံးတမ်းဥပဒေမရှိ။ပြဌာန်းဥပဒေများသာရှိသည်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


မန္တလေးခရိုင်တရားရုံးအမှုတွင် ခရစ်ယာန်ဓလေ့ထုံးတမ်းဟူသောဝေါဟာရကိုရှေ့နေတဦးကလျှောက်လဲခဲ့ခြင်းမှာ ပို၍အံ့ဩစရာဖြစ်ပါသည်။


ခရစ်ယာန်ဘာသာဝင်များထိမ်းမြားခြင်း၊ကွာရှင်းခြင်းနှင့်အမွေဆက်ခံရေးကိစ္စတို့နှင့်စပ်လျဉ်း၍ဥပဒေများပြဌာန်းထားပါသည်။ ( ပြည်ထောင်စုမြန်မာနိုင်ငံဥပဒေအတွဲ ၁၁ တွင်ထိုအက်ဥပဒေများကိုဖော်ပြထားပါသည်။ )


 ဗုဒ္ဓဘာသာလင်မယားကိစ္စများမှာအဓိကအားဖြင့်၊ဗုဒ္ဓဘာသာဓမ္မသတ်များနှင့်သက်ဆိုင်ပါသည်။ပြဌာန်းဥပဒေမဟုတ်ပါ။ဓလေ့ထုံးတမ်းဥပဒေဖြစ်ပါသည်။


 ခရစ်ယာန်လင်မယားနှင့်စပ်လျဉ်းပြီးဓလေ့ထုံးတမ်းဥပဒေမရှိပါ။ ပြဌာန်းဥပဒေများသာရှိပါသည်။


မြန်မာနိုင်ငံအဆင့်မြင့်ဆုံးတရားရုံးတွင်လိုက်ပါဆောင်ရွက်သောရှေ့နေတဦးသည် ဆိုင်ရာဥပဒေကိုတင်ပြနိုင်စွမ်းမရှိသည်ကိုထောက်ချင့်ပါက မြန်မာနိုင်ငံတရားစီရင်ရေးမှာရင်လေးဖွယ်ဖြစ်သည်။ 


မြန်မာနိုင်ငံတရားစီရင်ရေးသည်ဗဟိုတရားရုံးလက်ထက်မှစ၍အရှိန်မပျက်ရုံသာသာရှိခဲ့ကြောင်းယုတ်စွအဆုံးစီရင်ထုံးစာအုပ်များပါးသွားခြင်းကညွှန်ပြလျက်ရှိသည်ကိုမငြင်းနိုင်။ 


ရှေ့နေရှေ့ရပ်တို့သည်ထိုရေစီးကြောင်း၌မျောပါနေဆဲအခြေအနေတွင်ရှိနေသေးသည်ဟုမေးခွန်းထုတ်ခွင့်ရှိပါလျှင်ဖြစ်ကောင်းသည်မဟုတ်။


ဗုဒ္ဓဘာသာလင်မယားအိမ်ထောင်မှဖြစ်ထွန်းသောပစ္စည်းများမှာ၊လင်နှင့်မယားတို့ကိုယ်စီကိုယ်ငှအကျိုးခံစားပိုင်ခွင့်ရှိကြသည်ကိုမြန်မာဓလေ့ထုံးတမ်းဥပဒေ(ဗုဒ္ဓဘာသာဥပဒေ)ကိုသင်ယူခဲ့သောပညာရှင်များသိကြသည်။ 


ခရစ်ယာန်၊ဟိန္ဒူနှင့်မဟာမေဒင်ဘာသာဝင်များ၏မယားတွင်အလားတူပစ္စည်းခန်းဆိုင်ရာအခွင့်အရေးမရှိသည်ကိုကောင်းစွာသိကြပုံမပေါ်။


မြန်မာဓလေ့ထုံးတမ်းဥပဒေဓမ္မသတ်များကိုဥပဒေအာနိသင်ရရှိစေသော မြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာဥပဒေပုဒ်မ၁၃ ( ၁ )အရအမွေရှင်သည်ဗုဒ္ဓဘာသာ ( Buddhist )ဖြစ်လျှင်၎င်း၏အမွေကိုယင်းဥပဒေအရဆုံးဖြတ်ရန်ဖြစ်သည်ဟုပြဌာန်းထားရာတွင်၊အမွေရှင်ဗုဒ္ဓဘာသာဝင်သည်မြန်မာတရုပ်စသည်ဖြင့်ရည်ညွှန်းထားခြင်းမရှိခြင်းကိုထောက်ရှုပါက၊ဗုဒ္ဓဘာသာဖြစ်ပါကမြန်မာနိုင်ငံတွင်ထာဝရနေထိုင်ရန်မဟုတ်ဘဲစီးပွားရှာရန်မြန်မာနိုင်ငံသို့ရောက်လာသောဗုဒ္ဓဘာသာဝင်လူမျိုးခြားမှတပါး ၎င်း၏အမွေကိုမြန်မာဓလေ့ထုံးတမ်းဥပဒေအရဆုံးဖြတ်ရန်ဖြစ်ကြောင်းသဘာဝကျကျတွေးခေါ်နိုင်သည်။ 


သို့ဖြစ်၍လည်း၁၈၉၄ခုနှစ်တွင်ဆုံးဖြတ်သောအမှု၌ထိုအတိုင်းပင်ပြဆိုခဲ့ပါသည်။


 1892 - 96 , 2 UBR 630 စီရင်ထုံး၌အောက်ပါထုံးဖွဲ့ချက်ကိုဖော်ပြရန်ပျက်ကွက်သည်ကိုတွေ့ရသည် -


"  Prima facie , as a Buddhist , decased , who was a Hindu- Buddhist from Chittagong , would be able to contract a valid marriage with a Burmo- Buddhist , and would come under the Buddhist law of the country at large ; and the burden of proving any special custom or usage varying the ordinary Buddhist rules of inheritance would be on the person asserting the variance"


နောက်ပိုင်းစီရင်ထုံးများတွင်တရားသူကြီးများဉာဏ်ကွန့်ကာ၊ဗုဒ္ဓဘာသာဝင်တရုပ်၏အမွေခန်းသည်တရုပ်ဥပဒေ(ကွန်ဖြူးရှပ်)နှင့်သက်ဆိုင်သည်ဟုပြဆိုကြသည်။ 


၁၉၃၉ ခုနှစ်တွင်မှပရီဗီကောင်စီက 1939 RLR 548 ( P C ) အမှုတွင်ဗုဒ္ဓဘာသာတရုပ်၏အမွေကိစ္စကိုဗုဒ္ဓဘာသာတရားဥပဒေအရဆုံးဖြတ်ရန်ဖြစ်သည်ဟုဆုံးဖြတ်ရာ၌အမွေရှင်ကို a Chinaman who was domiciled in Myanmar ( Burma )ဟုရည်ညွှန်းထားရာဘီအယ်လ်သင်တန်း၌အမွေဆက်ခံရေးဥပဒေကိုသင်ကြားစဉ်က domicileထာဝရနေထိုင်ခြင်း အကြောင်းကိုသတိရမိသဖြင့်အမွေဆက်ခံရေးအက်ဥပဒေအပိုင်း ၂ ပါ domicile အကြောင်းဖတ်ရှုရာတွင်ထိမ်းမြားမှုနှင့်သက်ဆိုင်သောအပိုင်း၃ကိုဆက်ဖတ်ရာမှပုဒ်မ ၂၀ကိုပက်ပင်းတိုးမိသဖြင့်ခရစ်ယာန်ဘာသာဝင်မယား / လင်သည် ဗုဒ္ဓဘာသာလင် / မယားကဲ့သို့တဦးပိုင်ပစ္စည်းတွင်ကျန်ခင်ပွန်း / ဇနီးကအကျိုးခံစားပိုင်ခွင့်မရှိကြောင်း မှတ်သားမိသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ