သူ့ဆန်စားရဲမှဆိုရိုး

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


သူ့ဆန်စားရဲမှဆိုရိုးရှိသည့်အတိုင်းအမှုသည်များထံမှဉာဏ်ပူဇော်ခရယူကာအမှုလိုက်သောရှေ့နေရှေ့ရပ်တို့သည်လည်းကောင်း၊ပြည်သူကကျွေးလျက်ရှိသောတရားသူကြီးများနှင့်ဥပဒေဝန်ထမ်းတို့သည်လည်းကောင်းတာဝန်ကျေပွန်စွာထမ်းဆောင်လိုကြပါလျှင်၊ဥပဒေများကိုနှံ့နှံ့စပ်စပ်ဖတ်ရှုမှတ်သားဖို့လိုပါလိမ့်မည်။ 


အပတ်တကုတ်အားထုတ်လျှင်သုံးလအတွင်းပြဌာန်းဥပဒေအားလုံးကိုဖတ်ပြီးဖြစ်နိုင်သည်။ 


ဖတ်တိုင်းမမှတ်မိနိုင်သည်မှာသဘာဝတရပ်ဖြစ်၍မည်သည့်ဥပဒေတွင်မည်သည့်ပြဌာန်းချက်များရှိသည်ကိုအက္ခရာစဉ်အလိုက်စာရင်းပြုစုထားလျှင်လိုအပ်သည့်အခါထိုစာရင်းကိုပြန်ကြည့်ပါကမိမိသိလိုသောဥပဒေကိုအလွယ်တကူရှာဖွေနိုင်ပါလိမ့်မည်။ 


ထိုသို့ဆောင်ရွက်လျှင် partition နှင့် settlement တို့ကွဲပြားခြင်းကို တရားရုံးအဆင့်ဆင့်၌အကိုးအကားဖြင့်တင်ပြရန်ခက်မည်မဟုတ်၍မဟာအမှားကိုကျူးလွန်ရန်အကြောင်းရှိမည်မဟုတ်သည်ကိုဆင်ခြင်ကြပါကုန်။


သားသမီးမရသောမြန်မာဗုဒ္ဓဘာသာလင်သေဆုံးသွားသောအခါဇနီးနှင့်လင်အားမွေးစားသောယောက္ခမတို့ခရိုင်တရားမရုံး၌အမွေမှုဖြစ်ကြရာအရေးနိမ့်သူမယားက တရားလွှတ်တော်တွင်တင်သွင်းသောအယူခံ ( တရားမပထမအယူခံ ) 1940 RLR 831 တွင် မယားအတွက်ဦးဧမောင် ( နောက်ပိုင်း၌ တရားလွှတ်တော်ချုပ်တရားဝန်ကြီးဒေါက်တာဦးဧမောင် ) ကဆောင်ရွက်ပြီး ၊ အယူခံတရားပြိုင်ယောက္ခမဘက်မှဒေါက်တာဘဟန် ( နောက်ပိုင်းတွင် နိုင်ငံတော်ရှေ့နေချုပ်ဖြစ်ခဲ့သည် )ကဆောင်ရွက်သည်။


အယူခံမှုကိုသုံးရက်တိုင်တိုင်ကြားနာခဲ့သည်ဟုစီရင်ထုံးစာမျက်နှာ၈၃၁တွင်ဖော်ပြထားသည်။ 


ယခုအခါအယူခံမှုတမှုကိုတရက်လုံးကြားနာခြင်းပင်မရှိတော့။ 


အမှုများကိုကြားနာရာ၌နာရီပိုင်းအတွင်း၌ရုံးထိုင်တရားသူကြီးကသမ်းပြခြင်း၊အိပ်ငိုက်ပြခြင်း၊အိပ်ပြခြင်းများရှိကြောင်းကြားသိရသည်။မှန် မမှန်ကာယကံရှင်တရားသူကြီးများအသိဆုံးဖြစ်ပေလိမ့်မည်။ 


တရားသူကြီးတဦးရုံးမထိုင်မီ၎င်း၏ညွှန်ကြားချက်အရရှေ့ဖတ်စာရေးကရုံးထိုင်တရားသူကြီးအစည်းအဝေးတက်ရန်ရှိပါသဖြင့်တိုတိုတုတ်တုတ်လျှောက်လဲကြရန်ကြိုတင်အသိပေးသည်ဆို၏။ 


အမှန်မှာအစည်းအဝေးတက်ရန်မရှိဟုထိုရှေ့ဖတ်စာရေးကပင်နောက်ပိုင်း၌တီးတိုးဖောက်သည်ချသဖြင့်အဖြစ်မှန်ပေါ်ထွက်သွားသည်ဟူ၏။ဖြစ်ကောင်းပါသလား။ 


အိပ်ပျော်နေသဖြင့်လျှောက်လဲချက်ပေးခြင်းပြီးဆုံးသွားသည်ကိုမသိ၍တရားသူကြီးတဦးမှာရုပ်ပျက်ဆင်းပျက်တရားခွင်မှဆင်းသွားရသည်ဆို၏။


ရုံးထိုင်တရားသူကြီးများသည်1940RLR831အပါအဝင်စီရင်ထုံးများ၌အယူခံမှုတမှုကိုပင်ရက်ချီ၍ကြားနာခဲ့ရသည့်ထုံးသာဓကများကိုဖတ်ရဖူးခဲ့ပါလျှင်သမ်းပြခြင်း၊ အိပ်ငိုက်ပြခြင်း၊အိပ်ပြခြင်းမျိုးကိုပြုလုပ်ကြမည်မဟုတ်ပါ။ 


မဖြစ်သင့်သောကိစ္စများဖြစ်ပါသည်။ 


အိပ်ငိုက်တတ်လျှင်တားဆီးရန်အစီအမံများကိုကြိုတင်ဆောင်ရွက်ထားသင့်သည်။ 


ရုံးထိုင်တရားသူကြီးသည်မိမိကြားနာလျက်ရှိသောအမှုများတွင်အမှုဆိုင်လျက်ရှိကြသည့်နှစ်ဖက်သောအမှုသည်များ၏ကံကြမ္မာမှာမိမိအဆုံးအဖြတ်အပေါ်တည်နေပါတကားဟုသတိချွန်းဖြင့်နှလုံးသွင်းလျှင်ငိုက်မျဉ်းခြင်းကိုထိရောက်စွာဟန့်တားနိုင်ပါလိမ့်မည်။


ကြားနာလျက်ရှိသောအမှုများကို၊"သမ္မာသမာဓိ" "Right Concentration"ဖြင့်ကြားနာပါက၊နိဗ္ဗာန်ရောက်ကြောင်းတရားဖြစ်သောမဂ္ဂင်ရှစ်ပါးတွင်ပါသည့်သမ္မာသမာဓိကို တနည်းအားဖြင့်တည်ဆောက်နိုင်မည်ဖြစ်ရာတရားစခန်းသို့တကူးတကသွားရောက် တရားအားထုတ်ရန်မလိုတော့ခြင်းကိုဆင်ခြင်ရာ၏။ 


ရှေ့နေများသည်အကြောင်းမဲ့လေရှည်ကြသည်မဟုတ်။ 


"They are paid to talk."ဟုပြောစမှတ်ပြုခြင်းကိုသတိချပ်သင့်ပါသည်။ 


အမှုသည်များပေးသောဉာဏ်ပူဇော်ခအတွက်တာဝန်ကျေပွန်အောင်လျှောက်လဲနေသည်ဟုသိမြင်ရာသည်။ 


တရားသူကြီး၏အတ္တကိုလူမြင်သူမြင်ထုတ်ပြရန်မသင့်။ 


"They are paid to listen."ဟုဆိုခြင်းမှာရင့်သီးသောစကားအသုံးအနှုန်းဖြစ်သည့်သဘောရှိသော်လည်းလျစ်လျူရှုရန်သင့်မသင့်အလေးအနက်ဆင်ခြင်အပ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ