လင်ခန်းမယားခန်းပြတ်စဲသည်ဟုမှတ်ယူခွင့်ရရန်လိုအပ်သည့်အချက်(၃)ချက်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မြန်မာဓလေ့ထုံးတမ်းဥပဒေအရလင်သို့မဟုတ်မယားကလင်ခန်းမယားခန်းပြတ်စဲသည်ဟုမှတ်ယူခွင့်ရရန်လိုအပ်သည့်အချက်( ၃ )ချက်ကိုမောင်စန်းမြင့်ပါအများနှင့်မသိန်းနွဲ့၊အေအိုင်အာ၁၉၃၃ရန်ကုန်၃၇၄ အမှုတွင်ပြဆိုထားရာရှေ့နေအများစုသည်ထိုစီရင်ထုံးကိုလက်လှမ်းမမှီနိုင်တော့။
ထိုစဉ်ကအတည်ဖြစ်သောမညွန့်အမှုအပေါ်အခြေခံဖော်ပြခြင်းဖြစ်ရာဒေါ်ခင်ပု နှင့် ဒေါက်တာသာမြစီရင်ထုံးများအရ အချက်တချက်ဖြည့်ရန်လိုသည်။
မစောခင်ပါအများနှင့်မောင်ထွန်းအောင်ကျော် ၊ ရန်ကုန်အတွဲ၆စာ၇၉ပီစီ အမှုတွင် ပရီဗီကောင်စီက၊မညွန့် နှင့် သိန်းဖေစီရင်ထုံးများပါထုံးဖွဲ့ချက်နှစ်ရပ်ကိုစီရင်ထုံးစာမျက်နှာ-၇၅တွင်ဖော်ပြရာ၌သိန်းဖေစီရင်ထုံး၏ဆိုလိုရင်းကို-
" there must be some further act of volition showing an intention to determine the marriage relation , such as remarriage or a suit for divorce . "
(အိမ်ထောင်ထပ်မံပြုခြင်းသို့မဟုတ် ကွာရှင်းပေးစေလိုမှုစွဲဆိုခြင်း ကဲ့သို့သော လင်မယားဆက်ဆံရေးကိုရပ်စဲလိုသောရည်ရွယ်ချက်အားပြသည့်ဆန္ဒကိုဖြစ်စေသောနောက်ထပ်ပြုလုပ်မှုတခုခုရှိရမည်လား၊ရှိဖို့မလိုဘူးလား)ဟုအကျဉ်းချုံးဖော်ပြသည်ကိုတွေ့ရသည်။
သိန်းဖေအမှု၌
" does not ipso facto , and without any further and expressed act of volition on the part of either party to the marriage , dissolved the marriage tie . "
ဟုသာလျှင်ပြဆိုပြီးကွာလိုသည့်ဆန္ဒကိုထုတ်ဖော်သောနောက်ထပ်လုပ်ရပ်သည်စွန့်ပစ်ခံရသူကနောက်အိမ်ထောင်ထပ်မံပြုခြင်းသို့မဟုတ်ကွာရှင်းပေးစေလိုမှုစွဲဆိုခြင်း စသည်ဖြင့်ဥပမာပေးထားခြင်းမရှိသည်ကိုတွေ့ရသည်။
မစောခင်အမှုစီရင်ထုံးစာမျက်နှာ၈၄နှင့်၈၅တွင်မနုကျယ်ဓမ္မသတ်လာ-
မယားလင်အခြားနေပိုင်ကြစေဟူသောစကားရပ်ကို " let each have the right to take another wife and ( or ? ) husband . " ဟူ၍လည်းကောင်း၊
နှစ်ဦးမယားလင်နေပိုင်ကြစေဟူသောစကားရပ်ကို " let each have the right of taking another husband or wife . " ဟူ၍လည်းကောင်း၊
ကွာပိုင်နေပိုင်စေဟူသောစကားရပ်ကို " let them have the right to separate and marry again . " ဟူ၍လည်းကောင်း ဘာသာပြန်ထားသည်ကိုတွေ့ရသည်။
အမှန်မှာ ကွာ ဟူသောစကားလုံးသည် separate မဟုတ်ဘဲ divorce ဟုအဓိပ္ပာယ်ရသည်။
ဒေါ်ခင်ပုအမှုတွင်တရားလွှတ်တော်စုံညီခုံရုံး၏ထုံးဖွဲ့ချက်ပါ " the right to treat the marriage as dissolved is given to the aggrieved person . " ( စွန့်ပစ်ခံရသူအား စီရင်ထုံး၌ " the aggrieved person " ဟုရည်ညွှန်းထားသည် ) လင်ခန်းမယားခန်းကိုတရားဝင်ဖျက်သိမ်း ( မြန်မာစာအဖွဲ့ဦးစီးဌာန၏ အင်္ဂလိပ် - မြန်မာအဘိဓာန် စာမျက်နှာ - ၃၉၃တွင် dissolve ကို တရားဝင်ဖျက်သိမ်းသည် ဟုဘာသာပြန်၍ " dissolve a marriage " ဟုဥပမာပေးထားသည် ) သည့်အနေဖြင့်မှတ်ယူခွင့်ရရှိစေသည် ဟူသောထုံးဖွဲ့ချက်အရ မနုကျယ်ဓမ္မသတ်လာ ကွာပိုင် ဟူသောစကားရပ်သည် လင်ခန်းမယားခန်းပြတ်စဲကြောင်းမှတ်ယူခွင့် ဟုအဓိပ္ပါယ်ရသည်။
စွန့်ပစ်ခံရသူကလင်မယားကွာရှင်းပေးစေရန်တရားစွဲဆိုခွင့်ရရှိသည်ဟုမဆို။
သို့ဖြစ်ရာမစောခင်အမှု၌ပရီဗီကောင်စီ၏သုံးသပ်ချက်သည်စွန့်ပစ်ခြင်းကိုအကြောင်းပြုပြီးစွန့်ပစ်ခံရသူကလင်မယားကွာရှင်းပေးစေရန်တရားစွဲဆိုခွင့်ရရှိစေကြောင်း ပြဆိုသည့်ထုံးသာဓကအဖြစ်မှတ်ယူခြင်းမပြုနိုင်။
မညွန့်စီရင်ထုံးကိုဒေါ်ခင်ပုအမှုတွင်ပယ်ဖျက်သည့်အချိန်အထိစွန့်ပစ်ခြင်းကိုအကြောင်းပြုပြီးတရားရုံးကလင်မယားကွာရှင်းပေးသည့်ထုံးသာဓကမပေါ်ပေါက်ခဲ့။
Comments
Post a Comment