3 LBR 27 - ဝသာ နှင့် ဖေကျော်အမှု
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
၁၉၀၅ခုနှစ်တွင်ဆုံးဖြတ်သောဝသာနှင့်ဖေကျော်3LBR27အမှုတွင် အောက်ပါအတိုင်ထုံးဖွဲ့သည်။
" ၁၈၇၇ ခုနှစ် သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ ၉ အရဆိုလျှင် တရားဥပဒေနှင့်မညီမဟုတ်ဘဲ မရွှေ့မပြောင်းနိုင်သောပစ္စည်းမှာ မိမိသဘောတူချက်မရဘဲဖယ်ရှားခြင်းခံရသောသူသည် ဖယ်ရှားခြင်းခံရသည့်နေ့မှခြောက်လအတွင်း လက်ရောက်ရလိုကြောင်းတရားစွဲဆိုနိုင်သည်။ သို့ရာတွင် ပစ္စည်းကိုပိုင်ဆိုင်ကြောင်းအခိုင်အမာမပြနိုင်သော်လည်း ပိုင်ဆိုင်ခွင့်အလျဉ်းမရှိသောကျူးကျော်သူက ထိုသူအားဖယ်ရှားလျှင် ခြောက်လကာလစည်းကမ်းသတ်နှင့်မဆိုင်၊ တရားလိုကတရားပြိုင်ဖယ်ရှားသည့်နေ့တွင် တရားပြိုင်ထက်သာလွန်သောပိုင်ဆိုင်ခွင့်ကိုပြနိုင်လျှင် ကာလစည်းကမ်းသတ်အက်ဥပဒေအမှတ်စဉ် ၁၄၂ အရ လိုအပ်သည့်အတိုင်း တဆယ့်နှစ်နှစ်အတွင်း တရားစွဲဆိုခြင်းဖြစ်ပါက ဒီကရီရထိုက်ခွင့်ရှိသည်။ "
ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၁၄၂တွင် " မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းသည် တရားလိုလက်တွင်ရှိနေသည့်အတွင်း လက်လွတ်ဖြစ်သွားသည့်အခါ xxxxxxx ထိုပစ္စည်းကိုလက်ရောက်ရလိုမှုကို လက်လွတ်ဖြသ်သည့်နေ့ရက်ကစ၍ တဆယ့်နှစ်နှစ်အတွင်းတရားစွဲဆိုရန် ကာလစည်းကမ်းသတ်ကာလကို သတ်မှတ်ထားပါသည်။
ထိုစည်းကမ်းသတ်ကာလသတ်မှတ်ချက်နှင့်အထက်ပါ3LBR27စီရင်ထုံးနှင့်ဆက်စပ်ဖတ်ရှုပါက တဆယ့်နှစ်နှစ်အတွင်းဆိုသည်မှာ ဒေါ်ကျင်နုအမှုတွင်မြန်မာဘာသာပြန်ဆိုသည့်အတိုင်း ၁၂ နှစ်အတွင်းလက်ရှိဖြစ်ခဲ့ကြောင်းမဟုတ်ဘဲ ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယားအမှတ်စဉ် ၁၄၂ ပါ " ပစ္စည်းလက်လွတ်သည့်နေ့ကစ၍ ၁၂ နှစ်အတွင်း " ဟူသောပြဌာန်းချက်နှင့်ဆန့်ကျင်သောဘာသာပြန်ချက်ဖြစ်သည်မှာ ယုံမှားဖွယ်မရှိပါ။
ထို့ပြင်ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၃၌ သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ ၉ အရ မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုလက်ရောက်ရလိုမှုအား ပစ္စည်းလက်လွတ်သည့်အခါကစ၍ ခြောက်လအတွင်းတရားစွဲဆိုရမည်ဟူသောပြဌာန်းချက်များနှင့်လည်းကောင်း၊ အမှတ်စဉ် ၁၄၄ ၌ မရွှေ့မပြောင်းနိုင်သောပစ္စည်းလက်ရောက်ရလိုမှုအား တရားပြိုင်၏လက်ရှိဖြစ်ခြင်းသည် တရားလိုနှင့်ဆန့်ကျင်သည့်အခါကစ၍ တဆယ့်နှစ်နှစ်အတွင်းတရားစွဲဆိုရန်ပြဌာန်းချက်များနှင့်လည်းကောင်းဆန့်ကျင်ကာ ဒေါ်ကျင်နုအမှုတွင်မြန်မာဘာသာပြန်ချက်သည် မှားယွင်းကြောင်းလည်းမြင်သာပါသည်။
လက်လွတ်လိုက်ရသည့်မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကိုလက်ရောက်ရလိုကြောင်းစွဲဆိုသောအမှု၌ တရားမကျင့်ထုံးဥပဒေ အမိန့် ၇ နည်း ၁ ( င )အရ အဆိုပြုရန်လိုသောကြောင်းခြင်းရာတို့မှာ အောက်ပါအတိုင်းဖြစ်သည် -
( ၁ ) တရားလိုသည်အချင်းဖြစ်ပစ္စည်းလက်ရှိဖြစ်ကြောင်း
( ၂ ) တရားပြိုင်သည်တရားလိုအား ထိုပစ္စည်းကိုလက်လွတ်ဖြစ်စေကြောင်း
( ၃ ) တရားပြိုင်သည်အချင်းဖြစ်ပစ္စည်းတွင် အခွင့်အရေးတစုံတရာမရှိကြောင်း
( ၄ )အထက်ပါအကြောင်းခြင်းရာများအရဖြစ်မြောက်စေသည့် တရားစွဲဆိုရန်အကြောင်းမှာ တရားစွဲဆိုသောတရားရုံး၏စီရင်ပိုင်ခွင့်ဒေသအတွင်း ...........နေ့တွင်ပေါ်ပေါက်ကြောင်း။
အဆိုလွှာတွင် တရားမကျင့်ထုံးဥပဒေ အမိန့် ၆ နည်း ၂ တွင်ပိတ်ပင်ထားသောအကြောင်းခြင်းရာများမပါစေရ။
အထက်ပါအမှတ် ( ၁ ) မှ ( ၃ )ပါ အကြောင်းခြင်းရာတို့သည် တရားမကျင့်ထုံးဥပဒေ အမိန့် ၁၄ နည်း ၁ ( ၂ ) တွင်ရည်ညွှန်းထားသော တရားလိုအနေဖြင့်တရားစွဲဆိုခွင့်ရှိကြောင်းပြသည့်အကြောင်းခြင်းရာများဖြစ်သည်။
Comments
Post a Comment