ပိုင်ရှင်အစစ်အခန်းကဏ္ဍ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ပိုင်ရှင်အစစ်အခန်းကဏ္ဍ
လက်ရှိထားပိုင်ခွင့်အရပစ္စည်းလက်ရောက်ရလိုကြောင်းစွဲဆိုသည့်အမှု၌ အချင်းဖြစ်ပစ္စည်းမှာအခြားသူ ( ဥပမာ နိုင်ငံတော် )ပိုင်ပစ္စည်းဖြစ်ခဲ့လျှင် ထိုဆိုင်ရေးဆိုင်ခွင့်မရှိသောတရားလိုက လက်ရောက်ရလိုကြောင်းတရားစွဲဆိုခွင့်ရှိ မရှိပြဿနာအပေါ် အင်္ဂလန်နိုင်ငံတွင်သဘောထားအမြင်များကွဲပြားခဲ့သည့်သမိုင်းကြောင်းကို AIR 1968 SC 1165 စီရင်ထုံး၌စိစစ်ပြီး ( 1907 ) A . C . 73 ( Appeal Court ) စီရင်ထုံးသည် အထက်၌ဖော်ပြခဲ့သောအခြေခံဥပဒေသဘောတရား ( principle )မှ သွေဖီခြင်းမရှိဟု အောက်ပါအတိုင်းရှင်းရှင်းလင်းလင်းထုံးဖွဲ့ကာ မူသဘောတရားကိုပြန်လည်အတည်ပြုခဲ့ကြောင်း ( reaffirmed )တွေ့ရသည်ဟု အိန္ဒိယနိုင်ငံတရားလွှတ်တော်ချုပ်က စီရင်ထုံးတွင်ပြဆိုသည်။
" It cannot be disputed that a person in possession of land in the assumed character of owner and exercising peaceably the ordinary rights of ownership has a perfectly good title against all the world but the rightful owner . And if the rightful owner does not come forward and assert his title by the process of law within the period prescribed by the provisions of the Statute of Limitation applicable to the case , his right is forever extinguished , and the possessory owner acquires an absolute title."
( မှတ်ချက်။ ။ အိန္ဒိယနိုင်ငံတရားလွှတ်တော်၏စီရင်ထုံးကို အင်တာနက်မှဦးလှစိုးက ကူးယူပေးနိုင်သည့်အတွက် ကျေးဇူးတင်ကြောင်းမှတ်တမ်းတင်သည်။ မြန်မာနိုင်ငံတွင်အတည်ဖြစ်လျက်ရှိသော ကာလစည်းကမ်းသတ်ဆိုင်ရာဥပဒေမှာ The Limitation Act ဖြစ်သည်။ အင်္ဂလန်နိုင်ငံဥပဒေမှာ The Statute of Limitation ဖြစ်ကြောင်း အထက်ပါစီရင်ထုံးအရသိနိုင်သည်။ ထိုဥပဒေကိုစာရေးသူမဖတ်ဖူးပါ။ သို့သော်မြနိမာနိုင်ငံ၌အတည်ဖြစ်လျက်ရှိသော ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ ၂၈ ပါပြဌာန်းချက်များမှာ အင်္ဂလန်နိုင်ငံရှိ The Statute of Limitation လာပြဌာန်းချက်များနှင့်တူပုံပေါ်ကြောင်း အထက်ပါထုံးဖွဲ့ချက်ကညွှန်ပြသည်။ အမှန်ဆိုသော်မြန်မာနိုင်ငံဥပဒေသည် အင်္ဂလန်နိုင်ငံကာလစည်းကမ်းသတ်ဥပဒေတွင် မြစ်ဖျားခံသည်မှာယုံမှားဖွယ်မရှိ။
အထက်ပါထုံးဖွဲ့ချက် ( ပထမဝါကျရှိစာလုံးအမဲဖြင့်ဖော်ပြချက်)သည် အိန္ဒိယနိုင်ငံတရားလွှတ်တော်ချုပ်၏ထုံးဖွဲ့ချက်ဖြစ်လာသည်။ ထုံးဖွဲ့ချက်၏ဒုတိယဝါကျ ပထမအပိုင်းသည် ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ ၂၈ ပါပြဌာန်းချက်ကို အခြားတနည်းဖော်ပြခြင်းဖြစ်သည်။
လက်ရှိထားခြင်းဖြင့်ပိုင်သူသည်အကြွင်းမဲ့ပိုင်ဆိုင်ခွင့်ရရှိသည် ( possessory owner acquires an absolute title ) ဟူသောဥပဒေကို ကာလစည်းကမ်းသတ်အက်ဥပဒေတွင် အတိအလင်းပြဌာန်းခြင်းမပြု။ သို့သော်ပိုင်ဆိုင်ခွင့်ကုန်ဆုံးပြတ်စဲသွားသဖြင့် လက်ရှိထားသူကအကြွင်းမဲ့ပိုင်ရှင်ဖြစ်သွားသည်။
ပုဒ်မ၂၈တွင်ထိုသို့အတိအလင်းပြဌာန်းထားခြင်းမရှိသည်မှာမလို၍ဖြစ်သည်။ သတ်မှတ်ထားသောကာလကြာ တရားလိုလက်ရှိထားမှုသည်ပိုင်ရှင်ဖြစ်သွားသည်ဟု ပုဒ်မ ၂၈ ကမပြောမဆိုရုံတမယ်သာရှိသည်။ ပိုင်ရှင်၏ပစ္စည်းပိုင်ဆိုင်ခွင့်ပျက်သုဉ်းသွားလျှင် လက်ရှိထားသူသည်ပစ္စည်းပိုင်ရှင်ဖြစ်သွားသည်ဟု သဘာဝကျကျဆင်ခြင်ယူ၍ရနိုင်သည်။
Comments
Post a Comment