အပေးအယူမရှိသောသဘောတူညီချက်အရတရားစွဲဆိုသောအမှု(၁ )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

အပေးအယူမရှိသောသဘောတူညီချက်အရတရားစွဲဆိုသောအမှု(၁)

မျက်မှောက်ခေတ်​ရှေ့နေရှေ့ရပ်တို့သည်ပဋိညာဉ်အက်ဥပဒေနှင့်စိမ်းကြောင်းစီရင်ထုံးများကညွှန်ပြသည်။စီရင်ထုံးများကိုဂဃနဏလေ့လာမှုလည်းအားနည်းကြသည်။

အပေးအယူမရှိသောသဘောတူညီမှုသည်ပဋိညာဉ်မမြောက်ဟုပုဒ်မ၂၅တွင်အတိအလင်းပြဌာန်းထားသော်လည်းသတိမူရန်ပျက်ကွက်တတ်ကြသည်။

အမှန်စင်စစ်ပဋိညာဉ်အက်ဥပဒေပါ consideration ဟူသောစကားရပ်၏အဓိပ္ပာယ်မှန်ကိုကောင်းစွာသဘောမပေါက်ကြ။

ငွေပေးလျော်ရန်ကတိသက်သက်သည်အပေးအယူမရှိသောနှစ်လမ်းသွားမဟုတ်သောတဖက်သတ်ကတိသည် consideration မဟုတ်ကြောင်းအလေးအနက်ဆင်ခြင်ကြရန်ပျက်ကွက်တတ်သည်။

1 LBR 190 အမှုတွင်ရည်ညွှန်းထားသော naked promise ( အသားလွတ်ပြုသောကတိ )သည်တဖက်သတ်ကတိဖြစ်၍ပဋိညာဉ်မမြောက်ဟုပြဆိုထားသော်လည်းသဘောမပေါက်သဖြင့်အမှုဖြစ်ရပ်နှင့်စပ်ဟပ်ဆင်ခြင်ရာ၌အဖြေမှန်မထွက်သည်ကိုတွေ့ရသည်။

အလက်ဇန္ဒားဂရန်နှင့်ဂျီအပ္ပနား ၉ဘီအယ်အာ၂၂၁အမှုတွင်

 " ငွေပေးဆပ်ရန်ဝန်ခံသည့်ကိစ္စနှင့်ပတ်သက်၍ကတိပြုသူ၏ကတိအတွက်အဖိုးစားနားဖြစ်သည့်ကတိရသူဘက်မှပြုသောပြုလုပ်မှုသို့မဟုတ်လွဲရှောင်မှုရှိရမည်။ကတိသည်ဥပဒေအမြင်တွင်တန်ဖိုးတစုံတရာရှိရမည်။မပူပါနဲ့ဟုတာဝန်ယူခြင်းတဦးတယောက်အားစိတ်အနှောင့်အယှက်မပေးရန်တာဝန်ယူခြင်းမျိုးသည်လုံလောက်သောအဖိုးစားနားမဟုတ်ကြောင်းအတိအလင်းပြုသောကတိ၏အခြေခံလည်းမဟုတ်ကြောင်းဥပဒေအမြင်တွင်တန်ဖိုးရှိသောအဖိုးစားနားမရှိကြောင်းသို့ဖြစ်၍ပေးဆပ်ရန်ပဋိညာဉ်မရှိ၍တရားပြိုင်သည်ပေးဆပ်ရန်တာဝန်မရှိကြောင်းညွှန်ပြထားသည်။

ကန်ကန်နီပါ၃နှင့်မောင်ဖိုးဝင်း ၁အယ်ဘီအာ၁၉၀အမှုတွင်

 " ပေးဆပ်ရန်တာဝန်ရှိပြီးဖြစ်သောကြွေးမြီကိုပေးဆပ်ရန်ကတိပြုရုံသက်သက်သည်အဖိုးစားနားမရှိဘဲပြုသောကတိဖြစ်၍ထိုပဋိညာဉ်အားဖောက်ဖျက်ခြင်းသည်တရားစွဲဆိုရန်အကြောင်း၏အခြေခံဖြစ်မည်မဟုတ်ကြောင်းထုံးဖွဲ့ထားသည်။

ကတိပြုရုံသက်သက် ( naked promise )သည်ငွေပေးဆပ်ရန်တာဝန်မရှိစေပါ။

ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၅အရဆိုင်ရာကတိအတွက်အဖိုးစားနားအပေးအယူရှိမှသာပဋိညာဉ်မြောက်ပါသည်။ပဋိညာဉ်မြောက်ပါမှထိုပဋိညာဉ်အပေါ်အခြေပြုကာတရားစွဲဆိုနိုင်ပါသည်။

အပေးအယူအဖိုးစားနားမရှိသောပဋိညာဉ်သည်ပုဒ်မ၂၅အရပျက်ပြယ်ပါသည်။

ပဋိညာဉ်အက်ဥပဒေပုဒ်မ၂ ( ဆ )တွင်ဥပဒေအရဆောင်ရွက်စေခြင်းမပြုနိုင်သောသဘောတူညီချက်သည်ပျက်ပြယ်သည်မည်၏။( An agreement not enforceable by law is said to be void )ဟုအဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။

သို့ဖြစ်ရာအပေးအယူအဖိုးစားနားမရှိသောကတိကဝတ်အတိုင်းတရားဥပဒေအရဆောင်ရွက်စေခွင့်မရှိပါ။

ကတိကဝတ်သည် သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၁၂ပါပဋိညာဉ်(contract)၌အကျုံးဝင်သည့်ကတိမျိုးမဟုတ်လျှင်တရားလိုသည်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၁၂အရတရားစွဲဆိုပိုင်ခွင့်ရှိသူများမဖြစ်နိုင်ပါ။

မည်သူကပဋိညာဉ်အတိုင်းဆောင်ရွက်စေနိုင်သည်ဟု သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၂၃ ( က )တွင်လည်းကောင်း၊#မည်သူ့အပေါ်ပဋိညာဉ်အတိုင်းဆောင်ရွက်စေနိုင်သည်ဟု ပုဒ်မ၂၇(က)တွင်လည်းကောင်းပြဌာန်းထားသည်။ထိုသူတို့သည်ပဋိညာဉ်ကိုချုပ်ဆိုရာ၌ပါဝင်သူများဖြစ်ကြသည်။ပဋိညာဉ်ဖွဲ့သည့်တဖက်ကကျန်တဖက်အပေါ်ပဋိညာဉ်အတိုင်းဆောင်ရွက်ပေးစေရန်အပြန်အလှန်တရားစွဲဆိုခွင့်ရှိသည်။

ပုဒ်မ၂၃(က) နှင့် ပုဒ်မ၂၇(က)တို့သည်ပဋိညာဉ်၏သဘောသဘာဝအပေါ်အခြေခံသောပြဌာန်းချက်များဖြစ်သည်။ပဋိညာဉ်တရပ်သည်ပဋိညာဉ်ပြုသူအသီးသီးအပေါ်တာဝန်များ(obligations)တင်ရှိစေသည်။

ထိုတာဝန်များကို(considerations)ဟုတနည်းပြဌာန်းသည်။

သဘောတူညီချက်သည်ပဋိညာဉ်မမြောက်ခြင်းကြောင့် ကိုးယိုကားယားနိုင်သောအခြေအနေများပေါ်ပေါက်လျက်ရှိခြင်းဖြစ်သည်။ပြဿနာတရပ်ကိုရှုထောင့်စုံမှဆင်ခြင်ဆုံးဖြတ်မှသာအဖြေမှန်ထွက်ပေါ်နိုင်မည်ဖြစ်သည်။





Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]