တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်ဘဲတရားစွဲဆိုသည့်အမှု ( ၂ )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်ဘဲတရားစွဲဆိုသည့်အမှု ( ၂ )
1992 BLR 94 အမှုကိုသာဓကအဖြစ်စတင်ဆွေးနွေးပါမည်။
စီရင်ထုံးစာမျက်နှာ၉၅၌ ဖော်ပြထားသောအကြောင်းအရာတို့သည်အဆိုလွှာပါအဆိုပြုချက်များဖြစ်သည်။
တောင်းဆိုသောငွေမှာ(၁)တရားပြိုင်ကတရားလိုအားပေးရန်သဘောတူသောငွေဖြစ်သော်လည်းထိုငွေပေးရန်ချုပ်ဆိုသောကတိစာချုပ်ကိုကာယကံရှင်နှစ်ဦးကိုယ်တိုင်လက်မှတ်ရေးထိုးခြင်းမပြု။
တရားလိုမမီလုံးဘက်မှဦးအောင်ကိုကလည်းကောင်း၊(၁)တရားပြိုင်မောင်ထွန်းမြင့်ဘက်မှ(၂)တရားပြိုင်ဦးတင်ဝင်းကလည်းကောင်းကာယကံရှင်တို့ကိုယ်စားလက်မှတ်ရေးထိုးသည်။
ဦးတင်ဝင်းသည်အချင်းဖြစ်ငွေကိုကိုယ်တိုင်(personally)ပေးရန်တာဝန်မရှိ(ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၃၀ကိုဖတ်ပါ)ဘဲလျက်၎င်းအားတာဝန်ရှိသည်ဆိုကာ(၁)တရားပြိုင်မောင်ထွန်းမြင့်နှင့်ပူးတွဲတရားစွဲဆိုခြင်း၊တရားရုံးချုပ်ကအယူခံတွင်ဦးတင်ဝင်းအပေါ်တရားပြိုင်မောင်ထွန်းမြင့်နှင့်ပူးတွဲ၍ငွေဒီကရီချမှတ်ခြင်းတို့အပေါ်စာဖတ်သူဥပဒေပညာရှင်မည်သို့ခံစားမိပါသလဲ။
စီရင်ထုံးစာမျက်နှာ၉၅ဒုတိယစာပိုဒ်၌ဖော်ပြထားချက်တို့မှာအဆိုလွှာပါအမှုဖြစ်စဉ်အကျဉ်းဖြစ်ပုံပေါ်သည်။
တောင်းဆိုသောငွေကိုမည်သည့်ဥပဒေအရတရားပြ်ုင်များကပေးရန်တာဝန်ရှိကြောင်းအဆိုလွှာရေးသူမဆင်ခြင်ကြောင်းသဘောပေါက်သည်အထိအကြိမ်ကြိမ်ဖတ်ကြည့်ပါ။
စီရင်ထုံးစာမျက်နှာ၉၅ပထမစာပိုဒ်ပါ ကတိအတိုင်းနစ်နာမှုအတွက် လျော်ကြေးငွေကျပ်၃၇၅၀ ရလိုမှုဆိုသောစကားရပ်လာ "အတိုင်း "ဟူသောစကားရပ်ကိုမြန်မာစာအဖွဲ့ကပြုစုသောမြန်မာအဘိဓာန်အကျဉ်းချုပ်အတွဲ၅၊စာ၅၉ပါအဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်အညီ "အရ " "အလျောက်""အလိုက်" ( ဟူသော )အနက်ဖြင့် ပုဒ်(ဝါကျ)အချင်းချင်းကိုဆက်ပေးသောစာလုံးအဖြစ်သုံးနှုန်းရိုးမှန်ပါလျှင် ကတိနှင့်နစ်နာမှုဟူသောပုဒ်နှစ်ခုကို အတိုင်းဟူသောစကားရပ်ကဆက်ပေးသည့်အနေဖြင့်သုံးခြင်းဖြစ်ပါလိမ့်မည်။
အဓိပ္ပာယ်ရှိပါသလား။
နစ်နာမှုအတွက်လျော်ကြေးပေးရန်ကတိပြုသည့်ငွေကျပ်၃၇၅၀ဟုဆိုလိုဟန်တူပါသည်။
မြန်မာသဒ္ဒါနှင့်ညီသောအရေးအသားမဟုတ်။
စီရင်ထုံးဒုတိယစာပိုဒ်ပါယင်းကတိ "အရ"(အတိုင်း)ငွေမပေးပျက်ကွက်ခြင်းကြောင့်ဟူသောအရေးအသားသည်သဒ္ဒါနည်းကျသည်။
ငွေသက်သက်ရလိုမှုစွဲဆိုခြင်းလား။၃၇၅၀ကျပ်ကိုနစ်နာကြေးအဖြစ်တောင်းခြင်းလား။
ရှင်းရှင်းလင်းလင်းမသိရချေ။
စာဖတ်သူဆင်ခြင်နိုင်ရန်ဖော်ပြခြင်းဖြစ်သည်။
တရားလိုသည်အဆိုပါငွေ၃၇၅၀ကျပ်ကိုမည်သည့်ဥပဒေပြဌာန်းချက်များအရရထိုက်သည်ကိုစာဖတ်သူဥပဒေပညာရှင်ဆင်ခြင်ကြည့်ပါ။
အဖြေထွက်ပါသလား။
အဖြေမသိလျှင်တရားလိုအတွက်အဆိုလွှာကိုမှန်မှန်ကန်ကန်ရေးနိုင်မည်ဟုမျှော်လင့်နိုင်သည်မဟုတ်။
ငွေသက်သက်တောင်းခြင်းလား၊လျော်ကြေးအဖြစ်တောင်းခြင်းလား။
တရားလိုမမီလုံး၏အဆိုလွှာပါသက်သေခံ(က)ကတိစာချုပ်ကိုဂဃဏနဖတ်ကြည့်မှသိနိုင်ပါမည်။
Comments
Post a Comment