သတ်မှတ်ကာလကျော်လွန်ကာဆန့်ကျင်လက်ရှိထားရာမှပိုင်ရှင်ဖြစ်လာခြင်း
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
သတ်မှတ်ကာလကျော်လွန်ကာဆန့်ကျင်လက်ရှိထားရာမှပိုင်ရှင်ဖြစ်လာခြင်း
( possessory owner acquires an absolute title )ဟူသောဥပဒေကိုကာလစည်းကမ်းသတ်ဥပဒေတွင်အတိအလင်းပြဌာန်းခြင်းမပြု။
သို့သော်ပိုင်ဆိုင်ခွင့်ကုန်ဆုံးပြတ်စဲသွားသဖြင့်လက်ရှိထားသူကအကြွင်းမဲ့ပိုင်ရှင်ဖြစ်သွားသည်။
ပုဒ်မ ၂၈ တွင်ထိုသို့အတိအလင်းပြဌာန်းထားခြင်းမရှိသည်မှာမလို၍ဖြစ်သည်။
သတ်မှတ်ထားသောကာလကြာတရားလိုလက်ရှိထားမှုသည်ပိုင်ရှင်ဖြစ်သွားသည်ဟုပုဒ်မ၂၈ကမပြောမဆိုရုံတမယ်သာရှိသည်။
ပိုင်ရှင်၏ပစ္စည်းပိုင်ဆိုင်ခွင့်ပျက်သုဉ်းသွားလျှင်လက်ရှိထားသူသည်ပစ္စည်းပိုင်ရှင်ဖြစ်သွားသည်ဟုသဘာဝကျကျဆင်ခြင်ယူ၍ရနိုင်သည်။
မြန်မာနိုင်ငံစီရင်ထုံးပါအဆိုအမိန့်
1963 BLR 672 ( DB )အမှုတွင်ခုံရုံးက-
" It therefore had possessory title which in course of time ripened into prescriptive title."
ဟုထုံးဖွဲ့သည်။
အင်္ဂလန်နိုင်ငံစီရင်ထုံးလာ-
" possessory owner acquires an absolute title. "
ဟူသောမြွက်ဆိုချက်ကိုတနည်းပြဆိုခြင်းဖြစ်သည်။
အထက်ပါစီရင်ထုံးရှိ ripened into ဟူသောစကားရပ်ကိုမြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်မြန်မာအဘိဓာန်တွင်လည်းကောင်း၊ စာရေးသူလက်လှမ်းမီသော Oxford Advanced Learner's Dictionary of Current English ( ၁၉၇၄ခုနှစ်ထုတ် )တွင်လည်းကောင်း၊ အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိပါ။
မြန်မာအဘိဓာန်အကျဉ်းချုပ်(၁၉၈၀ပြည့်နှစ်ထုတ်) အတွဲ၄စာမျက်နှာ၂၆တွင် " ရောက် "ဟူသောစကားလုံးကို " တစုံတခုသောအဖြစ်အနေသို့ဆိုက်သည် "ဟူ၍လည်းကောင်း၊ စာမျက်နှာ၂၃၂တွင် " သွား " ဟူသောစကားလုံးကို " တစုံတခုသောဖြစ်ပျက်မှုသည်လုံးဝပြည့်စုံ " ပြီးပြတ်စွာဖြစ်ခြင်းသဘောကိုခိုင်မာထင်ရှားစေရန်ကြိယာတွင်စပ်၍သုံးသောစကားလုံးဟူ၍လည်းကောင်း၊ စာမျက်နှာ၅၀၌ " ရှိ " ဟူသောစကားလုံးကို " တစုံတခုသောအခြေအနေသို့ဆိုက်ရောက်သည် " ဟူ၍လည်းကောင်းအဓိပ္ပာယ်ဖွင့်ဆိုချက်များအရ ripened into ဟူသောစကားရပ်ကို " အဖြစ်သို့ရောက်ရှိသွားသည် " ဟုဘာသာပြန်ပါသည်။
သို့ဖြစ်ရာ " လက်ရှိထားပိုင်ခွင့်သည်အချိန်တန်သော်အကြွင်းမဲ့ဆိုင်ရေးဆိုင်ခွင့်အဖြစ်သို့ရောက်ရှိသွားသည် " ဟုဘာသာပြန်ရန်ဖြစ်ပါသည်။
( 1907 ) A . C . 73 စီရင်ထုံးပါ possessory owner နှင့် 1963 BLR 672 လာ possessory title , absolute title နှင့် prescriptive title ဟူသောစကားရပ်အသီးသီးသည်ကွဲပြားကြသော်လည်းအနှစ်သာရအားဖြင့်ဆိုလိုရင်းချင်းတူသည်။
မြန်မာစာအဖွဲ့ကထုတ်ဝေသောအင်္ဂလိပ်မြန်မာအဘိဓာန်စာမျက်နှာ၁၀၆၇၌ prescriptive ကို " တာရှည်ကျင့်သုံးမှုအရ " တရားဝင်ဖြစ်ကာလက်ခံရသောပိုင်ခွင့်ဟုအဓိပ္ပာယ်ဖွင့်ဆိုပြီး prescriptive rights ( 1961 BLR ( HC ) 119 ( DB )စီရင်ထုံးစာမျက်နှာ၁၂၉တွင်ထိုဝေါဟာရကိုသုံးသည် )ဟုဥပမာပေးသည်။ သို့သော်ထိုစကားရပ်ကိုမြန်မာဘာသာသို့ပြန်ဆိုခြင်းမပြု။
သို့ဖြစ်၍ prescriptive title ကိုဘာသာပြန်ရာ၌မှီငြမ်းစရာကျမ်းမရှိပါ။
1961 BLR ( HC ) 119 ( DB )အမှုတွင်စီရင်ထုံးစာမျက်နှာ၁၂၆၌-
" In our opinion , there is no doubt whatsoever that the plaintiffs have become owners of the house in suit in view of article 144 of the Limitation Act read with section 28 thereof . xxxxxx"
ဟုဆုံးဖြတ်သည်။
မရွှေ့မပြောင်းနိုင်သောအိမ်မြေစသည့်ပစ္စည်းကို၁၂နှစ်ကျော်ပိုင်ရှင်နှင့်ဆန့်ကျင်လက်ရှိထားသူသည်ပိုင်ရှင်ဖြစ်သွားသည်ဟုဆိုခြင်းသည် ( 1907 ) A . C . 73 စီရင်ထုံးတွင်ရည်ညွှန်းသည့် absolute title ဟူသောစကားရပ်ကဲ့သို့ဥပဒေမဆန်၊ အများနားလည်နိုင်သည့်ရိုးစင်းသောအဆိုအမိန့်ဖြစ်သည်။
သို့ဖြစ်ရာစာရေးသူက prescriptive title ဟူသောစကားရပ်ကိုကာလစည်းကမ်းသတ်အရ ( မှတ်ချက်။ ။အထက်ပါအဘိဓာန်လာတာရှည်ကျင့်သုံးမှုအရဆိုသောအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုမှီးသည်။ ) " ရရှိသောအကြွင်းမဲ့ဆိုင်ရေးဆိုင်ခွင့် "ဟုဘာသာပြန်ခြင်းသည်အထက်ပါစီရင်ထုံးများအရ " ယင်းစကားရပ်၏အဓိပ္ပာယ် "ကိုခြုံငုံမိသည်ဟုသဘောရရှိပါသည်။
1964 BLR 917အမှုတွင်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁ပါတရားဥပဒေကိုတရားရုံးချုပ်တရားသူကြီးချုပ်ဦးဘိုကြီးကမြန်မာဘာသာဖြင့် " မီးသေဆုံးဖြတ်ချက် "ဟူသောဝေါဟာရကိုထွင်ခဲ့သည်။
Prescriptive titleဟူသောစကားရပ်ကိုကာလသည်းကမ်းသတ်အရရရှိသော " အကြွင်းမဲ့ဆိုင်ရေးဆိုင်ခွင့် "ဟုဆိုခြင်းသည်ထိုစီရင်ထုံးပါ " မီးသေ "ဟူသောဝေါဟာရကဲ့သို့ဆိုင်ရာစကားရပ်၏အဓိပ္ပာယ်ကိုဖွင့်လှစ်ပြနိုင်သည်မဟုတ်သည်မှာမှန်ပါသည်။
သို့ရာတွင်ကွက်တိဝေါဟာရကိုတီထွင်နိုင်သူပညာရှင်မပေါ်မီသစ်မရမီဝါးသုံးရသကဲ့သို့အင်္ဂလိပ်ဘာသာဝေါဟာရ၏ဆိုလိုရင်းကိုလွှမ်းခြုံမိသောအထက်ပါမြန်မာဘာသာပြန်ဝေါဟာရကိုစမ်းသုံးကြည့်ပါကမီးသေခြင်းဝေါဟာရကဲ့သို့တနေ့နေ့တချိန်ချိန်တွင် တွင်တွင်ကျယ်ကျယ်အသုံးကျသောဝေါဟာရဖြစ်ကောင်းဖြစ်လာပါလိမ့်မည်။
Comments
Post a Comment