2005 BLR 52 ( SAB )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
အလျဉ်းသင့်၍ဥပဒေပြဿနာတရပ်ကိုဆွေးနွေးလိုပါသည်။
2005 BLR 52( S.A.B. )(တရားရုံးချုပ်ဒုတိယတရားသူကြီးချုပ်ဦးသိန်းစိုး၊တရားသူကြီးဦးခင်မောင်အေးနှင့်ဦးမြင့်သိန်းတို့ဆုံးဖြတ်သည်)အမှုတွင်တရားလိုဒေါက်တာဦးတင်ဦးသည်တချိန်ကလင်မယားပိုင်ပစ္စည်းတွင်မယားဝေစုကိုဝယ်ယူသောဒေါ်အေးအေးသန်းအပေါ်ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုရာတရားရုံးချုပ်ကအယူခံတွင်၊5 Ran 785နှင့်1967 BLR 525 စီရင်ထုံးများကိုကိုးကားပြီးတရားစွဲဆိုသောအမှုကိုပယ်ခဲ့သည်ဟုစီရင်ထုံးစာမျက်နှာ၆၁၌ဖော်ပြထားသည်။
အထူးခုံရုံးက တရားရုံးချုပ်၏စီရင်ချက်နှင့်ဒီကရီကိုပယ်ဖျက်ရာ၌စီရင်ထုံးစာမျက်နှာ၆၂နှင့်၆၃တို့တွင်"သို့ဖြစ်၍အချင်းဖြစ်ပစ္စည်းကိုတရားလိုတရားပြိုင်အကျိုးခံစားမှုသို့မဟုတ်အခွင့်အရေးအညီအမျှရရှိသည့်အပြင်အချင်းဖြစ်ပစ္စည်းတွင်တရားလိုနှင့်တရားပြိုင်တို့သည်အညီအမျှလက်ရှိဖြစ်ကြောင်းပေါ်ပေါက်သည့်အခြေအနေတွင်ပူးတွဲပိုင်ဆိုင်သူတဦးကအခြားပူးတွဲပိုင်ဆိုင်သူတဦးအပေါ်ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုရန်သာရှိပေသည်"ဟုအကြောင်းပြပါသည်။
တရားရုံးချုပ်ကကိုးကားသောစီရင်ထုံးနှစ်ရပ်ပါ”unity of interest”နှင့်”unity of possession”ဟူသောစကားနှစ်ရပ်သည်အင်္ဂလိပ်ဥပဒေဝေါဟာရများဖြစ်သည်။
ထိုဝေါဟာရနှစ်ရပ်ကို1999 BLR 103 (တရားရုံးချုပ်တရားသူကြီးဒေါက်တာတင်အောင်အေးဆုံးဖြတ်သည်)အမှုတွင်မြန်မာဘာသာဖြင့်ဖော်ပြထားချက်တို့ကိုတရားရုံးချုပ်နှင့်အထူးအယူခံခုံရုံးတို့ကဆင်ခြင်ခဲ့ပုံပေါ်သည်။
အင်တာနက်မှစာရေးသူမြေးရှာတွေ့ချက်များမှာအောက်ပါအတိုင်းဖြစ်သည်-
“Unity of interest . Both the tenants must have the same interest in the property.
Unity of possession . Both the tenants must have the same right to possess the whole property.”
အထက်ဖော်ပြပါအဓိပ္ပာယ်ဖွင့်ဆိုချက်အရအချင်းဖြစ်ဥပဒေဝေါဟာရများနှင့်အဓိပ္ပာယ်တူညီသောမြန်မာဘာသာဝေါဟာရများကိုအင်္ဂလိပ်ဥပဒေတတ်ကျွမ်းသောဝတ်လုံများသာလျှင်ဖန်တီးပေးနိုင်ပါလိမ့်မည်။
(မှတ်ချက်။ ။ Tenants သည်ပိုင်ရှင်များဟုအဓိပ္ပာယ်ရသည်။)
မြန်မာဗုဒ္ဓဘာသာအမွေဆိုင်များသည်အမွေရှင်၏အမွေပုံကိုဆက်ခံရာ၌ဓမ္မသတ်များတွင်သတ်မှတ်သောဝေစုအလိုက်ဆက်ခံရရှိကြသည်။
၎င်းတို့အချင်းချင်းတွင်”unity of possession”(မြန်မာစာအဖွဲ့ဦးစီးဌာနကထုတ်ဝေသောအင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၁၅၂၂၌ဘာသာပြန်ဆိုချက်အရ)စုဖွဲ့လက်ဝယ်ထားခြင်းရှိသည်။
ဥပဒေဝေါဟာရအဖြစ်အတူပိုင်ဆိုင်သူများဟုခေါ်ခြင်းက ပူးတွဲအမွေဆက်ခံရရှိခြင်း(ဟိန္ဒူအမွေရှင်၏အမွေကိုဆက်ခံနည်းတမျိုး)နှင့်ကွဲပြားသည်မှန်သော်လည်းဝေစုအလိုက်၊အစိတ်အပိုင်းအလိုက်(fraction)အမွေဆက်ခံသည်ဆိုခြင်းကပို၍နားလည်လွယ်သည်။
ဗုဒ္ဓဘာသာတဦး၏အမွေကိုဆက်ခံသူတို့သည်ကိုယ်စီရသောအမွေဝေစုကိုရလိုလျှင်အမွေစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုရကြောင်းမှာအတည်တကျဖြစ်လျက်ရှိသောဥပဒေသဖြစ်သည်။
စီရင်ထုံးသမိုင်းကြောင်းကို1967 BLR 525(တရားဝန်ကြီးဦးစိန်သင်းဆုံးဖြတ်သည်)အမှု၌စီရင်ထုံးစာမျက်နှာ၅၂၈မှစ၍ရှင်းပြထားသည်။ထိုအမှုမျိုးသည်ပစ္စည်းခွဲဝေပေးစေလိုမှုနှင့်ကွဲပြားကြောင်း5 Ran 785( Mr . Justice Chariဆုံးဖြတ်သည် )အမှုတွင်ထုံးဖွဲ့ထားရာဆန့်ကျင်ဘက်စီရင်ထုံးမရှိ၊ရှိနိုင်စရာလည်းအကြောင်းမရှိတော့သဖြင့်ထိုစီရင်ထုံး၌ပြဆိုချက်သည်အတည်တကျဖြစ်လျက်ရှိသောဥပဒေသအဖြစ်မှတ်ယူရန်ဖြစ်ပေလိမ့်မည်။
1967 BLR 525အမှုတွင်၊အချင်းဖြစ်မြေသည်အမွေဆိုင်ဖြစ်သည်မှာအငြင်းမပွား။
သို့ရာတွင်အမွေရှင်သေသည်မှာနှစ်ငါးဆယ်ကျော်ပြီဖြစ်သည်။
အမွေဆိုင်မြေတွင်အမွေဆိုင်မြေးများသည်ကာလကြာမြင့်စွာပူးတွဲလက်ရှိဖြစ်ခြင်း၊ပူးတွဲအကျိုးခံစားလျက်ရှိခြင်း၊အမွေရှင်၏အမွေပုံစာရင်းကိုကောက်ယူရန်ခက်ခဲမည်ဖြစ်ခြင်းစသည်တို့ကိုထောက်ထားလျက်အမွေဆိုင်မြေကိုခွဲဝေပေးရန်တရားစွဲဆိုနိုင်သည်ဟုဆုံးဖြတ်ခြင်းဖြစ်ရာစီရင်ထုံးတွင်ရည်ညွှန်းသော unity of interest နှင့် unity of possession ဟူသောအခုအချိန်အထိအတိအကျနားမလည်သေးသည်တို့ကိုနားလည်ဘိသကဲ့သို့အလေးပေးဆင်ခြင်ခြင်းဖြင့်အကျိုးမရှိနိုင်။
အနည်းဆုံးနှစ်ဦးပိုင်သောပစ္စည်းကိုခွဲဝေယူကြခြင်းဟုအများနားလည်ကြပါသည်။
သူသူငါငါအသိ(အထက်ပါအဘိဓာန်၌ဘဝပေးအသိ၊သာမာန်အသိ၊လူပြိန်းအသိဟုဘာသာပြန်သော common sense )အရလည်းဤအတိုင်းပင်နားလည်လက်ခံထားပါသည်။
စာရေးသူငယ်စဉ်ကဖတ်ရသောမြန်မာဖတ်စာအုပ်ပါဖျံနှစ်ကောင်ဖမ်းမိသောငါးတကောင်ကိုမြေခွေးကခွဲဝေပေးသည့်မြန်မာတို့နှင့်ရင်းနှီးသော”ပစ္စည်းခွဲဝေပေးမှူ”ပုံပြင်ကိုဥပမာပေးလိုပါသည်။
Comments
Post a Comment