Benami ဟူသောဝေါဟာရ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
“Benami”ဟူသောဝေါဟာရသည်ပြဿနာအဖြစ်ဆုံးဖြစ်သည်။
14 Ran 242 ( F B )စီရင်ထုံး၌ပြဆိုသည့်”resulting trust”ဟူသောဝေါဟာရသည်လည်းမြန်မာဥပဒေပညာရှင်များနှင့်စိမ်းနေသည်။
၂၀၀၃ခုနှစ်ဇူလိုင်လထုတ်တရားမမှုခင်းဖြတ်ထုံးများအတွဲ၂၊စာမျက်နှာ၄၀၇မှ၄၀၉တွင်စာရေးသူကအမည်ခံအမည်ငှားကိစ္စကိုထုံးပြုထားသော 14 Ran 242 ( F B )စီရင်ထုံးနှင့်ဆက်စပ်၍”The Trusts Act “(ယုံမှတ်(ကြည်)အပ်နှံခြင်းဥပဒေ )ပုဒ်မ၈၂ပါပြဌာန်းချက်များကိုပွဲထုတ်ခဲ့ပါသည်။
မြန်မာမိဘများသည်သားသမီးများအတွက်ရည်စူး၍ပစ္စည်းဝယ်ယူသည့်အလေ့အထရှိမရှိပြဿနာကိုဆိုင်ရာအမှုတွင်တင်ပြသောသက်သေခံအထောက်အထားအပေါ်အခြေခံကာဆုံးဖြတ်ရန်ဖြစ်ပါလိမ့်မည်။
မြန်မာဗုဒ္ဓဘာသာမိဘများကမိမိ၏သားသမီးများအားပစ္စည်းအပိုင်ဝယ်ပေးခြင်းသည်ဆိုင်ရာမိဘ၏ဆန္ဒအပေါ်တည်ကာအထိုက်အလျောက်ရှိနိုင်သည်။
အကြောင်းကြောင်းကြောင့်ထိုသို့အပိုင်ဝယ်ပေးခြင်းမဟုတ်ဘဲသားသမီးများအမည်ခံစေကာမိမိ/မိမိတို့ပိုင်ငွေနှင့်ဝယ်ခြင်းလည်းရှိတန်သလောက်ရှိမည်ဖြစ်သည်။
ထိုသို့ဝယ်ယူခြင်းအလေ့အထရှိမရှိမှာမူယတိပြတ်မပြောနိုင်သည့်ကိစ္စ(moot point )ဖြစ်သည်။
moot point ၏သာဓကတရပ်ကို 1965 BLR 80အမှုတွင်တွေ့မြင်နိုင်သည်။
14 Ran 242(FB)အမှုတွင်ထုံးပြုသောစီရင်ချက်ကိုဦးဆောင်ရေးသူတရားဝန်ကြီးချုပ် Mr. Pageသည်ကာလကတ္တားတရားလွှတ်တော်တရားဝန်ကြီးအဖြစ်မှရန်ကုန်တရားလွှတ်တော်တွင်တရားဝန်ကြီးချုပ်အဖြစ် ၉-၄-၁၉၃၀နေ့မှအငြိမ်းစားယူသည့်၂၇-၄-၁၉၃၇အထိ၇နှစ်သာသာကာလသာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ရာမြန်မာဗုဒ္ဓဘာသာမိဘတို့၏အလေ့အထကိုခရေစေ့တွင်းကျသိရန်အကြောင်းမရှိနိုင်။
တရားဝန်ကြီးချုပ်ကမိမိနှင့်အတူရုံးထိုင်သောအခြားတရားဝန်ကြီးများသည် မြန်မာတို့၏အကျင့်စရိုက်၊ဓလေ့ထုံးတမ်းတို့နှင့်စပ်လျဉ်း၍ကြာမြင့်စွာအတွေ့အကြုံရှိသူများဖြစ်ကြောင်းစီရင်ထုံးစာမျက်နှာ၂၄၈၌အောက်ပါအတိုင်းရေးသားထားသည်-
" I have the advantage on this appeal of sitting with colleagues who have had long experience of the ways and customs of Myanmar ( Burmans ) , and I am indebted to them for information which perforce is not open to me."
( မြန်မာစာအဖွဲ့၏အင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၁၀၀၆တွင် perforce ကို မတတ်သာ၍၊မလွှဲမကင်းသာ၍ဟုဘာသာပြန်သည်။)(ကျွန်ုအနေဖြင့်မလွှဲမကင်းသာ၍သိခွင့်မရသောအချက်အလက်)ဟုဖော်ပြသည်။
ကျန်တရားဝန်ကြီးလေးဦး ( Mr . Justice Baguley , Mr . Justice Mosely , Mr . Justice Ba U , and Mr . Justice Dunkley )အနက်သုံးဦး ( Mr . Justice Baguley , Mr . Justice Mosely , Mr . Justice Dunkley )မှာတရားသူကြီးများအဖြစ်ဆောင်ရွက်ခဲ့သောအင်္ဂလိပ်များဖြစ်ကြပြီးကျန်တဦး ( Mr . Justice Ba U )မှာမြန်မာတရားသူကြီးဖြစ်သည်။
၎င်းတို့သည်လည်းမိမိတို့နှင့်ထိတွေ့ခွင့်ရသောမြန်မာမိဘများ၏အလေ့အထထက်ပို၍သိရန်အကြောင်းမရှိနိုင်။
မြန်မာတမျိုးလုံး၏အကျင့်စရိုက်နှင့်ဓလေ့ထုံးတမ်းရှိမရှိမှာကျယ်ကျယ်ပြန့်ပြန့်သုတေသနပြုနိုင်မှုအပေါ်မူတည်သည်။
တရားသူကြီး၏အတွေ့အကြုံသည်မည်မျှပင်ကာလကြာမြင့်သည်ဖြစ်စေနှံ့စပ်ရန်အကြောင်းမရှိနိုင်။
အကန့်အသတ်ရှိသောအတွေ့အကြုံထက်မပိုနိုင်သည်မှာယုံမှားဖွယ်မရှိ။
တရားသူကြီးသည်မိမိတို့၏ဗဟုသုတအပေါ်သက်သေခံအဖြစ်အခြေခံ၍တရားစီရင်ခွင့်ရှိကြောင်းဥပဒေပြဌာန်းချက်မရှိ။
သက်သေခံအက်ဥပဒေပုဒ်မ၅၇ကလည်းခွင့်ပြုထားခြင်းမရှိပါ။
အမှုတွဲရှိသက်သေခံချက်များအရသာလျှင်ဆုံးဖြတ်ရန်ဖြစ်သည်။
သက်သေခံအက်ဥပဒေပုဒ်မ၅၇(၁၃)တွင်ရည်ညွှန်းထားသောမြန်မာတမျိုးလုံး၏အကျင့်စရိုက်နှင့်ဓလေ့ထုံးတမ်းနှင့်စပ်လျဉ်း၍သုတေသနပြုထားသောကျမ်းတစုံတရာကို 14 Ran 242 ( F B )စီရင်ထုံးတွင်ရည်ညွှန်းထားခြင်းမရှိ။
တဖက်တွင်တရားသူကြီးကသက်သေများကိုယုံသင့်၊မယုံသင့်၊ယုံသင့်လျှင်မည်မျှခရီးရောက်သည်ကိုစူးစမ်းဆင်ခြင်ရာ၌မူမိမိ၏အတွေ့အကြုံဗဟုသုတအပေါ်အခြေခံကာအကဲဖြတ်ခွင့်ရှိသည်။
ထိုသို့ဆုံးဖြတ်ရာ၌မိမိအတွေ့အကြုံနှင့်ဗဟုသုတကိုသက်သေခံအဖြစ်အသုံးပြုခြင်းမဟုတ်။
သီးခြားကိစ္စများဖြစ်သည်။
မိဘတို့၏ဝတ္တရားငါးပါးတွင်”ပေးဝေနှီးရင်း”ဟူသောဝတ္တရားတရပ်ပါသည်။
ကင်းဝန်မင်းကြီးဦးကောင်း၏၃၆စောင်တွဲအမွေမှုခန်းဓမ္မသတ်ကျမ်းကြီးပုဒ်မ၇၇တွင်”သားသမီးတို့အားရင်းနှီးရန်မိဘတို့ကပေးသည့်ပစ္စည်းကိုကျန်သားချင်းတို့ကအမွေပုံဖြစ်သင့်သည်ဟုမဆိုရာသောတရား"ကိုပြဆိုရာ၌ဓမ္မသတ်ဆယ်စောင်ကိုကိုးကားထားသည်။
ရာသီဓမ္မသတ်တွင်"မိဘတို့သည်အကြင်သားတို့အားအရင်းအနှီးအဖြစ်ဖြင့်ပေးကမ်းထောက်ပံ့သည့်ဥစ္စာကိုသားချင်းတို့သည်မဝေစားအပ်ကုန်။ထိုပေးကမ်းထောက်ပံ့သောသူ၏သားမြေးတို့သည်သာလျှင်အမွေခံစားရလေကုန်၏"ဟုဆိုသည်။
ထိုဓမ္မသတ်များသည်ယုတ်စွအဆုံးသက်သေခံအက်ဥပဒေပုဒ်မ၅၇(၁၃)တွင်အကျုံးဝင်သောကျမ်းများဖြစ်သည်။
14 Ran 242 ( F B )အမှုတွင်အခြားနည်းဆုံးဖြတ်ခြင်းသည်မြန်မာဓမ္မသတ်များပါအဆိုအမိန့်တို့နှင့်ညီညွတ်ပုံမပေါ်။
14 Ran 242 ( F B )အမှုတွင်မြန်မာဗုဒ္ဓဘာသာမိဘသည်မိမိသားသမီးအားအပိုင်ပေးရန်ရည်ရွယ်ပြီးထိုသားသမီးအမည်ဖြင့်လွှဲပြောင်းစာချုပ်ချုပ်ဆိုရယူခဲ့သည်ဟုပြဆိုရာ၌အမှုတွဲရှိသက်သေခံကိုရည်ညွှန်းခြင်းမပြု။
စုံညီခုံရုံးတွင်ပါဝင်သောတရားသူကြီးများ၏မည်ကာမတ္တဗဟုသုတအရဆုံးဖြတ်ပုံပေါ်သည်။
အထူးသဖြင့် 14 Ran 242 ( F B )စီရင်ထုံး၌"ငွေစိုက်ထုတ်ပေးသည်ဆိုသောအယူအဆသည်မြန်မာတို့၏သဘောထားနှင့်ဖြစ်စေ၊အစဉ်အလာနှင့်ဖြစ်စေကိုက်ညီခြင်းမရှိသည့်အပြင်၎င်းတို့၏အမွေဆက်ခံရေးဆိုင်ရာတရားဥပဒေကိုလည်းထိခိုက်မည်ဖြစ်သည်"ဟုထုံးဖွဲ့ခြင်းသည်အမွေမှုခန်းဓမ္မသတ်ကျမ်းကြီးပုဒ်မ၇၇တွင်ပြဆိုထားသောတရားဥပဒေနှင့်ညီညွတ်ပါမည်လောဟုစောဒကတက်စရာရှိပါသည်။
ထို့ပြင်ရည်ညွှန်းသောမြန်မာတို့၏သဘောထား ( sentiment ) နှင့် အစဉ်အလာ ( practice )ရှိကြောင်းမြွက်ဆိုချက်သည်အတ္တနောမတိမျှသာဖြစ်သည်။
စီရင်ထုံးတွင်အကိုးအကားမတွေ့ရပါ။
Comments
Post a Comment