မောင်ထွန်းဖေ နှင့် ဘီကေဟောလ်ဒါအမှုအကြောင်း
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မောင်ထွန်းဖေနှင့်ဘီကေဟောလ်ဒါ၊ရန်ကုန်အတွဲ၁၄၊စာ၂၄၂အမှုတွင်ထုံးဖွဲ့သည်မှာမြန်မာနိုင်ငံ၌အမှန်တကယ်ဝယ်ယူသူကအခြားသူတဦး၏အမည်ဖြင့်ပစ္စည်းဝယ်ယူသည့်အလေ့မှာတခါတရံသာဆောင်ရွက်မှုဖြစ်သော်လည်းအများအပြားမရှိကြောင်း၊မြန်မာမိဘများကကလေးအားလက်ဆောင်ပေးရန်ရည်စူးပြီးကလေးအမည်ဖြင့်ပစ္စည်းဝယ်ယူခြင်းမှာရှားပါးကြောင်း၊အမည်ငှားဝယ်ယူခြင်းသည်အမှန်တကယ်လွှဲပြောင်းခြင်းဖြစ်၍ဥပဒေအရအတည်ပြုနိုင်ကြောင်း၊ယုံကြည်အပ်နှံမှုတရပ်ပေါ်ပေါက်စေကြောင်းထုံးဖွဲ့ခြင်းဖြစ်သည်။
ယုံကြည်အပ်နှံမှုတရပ်ပေါ်ပေါက်သည်ဆိုခြင်းမှာငွေပေးချေသူသည်လွှဲပြောင်းရရှိသူ၏အကျိုးငှာရည်ရွယ်ခဲ့ခြင်းမရှိပါမှလွှဲပြောင်းရရှိသူအားယုံမှတ်အပ်နှံရာရောက်မည်ဖြစ်သည်။ထိုစီရင်ထုံးတွင်ဤအချက်ကိုအတိအလင်းဖော်ပြသုံးသပ်ခဲ့ခြင်းမရှိသည်ကိုတွေ့ရသည်။
ငွေပေးချေသူကလွှဲပြောင်းရရှိသူ၏အကျိုးအတွက်ရည်ရွယ်ပြီးအဖိုးစားနားပေးချေကြောင်းပေါ်ပေါက်သည့်ကိစ္စတွင်ယုံကြည်အပ်နှံမှုတရပ်ပေါ်ပေါက်သည့်အတွက်အမည်ငှားလွှဲပြောင်းခြင်းဖြစ်သည်ဟုဆုံးဖြတ်ပါလျှင်ထိုဆုံးဖြတ်ချက်သည်ယုံမှတ်အပ်နှံခြင်းအက်ဥပဒေပုဒ်မ၈၂နှင့်ဆန့်ကျင်မည်ဖြစ်ပေသည်။
မောင်ထွန်းဖေနှင့်ဘီကေဟောလ်ဒါးနှင့်အခြားသူများအမှုတွင် မိဘများသည်သားသမီးများအတွက်ရည်စူး၍ဝယ်ယူသည့်အလေ့အထသည်မြန်မာဓလေ့ထုံးတမ်းစဉ်လာနှင့်ကိုက်ညီခြင်းမရှိကြောင်းစုံညီခုံရုံးဖြင့်လမ်းညွှန်ထုံးပြုခဲ့သည်။ယင်းစီရင်ထုံးမတိုင်ခင်မိဘကသားသမီးအတွက်ရည်စူး၍ဝယ်ယူသည်ဆိုခြင်းကိုလက်ခံခြင်းမရှိသလိုလက်ခံသည့်သာဓကများရှိခဲ့ဖူးသည်။
ထို့ပြင်ဦးမောင်ကလေးပါ၄နှင့်ဒေါ်စိန်နု(ခ)ဒေါ်နုမေအမှုတွင်မောင်ထွန်းဖေစီရင်ထုံးကိုခြားနားပြကာ"တဦးတည်းသောသားအတွက်ဦးစားပေး၍အကျိုးခံစားခွင့်ရရှိစေရန်အချင်းဖြစ်အိမ်ကိုဝယ်ယူသူတဦးအနေဖြင့်ထည့်သွင်းထားခြင်းမှာအခြားအမွေစားအမွေခံသားသမီးများမရှိသဖြင့်၎င်းတို့အကျိုးကိုပိတ်ပင်ရာမရောက်သောကြောင့်အယူခံတရားလို၌အကျိုးခံစားခွင့်ရှိသည်ဟုယူဆကြောင်း"သုံးသပ်ဆုံးဖြတ်ခဲ့သည်။
မောင်ထွန်းဖေနှင့်ဘီကေဟောလ်ဒါး 14 Ran 242 ( F B )အမှုပါသုံးသပ်ချက်များသည်မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့်ဓမ္မသတ်ကျမ်းများအပေါ်အခြေမခံဘဲအင်္ဂလန်နိုင်ငံဥပဒေကိုကိုးကားဆုံးဖြတ်ခြင်းဖြစ်၍မြန်မာဓလေ့ထုံးတမ်းစဉ်လာနှင့်ညီညွတ်ခြင်းရှိမရှိသံသယဖြစ်ဘွယ်ရာရှိပေသည်။
14 Ran 242 ( F B )အမှုတွင်မြန်မာမိဘတဦးသည်သားသမီးအားအပိုင်ပေးရန်ရည်ရွယ်ကာပစ္စည်းလွှဲပြောင်းခြင်းကိုထိုသားသမီးအမည်ဖြင့်ရယူခဲ့သည်ဟုထုံးဖွဲ့ရာ၌မြန်မာမိဘတို့သည်ထိုသို့သောအလေ့အထအစဉ်အလာမျိုးရှိကြောင်းအမှုတွဲ၌သက်သေခံချက်မရှိ။အတ္တနောမတိဆုံးဖြတ်ခြင်းဖြစ်ကြောင်းစီရင်ထုံးကိုဖတ်ကြည့်ပါကတွေ့မြင်နိုင်သည်။
မြန်မာမိဘတဦးသည်သက်သေခံအက်ဥပဒေပုဒ်မ၁၁၄တွင်ပြဌာန်းထားသော human conduct ( လူသားတို့၏စရိုက် )မျိုးရှိကြောင်းသက်သေခံချက်မရှိဘဲမှတ်ယူခွင့်မရှိပါ။တဖက်တွင်သားသမီးတဦးအမည်ဖြင့်လွှဲပြောင်းစာချုပ်ချုပ်ဆိုထားရာ၌ငွေပေးချေသောမိဘကထိုသားသမီးအားအပိုင်ပေးရန်ရည်ရွယ်ချက်မရှိကြောင်းသက်သေထင်ရှားပြရန်တာဝန်ရှိနေခြင်းနှင့်ဆန့်ကျင်သောစီရင်ထုံးဖြစ်သည်။
ထိုသို့ဝယ်ယူခဲ့သည်ဟုဆိုနိုင်ရုံမျှဖြင့်မိဘသည် 4 Ran 518 ( P C )စီရင်ထုံးအရသက်သေထင်ရှားပြရန်တာဝန်ကျေပွန်သည်ဟုဆိုနိုင်ပါမည်လား။
ဤအခြေအနေတွင်မြန်မာမိဘကသားသမီးတဦးဦး၏အမည်ကိုဖော်ပြကာအရောင်းအဝယ်စာချုပ်ချုပ်ဆိုစေရာ၌ထိုသားသမီးအားပိုင်ဆိုင်စေလိုသည့်ရည်ရွယ်ချက်ရှိမရှိမှာအမှုတမှုစီတွင်ပေါ်ပေါက်လာသောသက်သေခံချက်များအရ 4 Ran 518 ( P C )တွင်ညွှန်ပြသောသက်သေထင်ရှားပြရန်တာဝန်ကိုနှလုံးမူကာဆုံးဖြတ်ရန်ဖြစ်သည်မှာယုံမှားဖွယ်မရှိ။
အထူးအယူခံမှုတွင်ပြည်ထောင်စုတရားလွှတ်တော်ချုပ်စုံညီခုံရုံးကချမှတ်သောစီရင်ချက်၌စုံညီခုံရုံး၏အဆုံးအဖြတ်နှင့်မညီညွတ်သောယခင်စီရင်ထုံးများကိုလိုက်နာရန်မဟုတ်တော့ကြောင်းအတိအလင်းပြဆိုထားခြင်းမရှိသော်လည်းပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်ယခင်တရားလွှတ်တော်ထက်မြင့်သောတရားရုံးဖြစ်သည်နှင့်အညီယင်းစီရင်ထုံးများပါအဆိုအမိန့်များသည်စုံညီခုံရုံး၏ဆုံးဖြတ်ချက်နှင့်မညီညွတ်သမျှလိုက်နာရမည့်တရားဥပဒေမဟုတ်တော့ဟုဆိုရပါမည်။
14Ran242( F B )အမှုတွင်စီရင်ထုံးစာမျက်နှာ၂၅၁၌ 14 Ran 242 ( F B )စီရင်ထုံးတွင်ပြဆိုသောအမြင်နှင့်ဝိရောဓိဖြစ်သည့်ယခင်စီရင်ထုံးများကိုနောင်တွင်ထုံးသာဓကအဖြစ်မှီငြမ်းခြင်းမပြုနိုင်ဟုမြွက်ဆိုချက်များသည်ထုံးသာဓကဖြစ်သည်။
အမည်ခံအမည်ငှားစနစ်နှင့်စပ်လျဉ်း၍စုံညီခုံရုံး၏အဆိုအမိန့်သည်သမိုင်းမှတ်တိုင်အဆုံးအဖြတ်အဖြစ်ဖြင့်အဓွန့်ရှည်စွာရပ်တည်နေမည်သာဖြစ်သည်။
Comments
Post a Comment