အမည်ခံအမည်ငှါးဟုတ်မဟုတ်စဉ်းစားဆင်ခြင်သောအခြားအကြောင်းခြင်းရာများ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အမည်ခံအမည်ငှားဟုတ်မဟုတ်


စဉ်းစားဆင်ခြင်သောအခြားအကြောင်းခြင်းရာများ

——————————————


အမည်ခံအမည်ငှားစနစ်၏အခြားနားရှုပ်စရာမျက်နှာစာကိုဆက်လက်ဆွေးနွေးပါမည်။


10 LBR 36( F B )အမှုတွင်အယူခံတရားလိုမညွန့်၏ခင်ပွန်းကလင်မယားပိုင်ပစ္စည်းများကိုအယူခံတရားပြိုင်များထံပေါင်သည်ကိုမညွန့်သိသည်၊သဘောလည်းတူသည်၊အပေါင်ခံသူများကအပေါင်မှုစွဲဆိုရာ၌မယားမညွန့်ကိုတရားပြိုင်အဖြစ်ထည့်သွင်းခြင်းမပြု၊လင်သည်မယား၏ကိုယ်စားလှယ်ဟုတ်မဟုတ်၊၎င်းအားကိုယ်စားပြုသူ(representative)အနေဖြင့်လည်းတရားစွဲဆိုခြင်းမပြု၊အပေါင်ခံသူများအမှုနိုင်ပြီးနောက်မညွန့်ကအပေါင်ခံပစ္စည်းတွင်မိမိ၏ပိုင်ရေးပိုင်ခွင့်ကိုမြွက်ဟကြေညာပေးရန်တရားစွဲဆိုရာအောက်ရုံးများတွင်အမှုရှုံးသည်။


တရားမကျင့်ထုံးဥပဒေအမိန့်၃၄၊နည်း၁အရလိုအပ်သည့်အတိုင်းအပေါင်မှုတွင်မညွန့်ကိုတရားပြိုင်အဖြစ်မထည့်ခဲ့၍သာမာန်အားဖြင့်လင်အပေါ်ချမှတ်သောအပေါင်ဒီကရီသည်အမှုသည်မဟုတ်သောမညွန့်အပေါ်အတည်ဖြစ်ရန်အကြောင်းမရှိပါ။


သို့သော်စီရင်ထုံးများဝိဝါဒကွဲနေသဖြင့်အောက်မြန်မာပြည်တရားရုံးချုပ်သည်တရားသူကြီးလေးဦး( Before Sir Daniel Twomey , Chief Judge , Mr . Justice Ormond , Mr . Justice Maung Kin and Mr . Justice Pratt . )ပါသောစုံညီခုံရုံးကိုဖွဲ့ကာဥပဒေပြဿနာကိုစောဒကမှုတွင်ကြားနာဆုံးဖြတ်သည်။


လိုက်နာသင့်သောကျင့်ထုံး


စောဒကမှုကိုကြားနာသောအခါမညွန့်၏ရှေ့နေ( P . N . Chari )အားတရားသူကြီးတဦး ( Mr . Justice Ormond )ကလင်သည်အမည်ခံအမည်ငှားအနေအထားတွင်ရှိကြောင်းအသိပေးရာမညွန့်၏တရားလွှတ်တော်ရှေ့နေ ( P . N . Chari )ကထိုသို့ဆိုပါကလင်အပေါ်ချမှတ်သောဒီကရီကိုမယားမညွန့်ကလိုက်နာရန်တာဝန်ရှိကြောင်းဝန်ခံသည်ဟုစီရင်ထုံးစာမျက်နှာ၄၁၌ဖော်ပြထားသည်။


ရုံးထိုင်တရားသူကြီးများသည်လျှောက်လဲချက်များကိုငုတ်တုတ်ထိုင်ကြားနာခြင်းမပြုဘဲပြောရန်ရှိသည်ကိုနှစ်ဘက်အမှုသည်များအားအသိပေးပြောကြားသည့်ကျင့်ထုံးရှိခဲ့ကြောင်းစီရင်ထုံးကညွှန်ပြသည်။


ထိုသို့အသိပေးပြောကြားသောတရားသူကြီး  (Mr . Justice Ormond )သည်တရားရုံးချုပ်တွင်တရားသူကြီးမဖြစ်မီကရန်ကုန်မြို့တွင်ရှေ့နေလိုက်ခဲ့သူဖြစ်သည်။


စောဒကမှုကိုမကြားနာမီကရုံးထိုင်တရားသူကြီးတို့သည်အမှုတွင်ဆုံးဖြတ်ရန်ရှိသည့်ဆိုင်ရာဥပဒေကိုသိပြီးဖြစ်နေသည်ကိုမှတ်သားသင့်သည်။


မညွန့်၏ရှေ့နေ( P . N . Chari )သည်နောက်ပိုင်းတွင်တည်ထောင်သည့်ရန်ကုန်မြို့တရားလွှတ်တော်၌နောက်၆နှစ်အကြာတွင်တရားဝန်ကြီးဖြစ်သွားသည့်ပုဂ္ဂိုလ်ဖြစ်သည်။

——————————-


အမှုတွင်ဆုံးဖြတ်ရန်ရှိသောဥပဒေပြဿနာနှင့်စပ်လျဉ်း၍ဆိုင်ရာဥပဒေကိုဝန်ခံတင်ပြခြင်းဖြင့်တရားရုံးကဆုံးဖြတ်ရန်ရှိသည့်အငြင်းပွားမှုကိုကျဉ်းမြောင်းစေသည်။


မလိုအပ်ဘဲတရားရုံး၏အချိန်ဖြုန်းခြင်းကိုတားဆီးနိုင်သည်။


ဤကောင်းမွန်သောကျင့်ထုံးများကိုပြန်လည်ဖော်ထုတ်သင့်သည်။


ဗဟိုတရားရုံးတွင်စာရေးသူသည်တရားမအကြံပေးဖြစ်လာသောအခါဗဟိုတရားရုံးတရားစီရင်ရေးအဖွဲ့ရုံးမထိုင်မီမည်သည့်ဥပဒေနည်းဥပဒေများကိုဦးစားပေးလျှောက်လဲရန်ဆွေးနွေးဖူးသည်။


ပြည်သူ့တရားသူကြီးအဖွဲ့ဝင်နှစ်ဦးကနယ်ကျော်သည်ဟုမနှစ်ခြိုက်သည့်အပြုအမူပြသဖြင့်၎င်းတို့ရုံးထိုင်သည့်အခါအကြံမပေးတော့ပါ။


အချို့ဗဟိုတရားစီရင်ရေးအဖွဲ့များကတရားခွင်တွင်စာရေးသူအားရှေ့နေများရှေ့တွင်ပင်ပြောကြားစေပြီးဆိုင်ရာရှေ့နေတို့ကိုလျှောက်လဲစေသည်များလည်းရှိခဲ့သည်။


တရားရုံးချုပ်တွင်စုံညီခုံရုံးရုံးထိုင်သည့်အခါအလားတူအကြံပြုခြင်းကိုတရားသူကြီးချုပ်ကလိုလိုလားလားလက်ခံသောကြောင့်စုံညီခုံရုံး၏စီရင်ချက်များတွင်ဖော်ပြထားသည်ကိုတွေ့မြင်နိုင်ပါသည်။


ဗဟိုတရားရုံးကဥပဒေပြဿနာများထုတ်ပြီးလျှောက်လဲစေရာ၌အချို့ရှေ့နေများအသင့်မဖြစ်ဘဲခြေမကိုင်မိလက်မကိုင်မိဖြစ်သည်များကိုတွေ့ဖူးသည်။


ရှေ့နေသည်မိမိလျှောက်လဲရမည့်အမှုကိုပြည့်ပြည့်စုံစုံလေ့လာခြင်းမရှိကြောင်းဗူးပေါ်သလိုပေါ်သည်။


ဗဟိုတရားရုံးလက်ထက်၌ဥပဒေပြဿနာတရပ်ကိုချပြကာလျှောက်လဲရန်ရက်ချိန်းနှစ်ပတ်ပေးခဲ့ပြီးနောက်အယူခံကိုကြားနာသောအခါဆိုင်ရာရှေ့နေသည်ထိုပြဿနာအကြောင်းတလုံးတပါဒမျှလျှောက်လဲခြင်းမပြုဘဲရေငုံနေသည်ကိုအံ့ဩဖွယ်ရာတွေ့ရဖူးသည်။


၎င်းသည်တရားလွှတ်တော်တွင်တရားဝန်ကြီးချုပ်အဖြစ်အငြိမ်းစားယူခဲ့သူဖြစ်သည်။


ထိုတရားလွှတ်တော်ရှေ့နေသည်ရန်ကုန်တိုင်းတရားရုံးတွင်လူငယ်ရှေ့နေများအားပြည်သူ့တရားရုံးများတွင်ဥပဒေပြဿနာများကိုလျှောက်လဲပါကအကျိုးမများနိုင်ဟုပြောပြသည်ဆို၏။


နောက်ပိုင်းတွင်ထိုစကားကိုကြားရသောအခါဗဟိုတရားရုံးတွင်လျှောက်လဲရန်ညွှန်ကြားသည့်ဥပဒေပြဿနာကိုလျှောက်လဲခြင်းမပြုဘဲဆိတ်ဆိတ်နေခဲ့ခြင်း၏အကြောင်းရင်းကိုသိရပါတော့သည်။


စာရေးသူသည်၎င်း၏အကူအညီမရဘဲအချင်းဖြစ်ဥပဒေပြဿနာကိုစီရင်ချက်မူကြမ်းတွင်ဆွေးနွေးခဲ့ပါသည်။


စာရေးသူ၏အမြင်မျှသာဖြစ်ပြီးထုံးသာဓကမရှိသေး၍စီရင်ချက်ကိုထုံးမပြုခဲ့ပါ။


အခွင့်ကောင်းတရပ်လက်လွတ်ခဲ့ရပါသည်။


ပြည်သူ့တရားစီရင်ရေးစနစ်မအောင်မြင်ရသည့်ကိစ္စတွင်အကြောင်းရင်းအများအပြားရှိသည့်အနက်ရှေ့နေရှေ့ရပ်များထံမှအထောက်အကူရသင့်သလောက်မရခြင်းမှာအကြောင်းတရပ်ဖြစ်သည်ဟုစာရေးသူကအကဲဖြတ်ပါသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ