ဥပဒေနှင့်အညီမဟုတ်ဘဲတရားစွဲဆိုသည့်အတွက်ဆိုးကျိုး
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ဥပဒေနှင့်အညီမဟုတ်ဘဲတရားစွဲဆိုသည့်အတွက်ဆိုးကျိုး
ဒေါ်အုန်းသင်သည်သားများပစ္စည်းရောင်းချပြီးလေးနှစ်ခန့်အကြာတွင်တရားစွဲဆိုဟန်တူသည်။
ထိုစဉ်ကတိုက်မှာဝယ်သူများလက်သို့ရောက်သွားပြီးဖြစ်ပုံပေါ်သည်။
အကြောင်းမူအယူခံတွင်ဗဟိုတရားရုံးကမြွက်ဟဒီကရီအဖြစ်နောက်ဆက်တွဲသက်သာခွင့်တောင်းရန်လိုသည်ဟုဆုံးဖြတ်ကြောင်းစီရင်ထုံးစာမျက်နှာ၇၈နှင့်၇၉တွင်ဖော်ပြထားသည်။
အဆိုလွှာတင်စဉ်ကဖြစ်စေ၊အမှုအတောအတွင်းဖြစ်စေတရားလိုဒေါ်အုန်းသင်လက်မဲ့ဖြစ်နေပါကမြွက်ဟဒီကရီအပြင်ပစ္စည်းများကိုခွဲဝေပေးရန်(အချင်းဖြစ်ပစ္စည်းများမှာဦးနေဝင်းနှင့်ဒေါ်အုန်းသင်တို့ပူးတွဲပိုင်ဖြစ်နိုင်သည်ကိုသတိပြုပါ။)သက်သာခွင့်တောင်းရန်လိုကြောင်းအဆိုလွှာရေးသူရှေ့နေသတိချပ်ရန်လိုသည်။
အကြောင်းမူထိုစဉ်ကပင်စီရင်ထုံးတထမ်းကြီးထွက်ပြီးဖြစ်သည်။
မြန်မာဘာသာဖြင့်ရေးထားသောစီရင်ထုံးများလည်းရှိပြီးဖြစ်သည်။
နောက်ပိုင်းတွင်သားများကတိုင်းတရားရုံးတွင်တရားတထုံးထပ်မံစွဲဆိုခြင်းသည်အမှား၏အစဖြစ်သည်။
တိုင်းတရားရုံးကသီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၉တွင်ပြဌာန်းထားသည့်အတိုင်းပယ်ဖျက်ပေးစေလိုသောအရောင်းအဝယ်စာချုပ်အရအကြီးအကျယ်ထိခိုက်နစ်နာသူသည်ဒေါ်အုန်းသင်ဖြစ်သည်။
ရောင်းသူသားများမဟုတ်ဟုအကြောင်းပြခြင်းသည်အချက်ကျသည်မဟုတ်။
1949 BLR ( H C ) 338 စီရင်ထုံးကိုဖတ်ပါ။
တရားရုံးချုပ်ကအယူခံတွင်သားများကိုအနိုင်ပေးခြင်းသည်အံ့ဩစရာဖြစ်သည်။
အထူးသဖြင့်သားများစွဲဆိုသည့်အတိုင်းပစ္စည်းလက်ရောက်ပေးအပ်စေရန်ဒီကရီချမှတ်ခဲ့ပါလျှင်ပို၍အံ့ဩစရာဖြစ်ပါလိမ့်မည်။
အကြောင်းမူဩရသအမွေရသောအစုကိုရောင်းချခြင်းမှာပျက်ပြယ်ရန်အကြောင်းမရှိ။
မိခင်၏ဝေစုကိုရောင်းချခြင်းမှာမူ(မိခင်သည်၎င်းစွဲဆိုသောအမှုပြီးပြတ်သည်အထိသေဆုံးခြင်းမရှိခဲ့ပါလျှင်)အထမမြောက်တန်ရာ။
သို့ဖြစ်ရာပစ္စည်းလွှဲပြောင်းခြင်းဆိုင်ရာအက်ဥပဒေပုဒ်မ၄၃နှင့်သက်သေခံအက်ဥပဒေပုဒ်မ၁၁၅တို့ပါပြဌာန်းချက်များမရှိခဲ့ပါလျှင်အချင်းဖြစ်ပစ္စည်းများ၏အချို့အစုမှာဝယ်ယူသူပိုင်ဖြစ်ပြီးကျန်အစုကိုသားများကမိခင်ထံမှအမွေရရှိမည်ဖြစ်၍ပစ္စည်းအချို့အစုကိုခွဲဝေပေးရန်တရားစွဲဆိုခွင့်သာရှိပါမည်။
ဝယ်သူများနှင့်ပူးတွဲပိုင်သောပစ္စည်းများကိုလက်ရောက်ရလိုမှုမစွဲဆိုနိုင်။
ဦးဇာဂရအမှု၊1948 BLR 866တွင်၊ပစ္စည်းကိုတွဲဖက်ပိုင်သူတဦးသည်အခြားတွဲဖက်ပိုင်ရှင်နှင့်အတူတူလက်ရှိထားခွင့်ရှိသည်ဖြစ်၍တဦးကကျန်တဦးကိုပူးတွဲပိုင်ပစ္စည်းမှထုတ်ပစ်ခြင်းမပြုနိုင်ဟုစာမျက်နှာ၈၇၆တွင်-
“no co-owner of property can oust the other co-owner from the property , each being equally entitled to possession."
ဟုပြဆိုထားသည်ကို၊သားများအတွက်ဆိုလွှာရေးသူသိပုံမပေါ်။
ဥပဒေအပြောကျယ်ခြင်း၏သာဓကဖြစ်သည်။
လက်ရောက်ရလိုမှုနှင့်သက်ဆိုင်သောသီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၈ပါ “entitled to possession”ဟူသောပြဌာန်းချက်များကိုသတ္တုချကြည့်ပါကတရားလိုသည်လက်ရောက်ရလိုသောပစ္စည်းကိုလက်ရောက်ရထိုက်ခွင့်ရှိသူဖြစ်ရန်လိုသည်။
သားများသည်မိမိတို့ရောင်းချသောအစုကိုလက်ရောက်ရထိုက်သူများမဟုတ်ကြောင်းသတိပြုရန်လိုသည်။
၎င်းတို့ရထိုက်သောအပိုင်းကိုလက်ညှိုးထိုးမပြနိုင်သဖြင့်လက်ရောက်ရလိုကြောင်းစွဲဆိုသောပစ္စည်းအစုသည်ပုဒ်မ၈ပါ”Specific Immoveable Property”မဟုတ်နိုင်။
ဤဥပဒေရှုထောင့်မှကြည့်ပါကလည်းလက်ရောက်ရလိုမှုမစွဲဆိုနိုင်ကြောင်းပေါ်လွင်သည်။
ဤဥပဒေသဘောကို 1984 BLR 239 အမှုတွင်စီရင်ထုံးစာမျက်နှာ၂၄၁၌ရှင်းပြထားပါလျက်ထိုစီရင်ထုံးထွက်ပေါ်ပြီးနှစ်အတန်ကြာသည်အထိထိုဥပဒေသဘောကိုမသိခြင်းသည်ခွင့်လွှတ်နိုင်ရန်အကြောင်းမမြင်။
အထူးခုံရုံးကအငြင်းပွားမှုကိုသက်သေခံအက်ဥပဒေပုဒ်မ၁၁၅အရချဉ်းကပ်ခြင်းသည်ပြဿနာ၏တစိတ်တဒေသနှင့်သာသက်ဆိုင်သည်။
အဆိုလွှာကိုကနဦးစီစစ်ရန်တရားမကျင့်ထုံးဥပဒေအမိန့် ၇ နည်း ၁၁(က)နှင့်(ဃ)တွင်အတိအလင်းပြဌာန်းထားသည်။
အချင်းဖြစ်ပစ္စည်းများကိုအထက်၌ဆွေးနွေးခဲ့သောဥပဒေကြောင်းအရတရားလိုကလက်ရောက်ရလိုမှုမစွဲဆိုနိုင်။
ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုရန်ဖြစ်၍ပစ္စည်းလက်ရောက်ရရန်တရားစွဲဆိုခြင်းသည်အမှုပုံစံလွဲမှားနေသဖြင့်အဆိုလွှာကိုအမိန့် ၇ နည်း ၁၁(က) သို့မဟုတ် (ဃ)အရပယ်ရန်ဖြစ်သည်။
နည်း ၁၁(က)နှင့်ဆက်စပ်နေသောဥပဒေအချက်မှာတရားလိုသည်တရားစွဲဆိုပိုင်ခွင့် ( locus standi )ရှိ မရှိဖြစ်သည်။
ထိုသို့သိနိုင်ရန်အမှု၏သဘောသဘာဝကိုထောက်ချင့်ပြီးဆိုင်ရာဥပဒေကိုရှာဖွေရန်ဖြစ်သည်။
ဥပမာမြန်မာဗုဒ္ဓဘာသာဝင်သေဆုံးသွားသည်ကိုအကြောင်းပြပြီးဩရသသမီးကမိခင်အပေါ်ဩရသဝေစုရရန်တရားစွဲဆိုခွင့်မရှိခြင်းသည်အမြင်သာဆုံးသာဓကဖြစ်သည်။
တရားစွဲဆိုခွင့်ရှိသူမဟုတ်လျှင်တရားလိုအမှုအနိုင်မရနိုင်။
1948 BLR 866 (876 )စီရင်ထုံးကိုကြည့်ပါ။
Comments
Post a Comment