The Trusts Act ပုဒ်မ၈၂အကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


The Trusts Act ပုဒ်မ၈၂တွင်အောက်ပါအတိုင်းပြဌာန်းထားပါသည်-


" 82 . Where prooerty is transferred to one person for a consideration paid or provided by another person , and it appears that such other person did not intend to pay or provide such consideration for the benefit of the transferee , the transferee must hold the property for the benefit of the person paying or providing the consideration."


(ပစ္စည်းကိုတဦးတယောက်သောသူအားလွှဲပြောင်းရာဝယ်အဖိုးစားနားကိုအခြားသူကပေးချေပြီး(သို့မဟုတ်)ကျခံပြီးယင်းအခြားသူသည်ယင်းအဖိုးစားနားကိုလွှဲပြောင်းရရှိသူအကျိုးငှာပေးချေရန်(သို့မဟုတ်)ကျခံရန်မရည်ရွယ်ခဲ့ဟုယူဆရလျှင်လွှဲပြောင်းရရှိသူသည်အဖိုးစားနားပေးချေသူ(သို့မဟုတ်)ကျခံသူ၏အကျိုးငှာထိုပစ္စည်းကိုလက်ရှိထားရမည်။)


KATHLEEN  MAUD  KERWICH  vs. FREDERICK  JAMES  RUPERT  KERWICH အောက်မြန်မာပြည်စီရင်ထုံးများအတွဲ၉၊စာ၂၁၂အမှုတွင်လင်ဖြစ်သူကမယားအမည်ဖြင့်မြေနှစ်ကွက်ဝယ်ပြီးနောက်အိမ်ဆောက်သည်။ထို့နောက်လင်မယားမသင့်မမြတ်ဖြစ်ကြရာမှအိမ်ခွဲနေထိုင်ကြပြီးနောက်လင်ကမယားကိုထိုမြေကွက်များနှင့်အိမ်တို့ကိုပိုင်ဆိုင်ကြောင်းတရားစွဲဆိုရာမူလရုံးတွင်အမှုရှုံးနိမ့်သဖြင့်တရားရုံးချုပ်တွင်အယူခံဝင်သောအခါပထမဆုံးမြန်မာတရားဝန်ကြီးဦးခင်ကအထက်ပါပုဒ်မ၈၂ကိုကိုးကားဖော်ပြပြီးနောက်ဆုံးဖြတ်ရမည့်ပြဿနာမှာလင်ဖြစ်သူသည်မယားဖြစ်သူအားဝယ်ယူသည့်ပစ္စည်းကိုမိမိအတွက်ယုံမှတ်အပ်နှံခြင်းခံရသူအနေဖြင့်လက်ရှိထားရန်ရည်ရွယ်သလား(သို့မဟုတ်)ထိုပစ္စည်းတွင်မယားအကျိုးခံစားရစေရန်ရည်ရွယ်သလားဟုစီရင်ထုံးစာမျက်နှာ၂၁၅တွင်အောက်ပါအတိုင်းပြဆိုပါသည်-


" So , in this case the question would be , " Did the husband intend that his wife should hold the property purchased as trustee for him or that she was to have the beneficial interest therein?"


အခြားတရားဝန်ကြီး ( Mr . Justice Rigg )ကလည်းစီရင်ထုံးစာမျက်နှာ၂၁၃၌အလားတူအောက်ပါအတိုင်းပြဆိုထားပါသည်-


" The question for decision in this suit is whether these two houses and pieces of land were intended as a gift to the wife , or whether there is a resulting trust in favour of the husband on the ground that they were merely placed in her name benami in order to evade a supposed rule prohibiting government servants from speculating in landed property."


ပြဌာန်းဥပဒေနှင့်စီရင်ထုံးများပါအဓိပ္ပာယ်ဖွင့်ဆိုချက်တို့သည်ရှင်းပါသည်။


နောက်ပိုင်းစီရင်ထုံးများ၌မြန်မာတို့နှင့်မရင်းနှီးသောအမည်ခံအမည်ငှားဆိုသည့်စကားရပ်ကိုသုံးလာသည်ကိုတွေ့ရပါသည်။


အမည်ခံအမည်ငှားဆိုသည်မှာ အထက်ပါစီရင်ထုံးများတွင်ရည်ညွှန်းသောယုံမှတ်အပ်နှံခြင်းခံရသူကိုဆိုလိုပါသည်။


ပုဒ်မ၈၂တွင် trustee ဆိုသောစကားမပါပါ။


သို့ရာတွင်ထိုပုဒ်မ၈၂ပါ The Trusts Act အခန်း၉၏ခေါင်းစီးမှာ Of certain Obligation in the Nature of Trusts ( ယုံမှတ်အပ်နှံခြင်းသဘောသက်ရောက်သောတာဝန်များဆိုင်ရာ )ဟုဖော်ပြထား၍ပုဒ်မ၈၁မှစ၍ယုံမှတ်အပ်နှံခြင်းသက်ဝင်သောပြဌာန်းချက်များကိုတွေ့မြင်နိုင်ပါသည်။


သို့ပါ၍ပုဒ်မ၈၂တွင်လွှဲပြောင်းရရှိသူအဖြစ်ဖော်ပြထားသူအကျိုးငှာအဖိုးငွေပေးချေသူကမရည်ရွယ်လျှင်လွှဲပြောင်းရရှိသူသည်အဖိုးငွေပေးချေသူအကျိုးငှာအချင်းဖြစ်ပစ္စည်းကိုလက်ရှိထားရမည်။


တနည်းဆိုရပါကလွှဲပြောင်းရရှိသူသည်အဖိုးငွေပေးချေသူ၏ယုံမှတ်အပ်နှံခြင်းခံရသူဖြစ်သည်ဟုဆိုလိုရင်းဖြစ်ပါသည်။


ထိုယုံကြည်အပ်နှံခြင်းမျိုးကို ( resulting trust )ဟုအထက်ပါစီရင်ထုံးစာမျက်နှာ၂၁၃တွင်ပြဆိုခြင်းဖြစ်ပါသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ