ယုံမှတ်အပ်နှံခြင်းအက်ဥပဒေ( The Trust Act )ပုဒ်မ၈၂နှင့်ဘီနာမီခေါ်အမည်ခံအမည်ငှါး
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ယုံမှတ်အပ်နှံခြင်းအက်ဥပဒေ ( The Trusts Act ) ပုဒ်မ၈၂ နှင့် ဘီနာမီခေါ်အမည်ခံအမည်ငှား
မရွှေ့မပြောင်းနိုင်သောပစ္စည်းအရောင်းအဝယ်အတွက်အဖိုးစားနားပေးချေသူနှင့်စာချုပ်ပါဝယ်ယူသူတို့သည်သီးခြားပုဂ္ဂိုလ်နှစ်ဦး ဖြစ်ကြသည့်အခါ-
(က)အဖိုးစားနားပေးချေသူကဝယ်သူဟုဆိုသောသူအားဝယ်သောပစ္စည်းကိုပိုင်စေလိုသောဆန္ဒဖြင့်ငွေပေးချေခြင်းဖြစ်လျှင်ထိုဝယ်သူသည်လွှဲပြောင်းသောပစ္စည်း၏ ပိုင်ရှင်အဖြစ်သို့ရောက်ရှိသည်။
(ခ)သို့သော်အဖိုးငွေပေးချေသူကလွှဲပြောင်းရရှိသူအားပစ္စည်းပိုင်ဆိုင်စေလိုသောရည်ရွယ်ချက်မရှိလျှင်မူ အရောင်းအဝယ်စာချုပ်၌ဝယ်သူအဖြစ်ဖော်ပြထားသူသည်ဝယ်သောပစ္စည်းကိုငွေရှင်အတွက်လက်ရှိထားသူမျှသာဖြစ်သည်။
တနည်းအားဖြင့်ဝယ်သူဟုဆိုသောသူသည်ငွေရှင်၏ယုံမှတ်အပ်နှံခြင်းခံရသူ( trustee )သာဖြစ်သည်။
ငွေရှင်ကဝယ်သူဟုအဆိုရှိသူအားထိုပစ္စည်းကိုယုံမှတ်အပ်နှံရာရောက်သည်ဟုယုံမှတ်အပ်နှံခြင်းအက်ဥပဒေပုဒ်မ၈၂တွင်ပြဌာန်းထားခြင်းဖြစ်သည်။
ဘီနာမီ(ခ)အမည်ခံအမည်ငှားစနစ်ဆိုင်ရာဥပဒေနှင့်စပ်လျဉ်း၍-
KATHLEEN MAUD KERWICK နှင့် FREDERICK JAMES RUPERT KERWICK
အောက်မြန်မာပြည်စီရင်ထုံးများ၊အတွဲ၉၊စာ၂၁၂အမှုတွင်-
”The Trusts Act”ပုဒ်မ၈၂ပါပြဌာန်းချက်များနှင့်သက်ဆိုင်ကြောင်းညွှန်ပြခဲ့သော်လည်းနောက်စီရင်ထုံးများတွင်ထိုဥပဒေကိုရည်ညွှန်းဆုံးဖြတ်ခြင်းမပြုသဖြင့်ယခုအခါဆိုင်ရာဥပဒေကိုပင်သတိမပြုမိကြတော့ချေ။
ယုံမှတ်အပ်နှံခြင်းအက်ဥပဒေ”The Trusts Act”ပုဒ်မ၈၂၌အောက်ပါအတိုင်းပြဌာန်းထားသည်-
“Where property is transferred to one person for a consideration paid or provide by another person , and it appears that such other person did not intend to pay or provide such consideration for the benefit of the transferee , the transferee must hold the property for the benefit of the person paying or providing the consideration.”
(ပစ္စည်းကိုအခြားသူတဦးကပေးချေသော သို့မဟုတ် စိုက်ထုတ်ပေးသောအဖိုးစားနားအတွက်တဦးတယောက်သောသူအားလွှဲပြောင်းသည့်ကိစ္စ၌ယင်းအခြားသူသည်အဖိုးစားနားကိုလွှဲပြောင်းရရှိသူ၏အကျိုးငှာပေးချေရန် သို့မဟုတ် စိုက်ထုတ်ပေးရန်ရည်ရွယ်ခဲ့သည်မဟုတ်ဟုယူဆရလျှင်လွှဲပြောင်းရရှိသူသည်ပစ္စည်းကိုအဖိုးစားနားပေးချေသူ သို့မဟုတ် စိုက်ထုတ်ပေးသူအကျိုးငှာလက်ရှိထားရမည်။)
ယုံမှတ်အပ်နှံခြင်းအက်ဥပဒေပုဒ်မ၈၂ပါယင်းအခြားသူသည်အဖိုးစားနားကိုလွှဲပြောင်းရရှိသူ၏အကျိုးငှာပေးချေရန်သို့မဟုတ်စိုက်ထုတ်ပေးရန်ရည်ရွယ်ခဲ့သည်မဟုတ်လျှင်ဆိုသည့်ပြဌာန်းချက်နှင့်ညီညွတ်ပါမှအဖိုးစားနားကိုလွှဲပြောင်းရရှိသူသည်ငွေပေးချေသူ၊ငွေစိုက်ထုတ်ပေးသူ၏အကျိုးငှာအချင်းဖြစ်ပစ္စည်းကိုလက်ဝယ်ထားရမည်ဖြစ်သည်။
တနည်းဆိုပါကလွှဲပြောင်းသောပစ္စည်းကိုငွေပေးချေသူ၊ငွေစိုက်ထုတ်ပေးသူကလွှဲပြောင်းရရှိသူအားယုံမှတ်အပ်နှံရာရောက်မည်ဖြစ်သည်။
ယုံမှတ်အပ်နှံခြင်းအက်ဥပဒေပုဒ်မ၈၂ပါပြဌာန်းချက်ကဆိုလိုသည်မှာငွေစိုက်ထုတ်ပေးသူကလွှဲပြောင်းရရှိသူ၏အကျိုးငှာငွေပေးချေခြင်းမဟုတ်လျှင်ပစ္စည်းကိုလွှဲပြောင်းရရှိသူသည်ငွေပေးသူ၏အမည်ငှားအနေဖြင့်ထိုသူ၏အကျိုးငှာလက်ရှိထားခြင်းဖြစ်သည်ဟုဆိုလိုခြင်းဖြစ်သည်။
9 LBR 212(215)အမှုတွင်ပထမဆုံးမြန်မာတရားဝန်ကြီးဦးခင်ကပုဒ်မ၈၂ပါပြဌာန်းချက်ကိုဖော်ထုတ်ပြဆိုသော်လည်းအခြားစီရင်ထုံးများ၌မြန်မာတို့နှင့်စိမ်းသောအမည်ခံအမည်ငှားအရကိစ္စ ( benami transaction )ကိုရည်ညွှန်းဆုံးဖြတ်ကြသည်။
9 LBR 212(215)အမှုတွင် trust ( ယုံကြည်အပ်နှံခြင်း )တမျိုးဖြစ်သော resulting trust ဟူသောဝေါဟာရကိုသုံးသည်။
14 Ran 242( FB )တွင်လည်းအဆိုပါဝေါဟာရကိုသုံးသဖြင့်နားထွေးစရာဖြစ်လာသည်။
ဆိုင်ရာပြဌာန်းဥပဒေမှာမှေးမှိန်သွားသည်။
ဥပဒေပညာရှင်တို့သည်ပုဒ်မ၈၂ပါပြဌာန်းချက်များနှင့်စိမ်းသွားပြီးစီရင်ထုံးများနောက်သို့တကောက်ကောက်လိုက်ကြရာမှအစိုးရကိုယ်စားမြေဂရန်၊မြေငှားစာချုပ်များထုတ်ပေးသည့်ကော်လိတ္တော်အရာရှိများကိုပင်အမည်ခံအမည်ငှားစံနစ်တွင်ဆွဲထည့်သည်အထိအတင့်ရဲလာကြသည်။
စီရင်ထုံးအားလုံး၌အမည်ခံအမည်ငှားစနစ်ကိုအရောင်းအဝယ်ကိစ္စများတွင်သာလျှင်အသုံးပြုကြောင်းပြဆိုထားသည်ကိုတွေ့မြင်နိုင်သည်။
ယုံမှတ်အပ်နှံခြင်းအက်ဥပဒေပုဒ်မ၈၂နှင့်စီရင်ထုံးများတွင်ညွှန်ပြသောလွှဲပြောင်းမှုသည်အဖိုးစားနားဖြင့်လွှဲပြောင်းခြင်းကိုဆိုလိုသည်။
အောက်မြန်မာပြည်မြို့နှင့်ကျေးရွာများအက်ဥပဒေအရဂရန်ထုတ်ပေးခြင်း၊မြေငှားစာချုပ်ချုပ်ဆိုငှားရမ်းခြင်း၊လိုင်စင်ပေးခြင်းတို့သည်နိုင်ငံတော်ကနိုင်ငံပိုင်မြေကိုနိုင်ငံသားများအသုံးပြုနိုင်ရန်ဦးတည်လွှဲပြောင်းပေးခြင်းဖြစ်သည်။
အဖိုးစားနားရရှိရေးကိုအဓိကရည်ရွယ်လွှဲပြောင်းခြင်းမျိုးမဟုတ်သဖြင့်ထိုလွှဲပြောင်းခြင်းမျိုးသည်အမည်ခံအမည်ငှားစနစ်နှင့်သက်ဆိုင်ရန်အကြောင်းမရှိ၍ထုံးသာဓကမရှိရခြင်းဖြစ်ပေသည်။
Comments
Post a Comment