1967 BLR 545 ၊ ဒေါ်ကြည် နှင့် ဒေါ်သိန်းကြည်ပါ၂
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1967BLR545 ( ဒေါ်ကြည် နှင့် ဒေါ်သိန်းကြည်ပါ၂ )စီရင်ထုံးမှာ၊ဒေါ်ကြည်ကအောက်ရုံးနှစ်ရုံးစလုံးမှာရှုံးလာခဲ့တာ၊ဒေါ်သိန်းကြည်ကသူ့ယောင်္ကျားဦးဘဒန်ရောင်းတာဟာသူ့ရဲ့ပိုင်ဆိုင်ခွင့်တဝက်မှာအကျိုးသက်ရောက်မှုမရှိပါဘူးဆိုပြီးတရားစွဲတာ၊ဆရာဦးဘိုကြီးဆီရောက်တော့မယားလုပ်သူဒေါ်သိန်းကြည်နိုင်တယ်၊ဒါကြောင့်ဝယ်တဲ့သူဒေါ်ကြည်ကအထူးအယူခံထပ်တက်ရတယ်၊ဒေါက်တာမောင်မောင်နဲ့ဦးထွန်းတင်ဆီရောက်သွားတယ်၊အထူးအယူခံကျမှဝယ်တဲ့သူဒေါ်ကြည်နိုင်သွားတယ်။
သက်သေထင်ရှားပြရန်တာဝန်နဲ့ပတ်သက်ပြီးတော့ဆရာဦးဘိုကြီးရဲ့အယူအဆမှားသွားတယ်။ဆရာဦးဘိုကြီးဆိုတာနည်းတဲ့ပုဂ္ဂိုလ်မဟုတ်ပါဘူး။သူ့ရဲ့အယူအဆမှားသွားတာကိုဖတ်ကြည့်စေချင်တယ်။ဆရာဦးဘိုကြီးလိုလူမျိုးတောင်မှားသေးတာ၊ငါတို့လိုချောက်ချီးချောက်ချက်နဲ့လုပ်နေရင်ဘယ်လောက်တောင်မှားမလဲဆိုတာဆင်ခြင်မိရင်၊ဆရာဒီသင်တန်းပို့ချရကျိုးနပ်ပါပြီ။
ဆရာဦးဘိုကြီးကမယားလုပ်တဲ့သူဟာသူ့ယောင်္ကျားအိမ်ရောင်းတာကိုသဘောမတူကြောင်း၊သက်သေပြရမယ့်တာဝန်ဟာဝယ်သူတရားပြိုင်ဒေါ်ကြည်ရဲ့တာဝန်ဖြစ်တယ်၊ဝယ်သူဒေါ်ကြည်သက်သေမပြနိုင်လို့မယားဖြစ်သူဒေါ်သိန်းကြည်နိုင်စေဆိုပြီးဆုံးဖြတ်ခဲ့တယ်။
ဒေါက်တာမောင်မောင်နှင့်ဦးထွန်းတင်တို့ပါတဲ့ခုံအဖွဲ့က၊ရောင်းတာကိုမသိပါဘူး၊သဘောမတူပါဘူးဆိုတာသက်သေပြဖို့မယားဒေါ်သိန်းကြည်မှာတာဝန်ရှိတယ်၊မယားဒေါ်သိန်းကြည်ကသက်သေမပြနိုင်လို့အမှုကိုအရှုံးပေးတယ်။
သက်သေခံဥပဒေပုဒ်မ၁၀၁၊၁၀၂ကိုကြည့်ရင်၊ဘယ်သူ့ဘက်ကမှသက်သေမပြနိုင်ရင်၊ဝယ်တဲ့သူဒေါ်ကြည်ကစာချုပ်ကြီးနဲ့သူနိုင်မှာ၊ဆရာဦးထွန်းတင်ရှင်းပြချက်တွေ(စီရင်ထုံးစာမျက်နှာ၅၄၉)ကကောင်းလွန်းလို့၊ဒီစီရင်ထုံးကိုဖတ်စေချင်တယ်။
၁၉၆၇ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးစာမျက်နှာ၅၄၅ကိုအကြောင်းပြုပြီးတော့၊လင်မယားနှစ်ယောက်ပိုင်ပစ္စည်းကိုလင်လုပ်တဲ့သူကရောင်းချတဲ့ကိစ္စမှာ၊မယားလုပ်သူကအတိအလင်းသဘောတူညီချက်မရှိပေမယ့်၊နောက်ပိုင်းမှာမယားရဲ့အပြုအမူအရသဘောတူရာရောက်ခဲ့ရင်၊မယားရဲ့ဝေစုကိုပါလင်ရောင်းချတာဟာတရားဝင်တယ်၊အတည်ဖြစ်တယ်။ဝယ်တဲ့သူဟာရောင်းချတဲ့နေရာမှာမပါတဲဲ့မယားရဲ့ဝေစုကိုလည်းရရှိမှာဖြစ်တယ်ဆိုတဲ့အကြောင်းဆရာသင်ခဲ့ပြီးပြီ။
မယားလုပ်သူဟာအတိအလင်းသဘောတူသည်ဖြစ်စေ၊နောက်ပိုင်းမှာသဘောတူရာရောက်လျှင်ဖြစ်စေ၊လင်ရောင်းချလိုက်တာတရားဝင်ဖြစ်တယ်လို့၊ဒီနေ့အထိလက်ခံကျင့်သုံးနေတယ်၊ဒီဥပဒေသကိုတရားသေမှတ်ဖို့မဟုတ်ပါဘူး၊ခြွင်းချက်ရှိနေပါသေးတယ်။
Comments
Post a Comment