အမှုသည်တွေရဲ့အနေအထားကိစ္စ ( ၁ )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
အမှုသည်တွေရဲ့အနေအထားကိစ္စ
1948BLR717အမှုမှာ၊တရားလိုဦးသာဖြေကအချင်းဖြစ်မြေကိုအမေမုဆိုးမ၊မသေခင်အမွေရတယ်ဆိုပြီးလက်ရောက်ရလိုမှုစွဲဆိုတာပါ။ဒါပေမဲ့မူလရုံးမှာဦးသာဖြေရဲ့ရှေ့နေကပြည့်ပြည့်စုံစုံစိစစ်ဟန်မတူပါဘူး၊အမွေရတယ်လို့ဦးသာဖြေပြောတာကိုလွယ်လွယ်လက်ခံခဲ့ပုံပေါ်ပါတယ်။
မြန်မာဗုဒ္ဓဘာသာများအမွေခွဲကြတဲ့အခြေအနေကိုရှေ့နေကသိရပါမယ်။ဒါမှအမှုသည်ရဲ့ပြောပြချက်မှန်မမှန်ချိန်ဆနိုင်ပါမယ်။သံသယရှိရင်ပြည့်ပြည့်စုံစုံမေးမြန်းဖို့လိုပါမယ်။
မြန်မာဓလေ့ထုံးတမ်းဥပဒေအရ(၁)အဖေ၊အမေတဦးဦးကွယ်လွန်တဲ့အခါဩရသသားကအမွေတောင်းနိုင်တယ်၊အမေသေရင်သမီးဩရသကအမွေတောင်းနိုင်တယ်(၂)ကျန်ရစ်သူမိဘနောက်ထပ်အိမ်ထောင်ပြုရင်သားသမီးတွေကအမွေခွဲဝေပေးဖို့တောင်းနိုင်ပါတယ်။ 1948 BLR 717စီရင်ထုံးစာမျက်နှာ၇၁၉မှာဒီအတိုင်းရှင်းပြထားပါတယ်။ဦးသာဖြေရဲ့အမေဒေါ်ကြုတ်ကနောက်ထပ်အိမ်ထောင်မပြုတဲ့အတွက်အမွေခွဲစရာအကြောင်းမပေါ်ပေါက်ပါဘူး။
ဒေါ်ကြုတ်ကအမွေခွဲဝေတယ်ထားဦး၊ဥပဒေအရအမွေခွဲတာမဟုတ်နိုင်တဲ့အတွက်အပိုင်ပေးတာပဲဖြစ်ရမယ်၊အဲဒီလိုဆိုရင်မှတ်ပုံတင်စာချုပ်ချုပ်ဆိုမပေးပဲအပိုင်ပေးတာခိုင်လုံမယ်မဟုတ်ကြောင်း 12 Ran . 238 ( လင်ချာလီပါ၂ နှင့် ပစ္စည်းထိန်းဝန် )အမှုကိုရည်ညွှန်းပြီး၊ 1948 BLR 717စီရင်ထုံးစာမျက်နှာ၇၁၉မှာရှင်းပြထားပါတယ်။
အမှုမှာပေါ်လာတာကဒေါ်ကြုတ်မှာအခြားသားနှစ်ယောက်ရှိသေးတယ်၊ဒီတော့ဦးသာဖြေဟာသုံးပုံတပုံပဲအများဆုံးပိုင်တဲ့သူဖြစ်တယ်။တရားလွှတ်တော်က 1948 BLR 717စီရင်ထုံးစာမျက်နှာ၇၂၀မှာကျန်တဲ့ညီနှစ်ယောက်ဟာအမှုမှာပါဝင်ရမဲ့အမှုသည်တွေဖြစ်တဲ့အတွက်ဦးသာဖြေတယောက်တည်းလက်ရောက်ရလိုမှုမစွဲဆိုနိုင်ဘူးလို့ဆုံးဖြတ်ပါတယ်။
ပြောစရာတချက်ရှိပါတယ်၊စီရင်ထုံးစာမျက်နှာ၇၂၀မှာ " brothers of the appellant " ( အယူခံတရားလို၏ညီများ ) ဆိုတာမှားပါတယ်။ " brothers of the respondent " ဖြစ်ရပါမယ်။ဘာကြောင့်လဲဆိုတော့အယူခံတရားလိုဟာမောင်ပုဖြစ်ပြီး၊အယူခံတရားပြိုင်ဟာဦးသာဖြေဖြစ်ပါတယ်။
အကြံပြုချင်တာက၊ရှေ့နေရှေ့ရပ်တွေဟာစီရင်ထုံးပေါင်းချုပ်ဖတ်ရုံနဲ့မလုံလောက်ပါဘူး၊ စီရင်ထုံးတွေကိုအစအဆုံးဖတ်မှအကွက်စေ့စေ့နားလည်ပါမယ်၊ရှေ့နေတဦးဟာ၁၉၂၃ခုနှစ်ကစပြီးထုတ်ဝေတဲ့ရန်ကုန်စီရင်ထုံးအတွဲ၁ကနေယခုနောက်ဆုံးထုတ်ဝေတဲ့၂၀၁၉ခုနှစ်စီရင်ထုံးအထိအနည်းဆုံးလေ့လာသင့်ပါတယ်။
1948 BLR 717စီရင်ထုံးမှာဦးသာဖြေဘာကြောင့်အမှုရှုံးရတယ်ဆိုတာ စီရင်ထုံးခေါင်းစီးဖတ်ရုံနဲ့အပြည့်အစုံမသိနိုင်ပါဘူး။
1954BLR235( H C ) ( ဒေါ်ငွေမဲပါ၂ နှင့် ကိုသန်းမောင် )စီရင်ထုံးအရဆိုလျှင်ဦးသာဖြေအမှုရှုံးနိုင်ပါသလား?
စီရင်ထုံးနှစ်ခုကသဘောကွဲလွဲနေဟန်တူပါသည်။၁၉၅၄ခုနှစ်စီရင်ထုံးကမှန်မည့်ပုံပေါ်ပါသည်။၁၉၅၄ခုနှစ်စီရင်ထုံးကိုတရားဝန်ကြီးဦးစံမောင်ကြားနာဆုံးဖြတ်သည်။၁၉၄၈ခုနှစ်စီရင်ထုံးကိုတရားဝန်ကြီးဦးသောင်းစိန်ကြားနာဆုံးဖြတ်သည်။
အမှုပုံစံမလွှဲမှားအောင်ဆောင်ရန်ရှောင်ရန်အချက်များမှာ၊တရားလို၊တရားပြိုင်တို့ရဲ့ဆက်ဆံရေးအနေအထားနဲ့၊အရေးဆိုရမဲ့ပစ္စည်းအမျိုးအစား(ရှိရင်)ကိုစိစစ်ပြီး၊တရားလိုရလိုတဲ့သက်သာခွင့်ကိုအရေးဆိုဖို့၊ဘယ်ပုံဘယ်နည်းနဲ့တရားစွဲဆိုရမယ်ဆိုတာဆုံးဖြတ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။
တရားလိုစွဲဆိုတဲ့အမှုပုံစံမှားတတ်လို့၊တရားပြိုင်ဘက်ကဖော်နည်းကားထုချေတတ်ပါတယ်။အမှုပုံစံမှားတယ်ဆိုတာဟာတရားပြိုင်ကိုအိမ်ငှားလို့အဆိုပြုပြီး၊၁၉၆၀ပြည့်နှစ်မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ၁၂(၁)(က)မှ(စ)ပါကိစ္စတရပ်ရပ်အရမဟုတ်ပဲအခြားကိစ္စရပ်အရနှင်တာမျိုး၊အမွေပစ္စည်းကိုခွဲဝေပေးစေလိုမှုစွဲဆိုတာမျိုး၊အမွေပစ္စည်းအပါအဝင်ပူးတွဲပိုင်တဲ့ပစ္စည်းကိုလက်ရောက်ရလိုကြောင်းစွဲဆိုတာမျိုးအစရှိသည်တို့ဖြစ်ပါတယ်။
အမှုပုံစံမှန်မမှန်အဓိကအားဖြင့်အဆိုအရဆုံးဖြတ်ရန်ဖြစ်ပါတယ်။သို့သော်တခါတရံတရားလိုကအချက်အလက်ပြည့်ပြည့်စုံစုံအဆိုမပြုဘဲတရားပြိုင်ကအချက်အလက်အသစ်များဖော်ထုတ်ပြီးအမှုပုံစံမမှန်ဟုထုချေတတ်ပါတယ်။ဒီကိစ္စမှာတရားပြိုင်ထုချေတဲဲ့အချက်အသစ်များနှင့်စပ်လျဉ်းပြီးတရားမကျင့်ထုံးအမိန့်၈၊နည်း၉အရတရားလိုကိုဖြေကြားစေရာမှာတရားလိုကချေလွှာပါအချက်တွေကိုဝန်ခံရင်အမှုပုံစံမှန်မမှန်ကိစ္စကိုပဏာမငြင်းချက်အဖြစ်သတ်မှတ်ဆုံးဖြတ်ဖို့ဖြစ်ပါတယ်။
ဥပမာ-တရားလိုကတရားပြိုင်အပေါ်အခွင့်အမိန့်အရနေထိုင်သူအဖြစ်နှင်လိုမှုစွဲဆိုရာမှာတရားပြိုင်ကအိမ်ငှားဖြစ်တဲ့အကြောင်းထုချေပြီးအမှုပုံစံမှားကြောင်းထုချေတယ်ဆိုပါစို့။တရားလိုကအမိန့်၈၊နည်း၉အရပြန်ကြားရာမှာတရားပြိုင်ဟာတချိန်ကအိမ်ငှားဖြစ်ခဲ့ပေမယ့်နှစ်ဦးနှစ်ဖက်သဘောတူညီချက်အရအခွင့်အမိန့်အရနေထိုင်သူအဖြစ်ဆက်လက်နေခြင်းဖြစ်တယ်လို့ဆိုရင်အမှုပုံစံမမှန်စရာအကြောင်းမရှိပါဘူး။
အခွင့်အမိန့်အရနေထိုင်သူဟုတ်မဟုတ်ငြင်းချက်ထုတ်ပြီးစစ်ဆေးတဲ့အခါ ခွင့်ပြုချက်အရနေထိုင်ကြောင်းမပေါ်လွင်ပဲအိမ်ရှင်အိမ်ငှားဆက်သွယ်မှုမပြတ်စဲသေးကြောင်းတွေ့ရလို့၊တရားလိုရဲ့အမှုကိုပလပ်ခြင်းဟာ အမှုပုံစံမမှန်လို့မဟုတ်ပါဘူး။တရားလိုအဆိုပြုတဲ့အတိုင်းအခွင့်အမိန့်အရနေထိုင်သူဖြစ်ကြောင်းမထင်ရှားတဲ့အတွက်အမှုရှုံးရခြင်းသာဖြစ်ပါတယ်။ဒီဥပဒေသဘောကိုပဲ1987BLR27အမှုစာမျက်နှာ၂၉မှာရှင်းပြထားပါတယ်။
အမှုပုံစံမှားတယ်ဆိုတာကတရားလိုကိုယ်တိုင်ကဝန်ခံတဲ့၊
တရားပြိုင်ရဲ့အနေအထားနဲ့ဆန့်ကျင်တဲ့သက်သာခွင့်ကို
တောင်းဆိုစွဲဆိုတဲ့အမှုမျိုးဖြစ်ပါတယ်။
ဥပမာ-အချင်းဖြစ်မြေကိုတရားပြိုင်ထံအခိုင်အမာပေါင်ထားကြောင်းအဆိုပြုပြီးလက်ရောက်ရလိုမှုစွဲဆိုတာမျိုးဖြစ်ပါတယ်။တရားပြိုင်ကတရားဝင်အပေါင်ခံသူလို့ဝန်ခံရင်အပေါင်မှုစွဲဆိုမှသာအမှုပုံစံမှန်ပါလိမ့်မယ်။
အချင်းဖြစ်ပစ္စည်းဟာတရားလိုတဦးတည်းအမွေရတဲ့ပစ္စည်းပါလို့အဆိုပြုပြီးသူတစိမ်းတဦးတည်းအပေါ်အမွေစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုတာဟာအမှုပုံစံမှားတာပဲ။
အမွေဆိုင်ဟာအမွေဆိုင်ရဲ့အခွင့်အရေးအရအမွေပစ္စည်းကိုလက်ရှိထားတဲ့အတွက်၊အခွင့်အရေးတစုံတရာမရှိပဲလက်ရှိထားခြင်းမဟုတ်လို့လက်ရောက်ရလိုမှုမစွဲဆိုနိုင်ဘူးဆိုတာဆင်ခြင်လို့ရတဲ့အချက်ပါပဲ။ဒါကြောင့်တရားလိုတရားပြိုင်တို့ရဲ့ဆက်ဆံရေးအနေအထားကိုစိစစ်ဖို့လိုတယ်လို့ပြောခဲ့တာပါ။
Comments
Post a Comment