အမှုသည်တွေရဲ့အနေအထားကိစ္စ ( ၂ )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
အမှုသည်တွေရဲ့အနေအထားကိစ္စ
မြန်မာဗုဒ္ဓဘာသာအမွေရှင်ရဲ့အမွေကိုဆက်ခံသူတို့ဟာအတူပိုင်ဆိုင်သူများဖြစ်ကြပါတယ်၊ဒါကြောင့် 10 Ran. 261 ( P . C . )စီရင်ထုံးအရအမွေဆိုင်တဦးဟာမိမိရဲ့အကျိုးခံစားခွင့်ကိုရောင်းချခွင့်ရှိပါတယ်၊အမွေစီမံခန့်ခွဲမှုစွဲဆိုရတာကအမွေပစ္စည်းခွဲဝေရုံတွင်မကသေသူအမွေရှင်ရဲ့ကြွေးမြီများကောက်ခံခြင်း၊ပေးဆပ်ခြင်းအစရှိသည်တို့ကိုဆောင်ရွက်ရတဲ့အတွက်ဖြစ်ပါတယ်။
အဲဒီကိစ္စတွေဟာဝယ်သူနဲ့မဆိုင်တဲ့အတွက်အမွေစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုဖို့အကြောင်းမရှိပါဘူး၊ဒါကြောင့်ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုရမှာဖြစ်ပါတယ်၊
1963 BLR 961 ( ဒေါ်စိန်ဖြူ နှင့် မောင်တင်မြင့် )စီရင်ထုံးကိုကြည့်ပါ။
အမွေဆိုင်တဦးလက်ရှိအမွေပစ္စည်းကိုအခြားအမွေဆိုင်ကလက်ရောက်ရလိုမှုစွဲဆိုခွင့်မရှိဘူးဆိုပြီး၊ 1986 BLR 121 ( မမြင့် နှင့် မနုနုကြည် )အမှုမှာလည်းတွေ့နိုင်ပါတယ်။
ပူးတွဲပိုင်ဆိုင်တဲ့ပစ္စည်းကိုလက်ရောက်ရဖို့တရားစွဲလို့မရနိုင်ပါဘူး၊ 1984 BLR 239 ( ဦးကြွားပါ၇ နှင့် ဒေါ်တင်လှပါ၄ )အမှုမှာသတိချွတ်ချော်ပြီးဒီလိုပဲတရားစွဲဆိုမိလို့ရှုံးနိမ့်ခဲ့ရတာကိုသင်ခန်းစာယူသင့်ပါတယ်။
အကြံပြုချင်တာက၊ရှေ့နေရှေ့ရပ်တွေဟာစီရင်ထုံးပေါင်းချုပ်ဖတ်ရုံနဲ့မလုံလောက်ပါဘူး၊ စီရင်ထုံးတွေကိုအစအဆုံးဖတ်မှအကွက်စေ့စေ့နားလည်ပါမယ်၊ရှေ့နေတဦးဟာ၁၉၂၃ခုနှစ်ကစပြီးထုတ်ဝေတဲ့ရန်ကုန်စီရင်ထုံးအတွဲ၁ကနေယခုနောက်ဆုံးထုတ်ဝေတဲ့၂၀၁၉ခုနှစ်စီရင်ထုံးအထိအနည်းဆုံးလေ့လာသင့်ပါတယ်။
အမှုပုံစံမလွှဲမှားအောင်ဆောင်ရန်ရှောင်ရန်အချက်များမှာ၊တရားလို၊တရားပြိုင်တို့ရဲ့ဆက်ဆံရေးအနေအထားနဲ့၊အရေးဆိုရမဲ့ပစ္စည်းအမျိုးအစား(ရှိရင်)ကိုစိစစ်ပြီး၊တရားလိုရလိုတဲ့သက်သာခွင့်ကိုအရေးဆိုဖို့၊ဘယ်ပုံဘယ်နည်းနဲ့တရားစွဲဆိုရမယ်ဆိုတာဆုံးဖြတ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။
တရားလိုစွဲဆိုတဲ့အမှုပုံစံမှားတတ်လို့၊တရားပြိုင်ဘက်ကဖော်နည်းကားထုချေတတ်ပါတယ်။အမှုပုံစံမှားတယ်ဆိုတာဟာတရားပြိုင်ကိုအိမ်ငှားလို့အဆိုပြုပြီး၊၁၉၆၀ပြည့်နှစ်မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ၁၂(၁)(က)မှ(စ)ပါကိစ္စတရပ်ရပ်အရမဟုတ်ပဲအခြားကိစ္စရပ်အရနှင်တာမျိုး၊အမွေပစ္စည်းကိုခွဲဝေပေးစေလိုမှုစွဲဆိုတာမျိုး၊အမွေပစ္စည်းအပါအဝင်ပူးတွဲပိုင်တဲ့ပစ္စည်းကိုလက်ရောက်ရလိုကြောင်းစွဲဆိုတာမျိုးအစရှိသည်တို့ဖြစ်ပါတယ်။
အမှုပုံစံမှန်မမှန်အဓိကအားဖြင့်အဆိုအရဆုံးဖြတ်ရန်ဖြစ်ပါတယ်။သို့သော်တခါတရံတရားလိုကအချက်အလက်ပြည့်ပြည့်စုံစုံအဆိုမပြုဘဲတရားပြိုင်ကအချက်အလက်အသစ်များဖော်ထုတ်ပြီးအမှုပုံစံမမှန်ဟုထုချေတတ်ပါတယ်။ဒီကိစ္စမှာတရားပြိုင်ထုချေတဲဲ့အချက်အသစ်များနှင့်စပ်လျဉ်းပြီးတရားမကျင့်ထုံးအမိန့်၈၊နည်း၉အရတရားလိုကိုဖြေကြားစေရာမှာတရားလိုကချေလွှာပါအချက်တွေကိုဝန်ခံရင်အမှုပုံစံမှန်မမှန်ကိစ္စကိုပဏာမငြင်းချက်အဖြစ်သတ်မှတ်ဆုံးဖြတ်ဖို့ဖြစ်ပါတယ်။
ဥပမာ-တရားလိုကတရားပြိုင်အပေါ်အခွင့်အမိန့်အရနေထိုင်သူအဖြစ်နှင်လိုမှုစွဲဆိုရာမှာတရားပြိုင်ကအိမ်ငှားဖြစ်တဲ့အကြောင်းထုချေပြီးအမှုပုံစံမှားကြောင်းထုချေတယ်ဆိုပါစို့။တရားလိုကအမိန့်၈၊နည်း၉အရပြန်ကြားရာမှာတရားပြိုင်ဟာတချိန်ကအိမ်ငှားဖြစ်ခဲ့ပေမယ့်နှစ်ဦးနှစ်ဖက်သဘောတူညီချက်အရအခွင့်အမိန့်အရနေထိုင်သူအဖြစ်ဆက်လက်နေခြင်းဖြစ်တယ်လို့ဆိုရင်အမှုပုံစံမမှန်စရာအကြောင်းမရှိပါဘူး။
အခွင့်အမိန့်အရနေထိုင်သူဟုတ်မဟုတ်ငြင်းချက်ထုတ်ပြီးစစ်ဆေးတဲ့အခါ ခွင့်ပြုချက်အရနေထိုင်ကြောင်းမပေါ်လွင်ပဲအိမ်ရှင်အိမ်ငှားဆက်သွယ်မှုမပြတ်စဲသေးကြောင်းတွေ့ရလို့၊တရားလိုရဲ့အမှုကိုပလပ်ခြင်းဟာ အမှုပုံစံမမှန်လို့မဟုတ်ပါဘူး။တရားလိုအဆိုပြုတဲ့အတိုင်းအခွင့်အမိန့်အရနေထိုင်သူဖြစ်ကြောင်းမထင်ရှားတဲ့အတွက်အမှုရှုံးရခြင်းသာဖြစ်ပါတယ်။ဒီဥပဒေသဘောကိုပဲ1987BLR27အမှုစာမျက်နှာ၂၉မှာရှင်းပြထားပါတယ်။
အမှုပုံစံမှားတယ်ဆိုတာကတရားလိုကိုယ်တိုင်ကဝန်ခံတဲ့၊
တရားပြိုင်ရဲ့အနေအထားနဲ့ဆန့်ကျင်တဲ့သက်သာခွင့်ကို
တောင်းဆိုစွဲဆိုတဲ့အမှုမျိုးဖြစ်ပါတယ်။
ဥပမာ-အချင်းဖြစ်မြေကိုတရားပြိုင်ထံအခိုင်အမာပေါင်ထားကြောင်းအဆိုပြုပြီးလက်ရောက်ရလိုမှုစွဲဆိုတာမျိုးဖြစ်ပါတယ်။တရားပြိုင်ကတရားဝင်အပေါင်ခံသူလို့ဝန်ခံရင်အပေါင်မှုစွဲဆိုမှသာအမှုပုံစံမှန်ပါလိမ့်မယ်။
အချင်းဖြစ်ပစ္စည်းဟာတရားလိုတဦးတည်းအမွေရတဲ့ပစ္စည်းပါလို့အဆိုပြုပြီးသူတစိမ်းတဦးတည်းအပေါ်အမွေစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုတာဟာအမှုပုံစံမှားတာပဲ။
အမွေဆိုင်ဟာအမွေဆိုင်ရဲ့အခွင့်အရေးအရအမွေပစ္စည်းကိုလက်ရှိထားတဲ့အတွက်၊အခွင့်အရေးတစုံတရာမရှိပဲလက်ရှိထားခြင်းမဟုတ်လို့လက်ရောက်ရလိုမှုမစွဲဆိုနိုင်ဘူးဆိုတာဆင်ခြင်လို့ရတဲ့အချက်ပါပဲ။ဒါကြောင့်တရားလိုတရားပြိုင်တို့ရဲ့ဆက်ဆံရေးအနေအထားကိုစိစစ်ဖို့လိုတယ်လို့ပြောခဲ့တာပါ။
Comments
Post a Comment