အမှုသည်တွေရဲ့အနေအထားကိစ္စ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

အမှုသည်တွေရဲ့အနေအထားကိစ္စ

အမွေဆိုင်တဦးလက်ရှိအမွေပစ္စည်းကိုအခြားအမွေဆိုင်ကလက်ရောက်ရလိုမှုစွဲဆိုခွင့်မရှိဘူးဆိုပြီး၊ 1982 BLR 48 ( ဒေါက်တာမိုးဇော် နှင့် ဒေါက်တာမျိုးသန်း )အမှုကစပြီးညွှန်ပြထားပါတယ်။

တရားမကျင့်ထုံးဥပဒေ၊အမိန့်၇၊နည်း၁(င)အရ၊အဆိုလွှာမှာတရားစွဲဖို့အကြောင်းဖန်စေတဲ့အကြောင်းခြင်းရာများကိုဖော်ပြဖို့လိုပါတယ်။အိမ်ရှင်အိမ်ငှားအမှုမှာ၊တရားလိုဟာတရားပြိုင်ရဲ့အိမ်ရှင်ဆိုတာ၊တရားစွဲဆိုရန်အကြောင်းရဲ့တစိတ်တဒေသဖြစ်ပါတယ်။

အဆိုလွှာအရပဲ၊တရားလိုတွေဟာတရားပြိုင်ရဲ့အိမ်ရှင်မဟုတ်ကြောင်းဗူးပေါ်သလိုပေါ်နေရင်၊အိမ်ငှားနှင်လိုမှုစွဲဆိုရန်အကြောင်းပေါ်ပေါက်ကြောင်းအဆိုလွှာကသိသာထင်ရှားစေခြင်းမရှိပါဘူး။ဒါကြောင့်အဆိုလွှာကိုအမိန့်၇၊နည်း၁၁(က)အရပယ်ရန်ဖြစ်ပါတယ်။အမိန့်၈အဆင့်အထိမရောက်တော့ဘူး။

ဒီအခြေအနေမှာ၊အမိန့်၈၊နည်း၅ကိုကိုးကားပြီးအဆိုလွှာရဲ့ပျော့ကွက်ဟာကွက်ကိုဖြည့်စွက်ရန်မဟုတ်ပါဘူး။တရားလိုဟာမိမိအဆိုလွှာအရအမှုအနိုင်ရမယ့်အခြေအနေမှာရှိရပါမယ်။အဆိုလွှာကိုယ်တိုင်ကအခြေမခိုင်တဲ့အမှုမှာ၊ဖြေလွှာရဲ့ပျော့ကွက်ဟာကွက်အရအမှုနိုင်ခွင့်မရှိပါဘူး။အိမ်ငှားမဟုတ်ပါဘူးလို့မငြင်းသော်လည်း၊ဥပဒေအရအိမ်ငှားမဟုတ်ကြောင်းအဆိုလွှာကပဲအထင်အရှားညွှန်ပြနေလေတော့ဝန်ခံချက်ကိုလက်ညှိုးထိုးပြီးအနိုင်ယူခွင့်ရှိခဲ့ရင်၊အမိန့်၇၊နည်း၁(င)နဲ့နည်း၁၁(က)တို့ဟာ၊အဟောသိကံဖြစ်ပါလိမ့်မယ်။ 1995 BLR 135 ( ဒေါ်မြင့်သိန်း(ခ)အမီနံပါ၂ နှင့် ဦးမြင့်သိန်းပါ၆ )စီရင်ထုံးစာမျက်နှာ၁၄၁၊၁၄၂နှင့်၁၄၃ကိုကြည့်ပါ။

တရားမကျင့်ထုံးဥပဒေနောက်ဆက်တွဲ(က)မှာအဆိုအချေနမူနာများကိုဖော်ပြထားပါတယ်။တိုတိုတုတ်တုတ်လိုသလောက်ရေးပြထားတာတွေ့ရပါမယ်။အမိန့်၇၊နည်း၁(င)မှာတရားစွဲဆိုဖို့အကြောင်းဖန်လာတဲ့အကြောင်းခြင်းရာလောက်ပဲဖော်ပြဖို့ဖြစ်တယ်ဆိုတာသတိချပ်ရပါမယ်။အမိန့်၆၊နည်း၁ကိုသတိပြုရမှာဖြစ်ပါတယ်။လိုရင်းတိုရှင်းရေးရမှာပါ။လိုတာထက်ပိုပြီးဖော်ပြတဲ့အကြောင်းအရာဟာတရားလိုဘက်ကိုဒုက္ခပေးနိုင်တဲ့အချက်ဖြစ်နေတယ်ဆိုတာကိုသတိမူရမှာဖြစ်ပါတယ်။

တရားလိုတရားပြိုင်ရဲ့အနေအထားကိုစေ့စေ့စပ်စပ်စိစစ်၊မျက်မြင်အနေအထားကိုကြည့်ရုံနဲ့မလုံလောက်သေးဘူး။တရားဥပဒေအရဘယ်လိုအနေအထားလဲဆိုတာနောက်တဆင့်တက်ပြီးလေ့လာဖို့လိုပါသေးတယ်။ဆိုင်ရာဥပဒေများအရဘက်စုံထောင့်စုံနှံ့နှံ့စပ်စပ်လေ့လာဖို့နှိုးဆော်ပေးနေသလိုဖြစ်ပါတယ်။

လေးလေးနက်နက်စိစစ်ရန်လိုအပ်ပုံကိုမီးမောင်းထိုးပြတဲ့သာဓကများကို၊ 1982 BLR 48 ( ဒေါက်တာမိုးဇော် နှင့် ဒေါက်တာမျိုးသန်း )၊ 1983 BLR 87 ( ဒေါ်ခင်သစ် နှင့် ရမ်းဘာလတ်ပါ၇ )၊ 1983 BLR 101 ( ဦးထွန်းမြင့် နှင့် ဒေါ်ငွေကြည်ပါ၃ )၊ 1983 BLR 188 ( ဒေါ်တင်ရွှေ နှင့် ဦးသောင်းညွန့် )၊ 1983 BLR 191 ( ဦးတင်ဝင်းပါ၂ နှင့် ဦးတင်ညွန့်ပါ၃ )အမှုများကိုကြည့်ပါ။

အကြံပြုချင်တာက၊ရှေ့နေရှေ့ရပ်တွေဟာစီရင်ထုံးပေါင်းချုပ်ဖတ်ရုံနဲ့မလုံလောက်ပါဘူး၊စီရင်ထုံးတွေကိုအစအဆုံးဖတ်မှအကွက်စေ့စေ့နားလည်ပါမယ်၊ရှေ့နေတဦးဟာ၁၉၂၃ခုနှစ်ကစပြီးထုတ်ဝေတဲ့ရန်ကုန်စီရင်ထုံးအတွဲ၁ကနေယခုနောက်ဆုံးထုတ်ဝေတဲ့၂၀၁၉ခုနှစ်စီရင်ထုံးအထိအနည်းဆုံးလေ့လာသင့်ပါတယ်။

အမှုပုံစံမလွှဲမှားအောင်ဆောင်ရန်ရှောင်ရန်အချက်များမှာ၊တရားလို၊တရားပြိုင်တို့ရဲ့ဆက်ဆံရေးအနေအထားနဲ့၊အရေးဆိုရမဲ့ပစ္စည်းအမျိုးအစား(ရှိရင်)ကိုစိစစ်ပြီး၊တရားလိုရလိုတဲ့သက်သာခွင့်ကိုအရေးဆိုဖို့၊ဘယ်ပုံဘယ်နည်းနဲ့တရားစွဲဆိုရမယ်ဆိုတာဆုံးဖြတ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

တရားလိုစွဲဆိုတဲ့အမှုပုံစံမှားတတ်လို့၊တရားပြိုင်ဘက်ကဖော်နည်းကားထုချေတတ်ပါတယ်။အမှုပုံစံမှားတယ်ဆိုတာဟာတရားပြိုင်ကိုအိမ်ငှားလို့အဆိုပြုပြီး၊၁၉၆၀ပြည့်နှစ်မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ၁၂(၁)(က)မှ(စ)ပါကိစ္စတရပ်ရပ်အရမဟုတ်ပဲအခြားကိစ္စရပ်အရနှင်တာမျိုး၊အမွေပစ္စည်းကိုခွဲဝေပေးစေလိုမှုစွဲဆိုတာမျိုး၊အမွေပစ္စည်းအပါအဝင်ပူးတွဲပိုင်တဲ့ပစ္စည်းကိုလက်ရောက်ရလိုကြောင်းစွဲဆိုတာမျိုးအစရှိသည်တို့ဖြစ်ပါတယ်။

အမှုပုံစံမှန်မမှန်အဓိကအားဖြင့်အဆိုအရဆုံးဖြတ်ရန်ဖြစ်ပါတယ်။သို့သော်တခါတရံတရားလိုကအချက်အလက်ပြည့်ပြည့်စုံစုံအဆိုမပြုဘဲတရားပြိုင်ကအချက်အလက်အသစ်များဖော်ထုတ်ပြီးအမှုပုံစံမမှန်ဟုထုချေတတ်ပါတယ်။ဒီကိစ္စမှာတရားပြိုင်ထုချေတဲဲ့အချက်အသစ်များနှင့်စပ်လျဉ်းပြီးတရားမကျင့်ထုံးအမိန့်၈၊နည်း၉အရတရားလိုကိုဖြေကြားစေရာမှာတရားလိုကချေလွှာပါအချက်တွေကိုဝန်ခံရင်အမှုပုံစံမှန်မမှန်ကိစ္စကိုပဏာမငြင်းချက်အဖြစ်သတ်မှတ်ဆုံးဖြတ်ဖို့ဖြစ်ပါတယ်။

ဥပမာ-တရားလိုကတရားပြိုင်အပေါ်အခွင့်အမိန့်အရနေထိုင်သူအဖြစ်နှင်လိုမှုစွဲဆိုရာမှာတရားပြိုင်ကအိမ်ငှားဖြစ်တဲ့အကြောင်းထုချေပြီးအမှုပုံစံမှားကြောင်းထုချေတယ်ဆိုပါစို့။တရားလိုကအမိန့်၈၊နည်း၉အရပြန်ကြားရာမှာတရားပြိုင်ဟာတချိန်ကအိမ်ငှားဖြစ်ခဲ့ပေမယ့်နှစ်ဦးနှစ်ဖက်သဘောတူညီချက်အရအခွင့်အမိန့်အရနေထိုင်သူအဖြစ်ဆက်လက်နေခြင်းဖြစ်တယ်လို့ဆိုရင်အမှုပုံစံမမှန်စရာအကြောင်းမရှိပါဘူး။

အခွင့်အမိန့်အရနေထိုင်သူဟုတ်မဟုတ်ငြင်းချက်ထုတ်ပြီးစစ်ဆေးတဲ့အခါ ခွင့်ပြုချက်အရနေထိုင်ကြောင်းမပေါ်လွင်ပဲအိမ်ရှင်အိမ်ငှားဆက်သွယ်မှုမပြတ်စဲသေးကြောင်းတွေ့ရလို့၊တရားလိုရဲ့အမှုကိုပလပ်ခြင်းဟာအမှုပုံစံမမှန်လို့မဟုတ်ပါဘူး။တရားလိုအဆိုပြုတဲ့အတိုင်းအခွင့်အမိန့်အရနေထိုင်သူဖြစ်ကြောင်းမထင်ရှားတဲ့အတွက်အမှုရှုံးရခြင်းသာဖြစ်ပါတယ်။ဒီဥပဒေသဘောကိုပဲ1987BLR27အမှုစာမျက်နှာ၂၉မှာရှင်းပြထားပါတယ်။

အမှုပုံစံမှားတယ်ဆိုတာကတရားလိုကိုယ်တိုင်ကဝန်ခံတဲ့၊

တရားပြိုင်ရဲ့အနေအထားနဲ့ဆန့်ကျင်တဲ့သက်သာခွင့်ကို

တောင်းဆိုစွဲဆိုတဲ့အမှုမျိုးဖြစ်ပါတယ်။

ဥပမာ-အချင်းဖြစ်မြေကိုတရားပြိုင်ထံအခိုင်အမာပေါင်ထားကြောင်းအဆိုပြုပြီးလက်ရောက်ရလိုမှုစွဲဆိုတာမျိုးဖြစ်ပါတယ်။တရားပြိုင်ကတရားဝင်အပေါင်ခံသူလို့ဝန်ခံရင်အပေါင်မှုစွဲဆိုမှသာအမှုပုံစံမှန်ပါလိမ့်မယ်။

အချင်းဖြစ်ပစ္စည်းဟာတရားလိုတဦးတည်းအမွေရတဲ့ပစ္စည်းပါလို့အဆိုပြုပြီးသူတစိမ်းတဦးတည်းအပေါ်အမွေစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုတာဟာအမှုပုံစံမှားတာပဲ။

အမွေဆိုင်ဟာအမွေဆိုင်ရဲ့အခွင့်အရေးအရအမွေပစ္စည်းကိုလက်ရှိထားတဲ့အတွက်၊အခွင့်အရေးတစုံတရာမရှိပဲလက်ရှိထားခြင်းမဟုတ်လို့လက်ရောက်ရလိုမှုမစွဲဆိုနိုင်ဘူးဆိုတာဆင်ခြင်လို့ရတဲ့အချက်ပါပဲ။ဒါကြောင့်တရားလိုတရားပြိုင်တို့ရဲ့ဆက်ဆံရေးအနေအထားကိုစိစစ်ဖို့လိုတယ်လို့ပြောခဲ့တာပါ။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ