မြန်မာဗုဒ္ဓဘာသာလင်မယားပိုင်ပစ္စည်းကိုလင်ဖြစ်သူကမယားဖြစ်သူ​၏သဘောသက်ရောက်သောသဘောတူညီချက်ဖြင့်ရောင်းချခြင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

မြန်မာဗုဒ္ဓဘာသာလင်မယားပိုင်ပစ္စည်းကိုလင်ဖြစ်သူကမယားဖြစ်သူ​၏သဘောသက်ရောက်သောသဘောတူညီချက်ဖြင့်ရောင်းချရာ၌၊ပစ္စည်းတရပ်လုံးအပေါ်အတည်ဖြစ်သည်ဆိုသောဥပဒေသဘောအရ၊လင်သို့မဟုတ်မယားအပေါ်ချမှတ်သောငွေဒီကရီကို၊မယားသို့မဟုတ်လင်ကိုယ်တိုင်ပေးဆပ်ရန်တာဝန်ရှိသည်ဟုကောက်ယူခြင်းမပြုနိုင်။ပစ္စည်းအပေါ်တာဝန်ရှိခြင်းနှင့်လူပုဂ္ဂိုလ်အပေါ်တာဝန်ရှိခြင်းတို့သည်သီးခြားကိစ္စများဖြစ်သည်။

တရားလွှတ်တော်တရားဝန်ကြီးချုပ်အပါအဝင်၊တရားဝန်ကြီး(၇)ဦးပါသောစုံညီခုံရုံးကသမိုင်းတွင်သောစီရင်ထုံးဖြစ်သည့်၊ ရန်ကုန်အတွဲ၉စာ၅၂၄(စုံညီ)အမှုတွင်၊မြန်မာဗုဒ္ဓဘာသာလင်မယားသည်ပေါင်းသင်းဆဲ၌ဖြစ်ထွန်းသောပစ္စည်းတွင်အတူပိုင်ဆိုင်သူများဖြစ်ကြောင်းပြဆိုရာ၌"လင်နှင့်မယားပူးတွဲပိုင်သောပစ္စည်းအပေါ်ဒီကရီတရပ်ကိုအတည်ပြုသည့်အခါ(ဒီကရီချမှတ်သည့်)အမှုတွင်၊အမှုသည်အဖြစ်နည်းလမ်းတကျထည့်သွင်းပြီးဒီကရီကိုလိုက်နာရန်တာဝန်ရှိသူ(မှတ်ချက်။  ။ဆိုလိုသည်မှာ၊ဒီကရီချမှတ်ခံရသူ)မဟုတ်သော၊လင်သို့မဟုတ်မယား​၏အကျိုးသက်ဆိုင်ခွင့်ကိုဝရမ်းကပ်ကာထိုဒီကရီကိုအတည်မပြုနိုင်"ဟုထုံးဖွဲ့ထားသည်။

၁၉၄၀ရန်ကုန်၁၈၀အမှုတွင်၊ဗုဒ္ဓဘာသာအယူခံတရားလိုမလှဦးဖြူတို့လင်မယားပိုင်ပစ္စည်းကို၎င်း​၏ခင်ပွန်းတဦးတည်းကအယူခံတရားပြိုင်ကုမ္ပဏီထံပေါင်ရာမှ၊ထိုကုမ္ပဏီကပေါင်သူခင်ပွန်းနှင့်မယားမလှဦးဖြူတို့အပေါ်အမှုစွဲဆိုသည်။

မယားဖြစ်သူသည်ခင်ပွန်းပေါင်နှံသည့်ကိစ္စကိုသိရှိသည့်အပြင်သဘောလည်းတူသည်ဟု၊မူလတရားရုံးနှင့်ပထမအယူခံတရားရုံးတို့ကကောက်ယူပြီး၊တရားပြိုင်လင်နှင့်မယားအပေါ်အပေါင်ပစ္စည်းကိုရောင်းချရန်ပဏာမဒီကရီချမှတ်သည်။

သို့သော်တရားလွှတ်တော်တရားမဒုတိယအယူခံမှု၌၊တဦးထိုင်တရားသူကြီးကခင်ပွန်းဖြစ်သူကလင်မယားပိုင်ပစ္စည်းကိုပေါင်ကြောင်း၊မယားဖြစ်သူသိကြောင်း၊ထို့ပြင်သဘောတူကြောင်းသက်သေထင်ရှားခြင်းမရှိ၍ခင်ပွန်းဖြစ်သူပစ္စည်းပေါင်ခြင်းသည်အချင်းဖြစ်ပစ္စည်းတွင်မယား​၏အကျိုးခံစားခွင့်အပေါ်တာဝန်တင်ရှိစေခြင်းမရှိဟုဆုံးဖြတ်သည်။

တရားလွှတ်တော်တွင်ထပ်မံအယူခံဝင်သောအခါခုံရုံးက၊ခင်ပွန်းဖြစ်သူပစ္စည်းပေါင်သည့်ကိစ္စကိုမယားဖြစ်သူသိခြင်း၊သဘောတူခြင်းပြဿနာသည်အကြောင်းခြင်းရာပြဿနာဖြစ်သဖြင့်၊လင်ပေါင်နှံသည့်ကိစ္စကိုမလှဦးဖြူသိသည်သဘောတူသည်ဟုပထမအယူခံတရားရုံးကဆုံးဖြတ်ခြင်းကိုတရားမဒုတိယအယူခံတွင်စွက်ဖက်ပြင်ဆင်ခွင့်မရှိကြောင်းကောက်ယူပြီး၊မူလတရားရုံးကလင်မယားနှစ်ဦးစလုံးအပေါ်ချမှတ်သည့်အပေါင်ပဏာမဒီကရီကိုပြန်လည်အတည်ပြုသည်။(စီရင်ထုံးစာမျက်နှာ၁၈၆နှင့်၁၈၇တို့ကိုဖတ်ပါ။)

လင်ချေးယူသောအပေါင်ကြွေးမြီအတွက်မယား၌ကိုယ်တိုင်(personally)တာဝန်ရှိသည်ဟုစီရင်ထုံးတွင်လုံးဝမဆုံးဖြတ်။ပဏာမအပေါင်ဒီကရီသည်အပေါင်ပစ္စည်းတွင်မယား​၏အကျိုးခံစားခွင့်အပေါ်တွင်လည်းအတည်ဖြစ်သည်ဟုဆုံးဖြတ်ခြင်းဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ