၁၉၆၃ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးစာမျက်နှာ၉၁၂အကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

၁၉၆၃ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးစာမျက်နှာ၉၁၂အကြောင်းကိုဆွေးနွေးပါ့မယ်။ဒီအမှုမှာတရားလိုရဲ့အဖေကဂရန်ရတယ်။အဖေလုပ်တဲ့သူဂရန်ရတဲ့မြေကွက်မှာမယားလုပ်တဲ့သူဆိုင်တာပေါ့။မယားကအကြွေးတင်ပါလိမ့်မယ်ထင်တယ်။လင်မယားနှစ်ယောက်ပိုင်ဂရန်ပစ္စည်းမှာမယားရဲ့အကျိုးခံစားခွင့်ကိုဝရမ်းကပ်တယ်၊ရောင်းတယ်။တရားပြိုင်မောင်ကျင်မောင်ကဝယ်လိုက်တယ်။တပိုင်းတစမှာသူဝင်နေလိုက်တယ်။

အဖေရောအမေရောသေပြီးတဲ့နောက်ဂရန်ရသူရဲ့သမီးဖြစ်သူက၊မောင်ကျင်မောင်ကိုကျူးကျော်သူအဖြစ်လက်ရောက်ရလိုမှုစွဲတယ်။မောင်ကျင်မောင်ကကျွန်တော်ကျူးကျော်သူမဟုတ်ဘူး။သူ့အမေရဲ့ရပိုင်ခွင့်ကိုဝယ်နေတဲ့အတွက်ကျူးကျော်သူမဟုတ်ဘူးလို့ထုချေတယ်။

တောင်ငူခရိုင်တရားမတရားသူကြီးကမယားပေါ်မှာကြွေးမြီကိုအကြောင်းပြုပြီးတော့ရောင်းတာဟာ၊ဂရန်သည်ကော်လိတ္တော်ခွင့်ပြုချက်မရပဲရောင်းတာ၊ပဋိညာဉ်ဥပဒေနဲ့ဆန့်ကျင်တယ်။ဒါကြောင့်မောင်ကျင်မောင်ဝယ်တာအကျိုးအမြတ်မရှိဘူးဆိုပြီးဆုံးဖြတ်လိုက်တယ်။

တရားရုံးချုပ်ရောက်တော့12BLTအရ၊ဂရန်မှာဘယ်လိုပဲရေးထားရေးထားရောင်းလို့ရပါတယ်။ပဋိညာဉ်ဥပဒေအရမပျက်ဘူးလို့ဆုံးဖြတ်တယ်။

၁၉၁၉ခုနှစ်မှာဆုံးဖြတ်တဲ့12BLT156ကို၁၉၆၃ခုနှစ်မှာထပ်ပြီးတော့အတည်ပြုဆုံးဖြတ်ပါတယ်။ကော်လိတ္တော်ရဲ့ခွင့်ပြုချက်မရစေကာမူရောင်းချမှုဟာမပျက်ဘူး။ 

12BLTကိုမသိလဲ၁၉၆၃ခုနှစ်စီရင်ထုံးဟာသဘောချင်းအတူတူပါပဲ။

ထူးခြားတဲ့ဥပဒေလေးတခုကိုဆက်ရှင်းပေးပါ့မယ်။သမီးဘက်ကလိုက်တဲ့ရှေ့နေက၊ဝယ်တဲ့မောင်ကျင်မောင်ဟာမူလပိုင်ရှင်သမီးနဲ့အဖေရဲ့မြေကိုလည်းမခွဲရသေးဘူး။မခွဲရသေးလို့ဘယ်အပိုင်းဟာသူ့ပစ္စည်းလဲလို့မသိနိုင်ပါဘူးလို့လျှောက်တယ်။မောင်ကျင်မောင်ဝယ်တာကမယားရဲ့ပိုင်ဆိုင်မှုကိုဝယ်တာ၊ဂရန်ရတာကလင်လုပ်သူကရတာ။

တရားသူကြီးဦးစံမောင်က၊သူတို့လင်မယားကွဲမှမကွဲပဲ၊ဘယ်လိုလုပ်လင်မယားပိုင်ခွဲလို့ရပါ့မလဲ။သူတို့လင်မယားဟာသေတဲ့အထိကွဲမှမကွဲပဲ။ဒါကြောင့်မူလပိုင်ရှင်နဲ့မောင်ကျင်မောင်တ်ု့ခွဲဖို့တင်ပြတာဟာမမှန်ဘူးလို့ဆုံးဖြတ်တယ်။အဲဒီလိုဆုံးဖြတ်တာမှားတယ်လို့ဒေါက်တာဧမောင်ကသူရေးတဲ့စာအုပ်မှာဝေဖန်တယ်။

မူလကလင်နှင့်မယားပိုင်တဲ့ပစ္စည်းဟာမယားကအပိုင်ပေးပြီးတဲ့နောက်လင်နဲ့အပိုင်ရသူတို့ပိုင်ပစ္စည်းဖြစ်သွားပါပြီ။ခွဲယူတဲ့အခါတယောက်ရဲ့ဝေစုမှာကျန်တယောက်ကအကျိုးခံစားခွင့်မရှိနိုင်ပါဘူး၊ဘာကြောင့်လဲဆိုတော့ခွဲဝေယူကြသူတွေဟာလင်မယားမှမဟုတ်ပဲ၊ဒါကြောင့်ခွဲဝေခြင်းဟာအထမြောက်ပါတယ်။

ဒါပေမဲဲ့ 1963 BLR 912 ( 917 ) ( မောင်ကျင်မောင် နှင့် မဝိုင်းကြည် )အမှုမှာ၊မယားရဲ့ဝေစုကိုလေလံတင်ရောင်းချတဲ့အခါဝယ်သူဟာလင်အပေါ် လင်မယားပေါင်းသင်းဆဲမှာဝယ်တဲ့အစုကိုခွဲဝေပေးဖို့ တရားစွဲဆိုခွင့်မရှိကြောင်းဆုံးဖြတ်ဖူးပါတယ်။

ပညာရှင်ဒေါက်တာဧမောင်ကမြန်မာဗုဒ္ဓဘာသာတရားဥပဒေကျမ်း( ၁၉၇၀ပြည့်နှစ်ထုတ် )စာမျက်နှာ၆၃မှာအဲဒီဆုံးဖြတ်ချက်မှားယွင်းကြောင်းထောက်ပြတဲ့အခါ၊ပစ္စည်းခွဲဝေပေးရန်တောင်းဆိုခွင့်မရှိခြင်းသည်၊လင်သို့မဟုတ်မယားနဲ့ဆိုင်တဲ့ပုဂ္ဂိုလ်ရေးရာကိစ္စဖြစ်တယ်လို့ရှင်းပြထားပါတယ်။

ဆရာတို့စီရင်ထုံးတွေကိုလေ့လာရာမှာမှန်တယ်ဆိုပြီးတသက်လုံးမှတ်ထားဖို့မဟုတ်ဘူး။မှားတာဆိုရင်သိရမယ်။မှန်သည်ထက်မှန်အောင်လုပ်သွားရမယ်။

ဒေါက်တာဧမောင်ကလင်မယားမကွဲသရွေ့ပစ္စည်းခွဲပေးဖို့စွဲလို့မရဘူးဆိုတာမှန်ပါတယ်။ ဦးစံမောင်မမြင်လိုက်တာကိုဒေါက်တာဧမောင်ကမြင်လိုက်တယ်။

လေလံတင်ရောင်းချပြီးတဲ့နောက်၊အချင်းဖြစ်ပစ္စည်းများရဲ့ပိုင်ရှင်တွေဟာ၊ဂရန်မရတဲ့သူမယားရဲ့ပိုင်ဆိုင်ခွင့်ကိုလေလံဆွဲဝယ်သူမောင်ကျင်မောင်တို့ဖြစ်တယ်။ဒါကြောင့် ပူးတွဲပိုင်သူတွေဟာလင်မယားမဟုတ်လို့ပစ္စည်းခွဲဖို့ဘာဖြစ်လို့စွဲလို့မရတော့မှာလဲ။

ဒီနေ့အထိကတော့ဆရာဦးစံမောင်ရဲ့စီရင်ထုံးဟာရှိနေသေးတာပဲ။မှားတယ်လို့ပြောလို့မရဘူး။လိုက်နာရမှာပဲ။တနေ့နေ့တချိန်ချိန်မှာအလားတူအမှုမျိုးရုံးချုပ်ကိုရောက်လာရင်၁၉၆၃ခုနှစ်ကမှားနေတဲ့အစိတ်အပိုင်းကိုပယ်ထုတ်လို့ရပါတယ်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ