12 Ran 263 ( DB )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
A. I. R. 1934 Rangoon 216
U Ba Sein-Appellant.
V.
Maung San and another-Respondents.
MYA BU AND DUNKLEY, JJ.
Equivalent citation = 12 Ran 263 စီရင်ထုံးနှင့်
———————————————————
A. I. R. 1935 Rangoon 133
C. A. C. A. R. Chettyar, Firm-Appellant.
V.
U Maung Maung and another-Respondents.
MYA BU AND MACKNEY, JJ. စီရင်ထုံးနှစ်ရပ်ကိုပူးတွဲမှတ်သားဖတ်ရှုရန်လိုသည်။
———————————————————
12 Ran.263(D.B.)အမှုမှာဖော်ပြတဲ့အကြောင်းပြချက်ကိုအခြေခံပြီး၊A.I.R.1935 Ran.133 ( စီ ၊ အေ ၊ စီ ၊ အေ ၊ အာရ် ၊ ချစ်တီးယားဖမ်း နှင့် ဦးမောင်မောင်ပါ၂ )အမှုကိုလျှောက်လဲပါတယ်။
နောက်ပိုင်းမှာလူမွဲအဖြစ်ဆုံးဖြတ်ကြေညာခြင်းခံရမဲ့မောင်ထွန်းတင်ကချစ်တီးဆီမှာ(၂၂-၁၁-၃၀)ရက်စွဲပါအပေါင်စာချုပ်ချုပ်ဆိုပြီးပစ္စည်းပေါင်ပါတယ်။
(၃၀-၁-၁၉၃၁)နေ့မှာလူမွဲအဖြစ်ကြေညာပေးဖို့လျှောက်ပါတယ်။
ဒီလိုလျှောက်ပြီးမှအပေါင်စာချုပ်ကိုမှတ်ပုံတင်ပေးပါတယ်။
လူမွဲပစ္စည်းထိန်းဝန်ရဲ့လျှောက်ထားချက်အရမူလရုံးကမြန်မာနိုင်ငံအင်ဆော်လဝင်စီအက်ဥပဒေပုဒ်မ၅၄အရအပေါင်ကိုပျက်ပြယ်ကြောင်းကြေညာလိုက်ပါတယ်။
ဒါကြောင့်အပေါင်ခံသူချစ်တီးကတရားလွှတ်တော်မှာအယူခံဝင်ပါတယ်။
အယူခံမှာလူမွဲပစ္စည်းထိန်းဦးမောင်မောင်ရဲ့ရှေ့နေက၊ 12 Ran.263(D. B.)စီရင်ထုံးကိုကိုးကားပြီး၊လူမွဲပိုင်ပစ္စည်းဟာမြန်မာနိုင်ငံအင်ဆော်လဝင်စီအက်ဥပဒေပုဒ်မ၂၈(၂)အရလျှောက်လွှာတင်တဲ့(၃၀-၁-၁၉၃၁)နေ့မှာလူမွဲပစ္စည်းထိန်းထံသက်ရောက်တဲ့အတွက်၊လူမွဲအဖြစ်ကြေညာပေးရန်လျှောက်လွှာမတင်ခင်အပေါင်စာချုပ်ကိုမှတ်ပုံတင်ခဲ့ခြင်းမရှိလို့အပေါင်ပျက်ပြယ်တယ်လို့လျှောက်လဲပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်၊A.I.R.1935 Ran.133(D.B.)ကိုဆုံးဖြတ်တဲ့ခုံရုံးတရားသူကြီးတဦး(Mr.Justice Mya Bu )ဟာ၊12 Ran.263(D.B.)အမှုကိုဆုံးဖြတ်ခဲ့တဲ့တရားသူကြီး(Mr.Justice Mya Bu )ဖြစ်ပါတယ်။
အမှုနှစ်မှုဟာဖြစ်ရပ်ချင်းမတူဘူးလို့ထောက်ပြပြီးဒီလိုသုံးသပ်ပါတယ်။
“ကိုးကားသောအမှု(12 Ran. 263 )၌ဆုံးဖြတ်ရန်ကိစ္စမှာ၊လွှဲပြောင်းသူသည်စာချုပ်ကိုမှတ်ပုံတင်သည့်နေ့တွင်လွှဲပြောင်းသောပစ္စည်း၌အကျိုးခံစားခွင့်ရှိသည်ဖြစ်၍၊ပြဿနာမှာပုဒ်မ၅၄ပါသီးခြားကိစ္စအလို့ငှာလွှဲပြောင်းသည့်နေ့သည်မည်သည့်နေ့ဖြစ်သည်ဟူသောအချက်ဖြစ်သည်။ဤအမှုတွင်တင်ပြလျှောက်ထားသည့်အချက်မှာစာချုပ်မှတ်ပုံတင်သည့်နေ့၌မောင်ထွန်းတင်တွင်လွှဲပြောင်းနိုင်သောအကျိုးခံစားခွင့်မရှိတော့သဖြင့်(မှတ်ချက်။ ။ထိုသို့မှတ်ပုံတင်သည့်နေ့၌အခင်းဖြစ်ပစ္စည်းတွင်မောင်ထွန်းတင်၏အကျိုးခံစားခွင့်သည်ပုဒ်မ၂၈(၂)အရလူမွဲပစ္စည်းထိန်းဝန်ထံရောက်သွားပြီဖြစ်သည်။)စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေနှင့်အကျုံးဝင်စေရန်မှတ်ပုံတင်မှုသည်အကျိုးသက်ရောက်မှုမရှိဟူ၍ဖြစ်သည်။ဤတင်ပြလျှောက်ထားချက်ကိုလက်ခံနိုင်ဖွယ်မရှိသည်မှာထင်ရှားသည်။အကြောင်းမူမှတ်ပုံတင်ရန်လိုအပ်သည့်စာချုပ်ကိုချုပ်ဆိုသူသည်စာချုပ်ချုပ်ဆိုပြီးနောက်မှတ်ပုံမတင်မီသက်ဆိုင်ရာပစ္စည်းတွင်အကျိုးခံစားခွင့်မရှိတော့၍အဆိုပါစာချုပ်အားမှတ်ပုံတင်ရန်မဖြစ်နိုင်သည့်အခြေအနေသို့ရောက်စေသည်ဟုပြဌာန်းထားခြင်းမရှိချေ။ "
အပေါင်စာချုပ်ချုပ်ဆိုတဲ့နေ့ဟာ(၂၂-၁၁-၁၉၃၀)နေ့ဖြစ်ပြီး၊မောင်ထွန်းတင်ကိုလူမွဲအဖြစ်ဆုံးဖြတ်ကြေညာပေးဖို့လျှောက်လွှာတင်တဲ့နေ့ဟာ(၃၀-၁-၁၉၃၁)နေ့ဖြစ်လို့စာချုပ်ချုပ်ပြီးသုံးလအတွင်းကျရောက်တဲ့အတွက်ပျက်ပြယ်တာမြင်သာသော်လည်းတရားလွှတ်တော်ကပျက်ပြယ်ခြင်းမရှိဘူးလို့ဆုံးဖြတ်ပါတယ်။
ဘာကြောင့်လဲဆိုတော့လူမွဲပစ္စည်းထိန်းဝန်ရဲ့ရှေ့နေက၊ 12 Ran. 263 အမှုကိုအခြေခံပြီးလျှောက်ထားတဲ့အကြောင်းပြချက်ဟာမမှန်ဘူးဆိုတာမြင်သာပါတယ်။
အပေါင်စာချုပ်ကိုမှတ်ပုံတင်တဲ့နေ့မှာလွှဲပြောင်းသူရဲ့ပိုင်ဆိုင်ခွင့်ဟာပစ္စည်းထိန်းဆီရောက်ပြီးဖြစ်နေတာတနည်းအားဖြင့်တော့မှန်ပါတယ်။
ဒါပေမဲ့စာချုပ်ချုပ်တဲ့နေ့တုန်းကတော့မောင်ထွန်းတင်မှာပိုင်ဆိုင်ခွင့်ရှိခဲ့ပါတယ်။
ဆိုင်ရေးဆိုင်ခွင့်ရှိတုန်းချုပ်ဆိုခဲ့တာပါ။
မှတ်ပုံတင်ပေးရမဲ့အချိန်မှာလွှဲပြောင်းသူမှာဆိုင်ရေးဆိုင်ခွင့်ရှိမရှိ၊မှတ်ပုံတင်ရုံးကစိစစ်ရန်တာဝန်မရှိပါဘူး။
ကာယကံရှင်ချုပ်ဆိုခြင်းရှိမရှိသာစိစစ်ဖို့ဖြစ်ပါတယ်။
စီရင်ထုံးမှာစာချုပ်မှတ်ပုံတင်တဲ့ရက်ကိုဖော်ပြထားခြင်းမရှိပါဘူး။
လူမွဲလျှောက်လွှာတင်ပြီးသုံးလကျော်မှမှတ်ပုံတင်ခဲ့ဟန်တူပါတယ်။
ဘာပဲဖြစ်ဖြစ်စာချုပ်ချုပ်ဆိုပြီးသုံးလအတွင်းလူမွဲလျှောက်လွှာတင်ခဲ့ပါလျက်၊မှတ်ပုံတင်တဲ့ရက်ကိုကျော်ကြည့်ပြီးဆုံးဖြတ်ဟန်တူပါတယ်။
(၂၂-၁၁-၁၉၃၀)နေ့မှာပစ္စည်းပေါင်ပြီး၊ပေါင်သူမောင်ထွန်းတင်ကိုလူမွဲအဖြစ်ကြေညာပေးဖို့(၃၀-၁-၁၉၃၁)နေ့မှာလျှောက်လွှာတင်တဲ့အတွက်၊အပေါင်စာချုပ်ကိုမှတ်ပုံမတင်ခင်၊မြန်မာနိုင်ငံအင်ဆော်လဝင်စီအက်ဥပဒေပုဒ်မ၂၈(၂)အရလူမွဲပိုင်ပစ္စည်းအရပ်ရပ်ဟာပစ္စည်းထိန်းဆီရောက်သွားလို့၊မှတ်ပုံတင်တဲ့နေ့မှာပေါင်သူလူမွဲမောင်ထွန်းတင်ဆီမှာပိုင်ဆိုင်ခွင့်မရှိဘူးဆိုတာဟာ၊စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၇အပေါ်အခြေမခံပဲ၊ 12 Ran.263(D.B.)စီရင်ထုံးအပေါ်အခြေခံပြီးတင်ပြတာဖြစ်ပါတယ်။
စီရင်ထုံးအရဆိုရင်အပေါင်စာချုပ်ကိုမှတ်ပုံတင်တဲ့နေ့ကျမှအတည်ဖြစ်ရမှာပါ။
စီရင်ထုံးအရကိုယ့်ရှုးကိုယ်ပတ်တဲ့သဘောဖြစ်နေပါတယ်။
တင်ပြလျှောက်လဲချက်ဟာစီရင်ထုံးအရမငြင်းနိုင်တဲ့အချက်ဖြစ်နေပါတယ်။
ဒါပေမဲ့ A.I.R. 1935 Ran.133(D.B.)အမှုကိုဆုံးဖြတ်ရာမှာ၊12 Ran.263(D.B.)နဲ့၊ဖြစ်ရပ်ချင်းမတူဘူးလို့အကြောင်းပြပြီးထုံးဖွဲ့ချက်ကရုန်းထွက်ဖို့ကြိုးစားပါတယ်။
အပေါင်စာချုပ်ကိုမှတ်ပုံတင်တဲ့နေ့ကမောင်ထွန်းတင်ဟာပစ္စည်းမှာအကျိုးခံစားခွင့်မရှိပေမဲ့(ပုဒ်မ၂၈(၂)အရသူ့ရဲ့ပိုင်ဆိုင်ခွင့်တွေဟာပစ္စည်းထိန်းဆီရောက်သွားတယ်ဆိုတဲ့အကြောင်းပြချက်အရဒီလိုပြောခြင်းဖြစ်ပါတယ်။)စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းကိုပိတ်ပင်တဲ့ဥပဒေပြဌာန်းချက်မရှိတာကိုထောက်ပြပါတယ်။
တဆင့်တက်ပြီးဆင်ခြင်သုံးသပ်ဖို့ကျန်နေတာကစာချုပ်ကိုမှတ်ပုံတင်တဲ့နေ့မှာ၊ပစ္စည်းမပိုင်တဲ့သူရဲ့လွှဲပြောင်းမှုဟာတရားဝင်ပါမလား၊သဘာဝကျရဲ့လားဆိုတာပါပဲ။
ဒီလိုကိုးယိုးကားယားဖြစ်လာတာကိုကတနေရာမှာချွတ်ချော်နေတယ်လို့သံသယဖြစ်စရာပါ။
အပေါင်စာချုပ်ဟာပုဒ်မ၄၇အရစာချုပ်ချုပ်ဆိုတဲ့(၂၂-၁၁-၁၉၃၀)နေ့ကစပြီးအကျိုးသက်ရောက်ပါမယ်။
ဒီတော့လူမွဲအဖြစ်ကြေညာပေးဖို့လျှောက်ထားတဲ့(၃၀-၁-၁၉၃၁)နေ့မှာအပေါင်ခံပစ္စည်းဟာ၊မောင်ထွန်းတင်ရဲ့ပစ္စည်းမဟုတ်တော့လို့၊မြန်မာနိုင်ငံအင်ဆော်လဝင်စီအက်ဥပဒေပုဒ်မ၂၈(၂)အရပစ္စည်းထိန်းဆီရောက်သွားစရာမရှိတော့ပါဘူး။
ဒီလိုဆိုရင်ပစ္စည်းထိန်းရဲ့ရှေ့နေတင်ပြချက်မမှန်နိုင်တော့ဘူး။
ဒါပေမဲ့လူမွဲအဖြစ်ကြေညာပေးဖို့လျှောက်လွှာမတင်ခင်သုံးလအတွင်းမှာလူမွဲကပေါင်ခဲ့တဲ့အတွက်၊မြန်မာနိုင်ငံအင်ဆော်လဝင်စီအက်ဥပဒေပုဒ်မ၅၄အရတော့ပျက်ပြယ်မှာဖြစ်ပါတယ်။
အပေါင်မပျက်ဘူးလို့အခြားအကြောင်းပြချက်နဲ့အဖြေထုတ်တာမမှန်နိုင်ပါဘူး။
စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၇နဲ့အညီဆင်ခြင်သုံးသပ်သွားမယ်ဆိုရင်၊အရာရာဟာအစဉ်ချောနေတာတွေ့ရမှာပါ။
အဲဒီပုဒ်မနဲ့သဟဇာတမဖြစ်တဲ့၊ 12 Ran.263(D.B.)ကိုအမှန်အဖြစ်ထားပြီး၊ပစ္စည်းထိန်းရဲ့ရှေ့နေကလျှောက်လဲတဲ့အတွက်၊သူမျှော်မှန်းတဲ့အန္တိမအဖြေ(အပေါင်ပျက်ပြယ်တယ်ဆိုတဲ့အဖြေ)မှန်ပါလျက်နဲ့၊ဘဝင်မကျစရာအဖြေတခုထပ်တိုးလာပြန်ပါတယ်။
ခက်တာကအဖြေသဘာဝမကျဖြစ်နေတာကိုမရိပ်စားမိခြင်းပါပဲ။
Comments
Post a Comment