1953 BLR ( HC ) 373 ၊ မိုဟာမက်အီဘရာဟင်အရဇ်ဖ် နှင့် အရှာဘီဘီ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မိုဟာမက်အီဘရာဟင်အရဇ်ဖ်နှင့်အရှာဘီဘီ
၁၉၅၃ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးများ(လွှတ်တော်)၊စာ-၃၇၃
အမှုတွင်မိုဟာမက်အီဘရာဟင်အရဇ်(ဖ်)က၊ကွယ်လွန်သူဖခင်ကျန်ရစ်သည့်အမွေပစ္စည်းများကိုစီမံခန့်ခွဲပေးရန်မိခင်နှင့်ညီမများအပေါ်တရားစွဲဆိုရာ၊ကွယ်လွန်သူက၎င်း၏သမီးများနှင့်မယားအား၊ကုမ္ပဏီသုံးခုတွင်သူပိုင်ရှယ်ယာများကိုလွှဲပြောင်းပေးခြင်းမှာအမည်ငှားသဘောဖြစ်သဖြင့်ပျက်ပြယ်ကြောင်းမြွက်ဟကြေငြာပေးရန်တောင်းဆိုသည်။
မူလရုံးကအမွေကိုစီမံခန့်ခွဲပေးစေလိုမှုတွင်၊တရားလိုသည်ထိုသို့မြွက်ဟကြေငြာပေးရန်တောင်းဆိုခွင့်ရှိမရှိ၊ပဏာမငြင်းချက်ထုတ်နုတ်ကြားနာပြီးနောက်၊တရားလိုအားအရှုံးပေး၍ဆုံးဖြတ်သဖြင့်တရားလိုကအယူခံသောအခါတရားလွှတ်တော်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
" အမြင်အားဖြင့်ပစ္စည်းကိုလွှဲပြောင်းပေးမှုသည်နောက်ပိုင်းတွင်အမှန်စင်စစ်အမည်ငှားဖြစ်ကြောင်းပေါ်ပေါက်စေကာမူ၊ဥပဒေအရတရားဝင်ခိုင်မာသည်။လွှဲပြောင်းပေးသူသေဆုံးပြီးနောက်ထိုသို့လွှဲပြောင်းပေးမှုသည်အမည်ငှားသဘောဖြစ်သည်ဟုဆိုလာရာတွင်၊ပစ္စည်းသည်လွှဲပြောင်းပေးခြင်းခံရသူပိုင်ပစ္စည်းဖြစ်သည်ဟုဥပဒေအရဆက်လက်မှတ်ယူရမည်ဖြစ်သည်။သေဆုံးသူသေဆုံးစဉ်ကကျန်ရစ်သောအမွေပုံပစ္စည်းတွင်ပါဝင်သည်ဟုမဆိုနိုင်။ "
မိုဟာမက်အီဘရာဟင်အရဇ်ဖ်အမှုတွင်ဆုံးဖြတ်ရန်ပြဿနာမှာ၊ကွယ်လွန်သူအသက်ထင်ရှားရှိစဉ်ကရှယ်ယာများကိုလွှဲပြောင်းပေးခြင်း၏တရားဝင်မှုကို၊တရားလိုကအမွေမှုတွင်အရေးဆိုခွင့်ရှိမရှိပြဿနာဖြစ်သည်။
အယူခံတရားလို၏ရှေ့နေကရှယ်ယာများလွှဲပြောင်းပေးမှုမှာအမည်ငှားသဘောဖြစ်ကြောင်းအဆိုလွှာတွင်စွပ်စွဲထားသည်ဖြစ်၍၊ကွယ်လွန်သူ၏အမွေပုံပစ္စည်းဖြစ်သည်ဟုသဘောထားရမည့်ရှယ်ယာများကိုလွှဲပြောင်းပေးခြင်းသည်အမည်ငှားသဘောဟုတ်မဟုတ်၊အမွေမှုတွင်ဆုံးဖြတ်နိုင်သည်ဟုလျှောက်လဲတင်ပြသည်။
အယူခံရုံးကပစ္စည်းတရပ်ကိုသူတပါးအားဥပဒေနှင့်အညီလွှဲပြောင်းပေးထားပြီးပါက၊ယင်းသို့လွှဲပြောင်းပေးမှုမှာ၊တရားမဝင်ကြောင်းမြွက်ဟကြေငြာပေးရန်အရေးယူဆောင်ရွက်ခြင်းမရှိခဲ့လျှင်၊တရားမဝင်ဟုမမှတ်ယူသင့်ကြောင်း၊ရှယ်ယာတွင်အမည်ပေါက်သူသည်ဥပဒေအရရှယ်ယာပိုင်ရှင်ဖြစ်သည်ဟုမှတ်ယူရမည်ဖြစ်ကြောင်း၊ဤတရားဝင်အခြေအနေများကိုပြောင်းလဲရန်တနည်းနည်းဖြင့်ကနဦးအရေးယူဆောင်ရွက်သင့်ကြောင်း၊ယေဘုယျအားဖြင့်ဆိုလျှင်မှတ်ပုံတင်ကုမ္ပဏီတခုတွင်ရှယ်ယာဝယ်လိုသူသည်၊ကုမ္ပဏီမှတ်ပုံတင်တွင်ဖော်ပြချက်တို့မှန်ကန်သည်ဟုဥပဒေအရမှတ်ယူနိုင်ကြောင်း၊ရှယ်ယာများကိုအယူခံတရားပြိုင်များအားလွှဲပြောင်းပေးထားခြင်းကိုပျက်ပြယ်စေရန်တနည်းနည်းဖြင့်အရေးဆိုခဲ့ခြင်းမရှိလျှင်၊ထိုရှယ်ယာများသည်ကွယ်လွန်သူကွယ်လွန်စဉ်ကအမွေပုံတွင်ပါသည်ဟုမှတ်ယူရန်ခဲယဉ်းကြောင်း၊လွှဲပြောင်းပေးမှုများမှာအမည်ငှားဖြစ်သည်ဆိုရုံမျှဖြင့်၊ထိုရှယ်ယာများတရားဝင်တည်ရှိနေသည့်အခြေအနေကိုပြောင်းလဲနိုင်မည်မဟုတ်ကြောင်း၊အကြောင်းမူ၊ထိုရှယ်ယာများအားလွှဲပြောင်းပေးမှုကိုမပယ်ဖျက်သေးသရွေ့၊သို့မဟုတ်၊တရားမဝင်ဟုမကြေငြာသေးသရွေ့၊ဥပဒေအရဆိုလျှင်အယူခံတရားပြိုင်တို့သည်ထိုရှယ်ယာများကိုပိုင်သည်ဟုကနဦးတွင်မှတ်ယူရမည်ဖြစ်ကြောင်း၊ကွယ်လွန်သူသေဆုံးချိန်တွင်မျက်မြင်အားဖြင့်အခြားသူပိုင်ကြောင်းပေါ်ပေါက်သည့်ပစ္စည်းများ၏ပိုင်ဆိုင်မှုနှင့်စပ်လျဉ်း၍၊တရားမကျင့်ထုံးဥပဒေအမိန့်၂၀၊နည်း၁၃(၁)အရစုံစမ်းမှုမပြုနိုင်ကြောင်းသုံးသပ်သည်။
Comments
Post a Comment