1958 BLR ( HC ) 252 စီရင်ထုံးအကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

1958BLR(HC)252အမှုမှာ၊တရားရှုံးလည်းမဟုတ်၊သူ့အခွင့်အရေးကိုဆက်ခံသူလည်းမဟုတ်တဲ့သူက၊ပစ္စည်းပေးအပ်ခြင်းကိုခုခံတားဆီးနှောင့်ယှက်တဲ့အတွက်မြို့နယ်တရားရုံး(ဇာရီရုံး)ကတရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၉၇အရတရားနိုင်ရဲ့လျှောက်ထားချက်အရခုခံတားဆီးနှောင့်ယှက်တဲ့သူတွေအပေါ်စုံစမ်းစစ်ဆေးမယ်လို့အမိန့်ချပါတယ်။

ဒီအမိန့်ကိုခရိုင်တရားမရုံးမှာအယူခံဝင်တဲ့အခါ၊ခရိုင်တရားမရုံးကအောက်ရုံးအမိန့်ကိုပယ်ဖျက်လိုက်လို့၊တရားလွှတ်တော်ကမြို့နယ်တရားရုံးရဲ့အမိန့်ကိုခရိုင်တရားမရုံးမှာအယူခံဝင်ခွင့်မရှိတဲ့အကြောင်းဆုံးဖြတ်ပါတယ်။

အမိန့်၂၁နည်း၁၀၃အရစွဲဆိုတဲ့အမှုမှာချမှတ်တဲ့အပြီးသတ်ဆုံးဖြတ်ချက်ကို၊ အယူခံဝင်ခွင့်မရှိဘူးလို့လုံးဝမဆုံးဖြတ်ပါဘူး။နည်း၉၇အရချမှတ်တဲ့အမိန့်ကိုအယူခံဝင်ခွင့်မရှိတဲ့အကြောင်းဆုံးဖြတ်ခြင်းသာဖြစ်ပါတယ်။

စီရင်ထုံးမှာဆုံးဖြတ်ချက်ငါးရပ်ချမှတ်ပါတယ်၊

ပထမဆုံးဖြတ်ချက်လေးရပ်မှာ၊နည်း၁၀၃ကိုလုံးဝရည်ညွှန်းထားခြင်းမရှိပါဘူး။တရားမကျင့်ထုံးဥပဒေစီရင်ထုံးပေါင်းချုပ်(၁၉၉၄ခုနှစ်ထုတ်)ကော်လံ၉၉၇-၉၉၈မှာဖော်ပြပြီးဖြစ်လို့ဒီဆုံးဖြတ်ချက်တွေကိုမဖော်ပြတော့ပါဘူး။

ဆုံးဖြတ်ချက်ငါးကဒီလိုဖြစ်ပါတယ်-

" (၅)အမိန့်၂၁၊နည်း၁၀၃တွင်နည်း၉၈အရအမိန့်ချမှတ်ခြင်းခံရသောတရားရှုံးမဟုတ်သူအမှုသည်တဦးဦးသည်၊အခင်းဖြစ်ပစ္စည်းကိုမိမိလောလောဆယ်ဆယ်လက်ရောက်ရယူခွင့်ရှိကြောင်းအခိုင်အမာပြဆိုရန်တရားစွဲဆိုနိုင်သည်ဟုပြဌာန်းထားသဖြင့်၊အမိန့်၂၁၊နည်း၉၈အရချမှတ်သောအမိန့်ကိုအယူခံဝင်ခွင့်မရှိ။သို့ရာတွင်ထိုအမှု​၏ရလဒ်ကိုအထောက်အထားပြု၍အဆိုပါအမိန့်သည်အပြီးသတ်အတည်ဖြစ်သည်။"

ဒီထုံးဖွဲ့ချက်အရဆိုရင်နည်း၉၈အရချမှတ်တဲ့အမိန့်ကိုအယူခံဝင်ခွင့်မရှိဘူးလို့နည်း၁၀၃ကိုရည်ညွှန်းဆုံးဖြတ်ခြင်းသာဖြစ်ကြောင်းမြင်သာပါတယ်။

1997BLR97(ဒေါ်မြသိန်းပါ၃ နှင့် ဒေါ်တင်တင်မာပါ၅)အမှုမှာ၊ ၁၉၅၈ခုနှစ်စီရင်ထုံးကိုရည်ညွှန်းပြီး၊ဒီလိုထုံးဖွဲ့ပါတယ်-

"တရားနိုင်ကအချင်းဖြစ်ပစ္စည်းကိုလက်ရောက်ရယူရာ၌၊တရားရှုံး(သို့မဟုတ်)ပစ္စည်းလက်ရှိဖြစ်သူတစုံတဦးကခုခံတားဆီးနှောင့်ယှက်ကြောင်း၊တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၉၇အရလျှောက်ထားရာတွင်၊တရားရုံးကစုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်းချမှတ်သည့်အမိန့်ကိုအယူခံဝင်ခွင့်မရှိပေ။ပြင်ဆင်မှုဝင်ရောက်ရမည့်အစားအယူခံဝင်ရောက်ခြင်းမှာမှားယွင်းသည်။"

ပုဒ်မ၂(၂)မှာပုဒ်မ၄၇မှာအကျုုံးဝင်တဲ့ပြဿနာတရပ်ရပ်ရဲ့အဆုံးအဖြတ်ကိုရည်ညွှန်းထားပါတယ်။အဲဒီပြဿနာတွေက၊ဒီကရီကိုအတည်ပြုခြင်း၊ဒီကရီအရပေးဆပ်ခြင်းနဲ့ဒီကရီကိုကျေအေးပြေငြိမ်းအောင်ပြုခြင်းတို့ဖြစ်တယ်။ဒီပြဿနာတရပ်ရပ်နဲ့ပတ်သက်ပြီးတရားနိုင်နဲ့တရားရှုံးတို့(ထိုသူတို့ရဲ့အခွင့်အရေးဆက်ခံသူများလည်းပါဝင်ပါတယ်)အချင်းချင်းအငြင်းပွားမှုဖြစ်ရမယ်။ဒီအထိနားမလည်စရာမရှိပါဘူး။

ပုဒ်မ၂(၂)မှာပါတဲ့ " any question within S . 47 " (ပုဒ်မ၄၇၌အကျုံးဝင်သောပြဿနာတရပ်ရပ်)ဆိုတာ၊တရားနိုင်နဲ့တရားရှုံး(သူတို့ရဲ့အခွင့်အရေးဆက်ခံသူများလည်းပါဝင်သည်)တို့အကြားပေါ်ပေါက်တဲ့ပြဿနာသုံးရပ်အနက်တရပ်ရပ်ဖြစ်ပါတယ်။

ပြဌာန်းချက်မှာ question ပြဿနာကိုသာရည်ညွှန်းပါတယ်။အမှုသည်တွေကိုမရည်ညွှန်းသည်မှာမှန်သော်လည်း၊ပြဌာန်းချက်တရပ်ကိုစကားစပ်အရဖတ်ပါမှပြည့်စုံတဲ့အဓိပ္ပာယ်ရရှိပါတယ်။ပုဒ်မ၂(၂)မှာပုဒ်မ၄၇ကိုရည်ညွှန်းထားပါတယ်။ပုဒ်မ၄၇မှာအမှုသည်တွေဟာဘယ်သူဘယ်ဝါဆိုတာပါပြီးဖြစ်ပါတယ်။ဒါကြောင့်ပုဒ်မ၂(၂)မှာပါတဲ့ပြဿနာဟာပုဒ်မ၄၇မှာရည်ညွှန်းတဲ့အမှုသည်အချင်းချင်းမှာပေါ်ပေါက်တဲ့ပြဿနာဖြစ်တယ်ဆိုတာရှင်းပါတယ်။

1984BLR229(ဦးကိုရင် နှင့် မောင်ရဲမြင့်)အပါအဝင်၊စီရင်ထုံးအများအပြားကဇာရီမှုမှာဘယ်သူတွေအချင်းချင်းအကြားအငြင်းပွားမှုကိုဆုံးဖြတ်ရမယ်ဆိုတာတညီတညွတ်တည်းညွှန်ပြပါတယ်။

ဒါပေမယ့်ခြွင်းချက်တခုတော့ရှိပြန်ပါတယ်။

ကြားလူ(တတိယပုဂ္ဂိုလ်)ကအပ်ဝရမ်းကိုခုခံတားဆီးနှောင့်ယှက်လို့တရားနိုင်ကနည်း၉၇အရအရေးယူပေးဖို့လျှောက်ထားတဲ့ကိစ္စကိုတရားမအထွေထွေမှုသီးခြားမဖွင့်ပဲဇာရီမှုမှာပဲစုံစမ်းဆုံးဖြတ်ပါတယ်။

တရားနိုင်ရဲ့လျှောက်ထားချက်အရစုံစမ်းမယ်လို့ချမှတ်တဲ့အမိန့်ဟာကြားလူအပေါ်ချမှတ်တဲ့အမိန့်ဖြစ်တဲ့အပြင်၊ဘယ်သူရဲ့အခွင့်အရေးကိုမှအပြီးအပြတ်အဆုံးအဖြတ်မပေးသေးတဲ့အတွက်ပုဒ်မ၂(၂)မှာအကျုံးမဝင်နိုင်တာမြင်သာလှပါတယ်။

ဒီအမိန့်ကိုမပြောနဲ့စုံစမ်းမှုပြီးတဲ့အခါကြားလူအပေါ်နည်း၉၈အရချမှတ်တဲ့အမိန့်ကိုပဲဖြစ်ဖြစ်၊နည်း၉၉အရလျှောက်လွှာကိုပလပ်တဲ့အမိန့်ကိုပဲဖြစ်ဖြစ်၊အယူခံဝင်ခွင့်မရှိပါဘူး။အယူခံဝင်ခွင့်မရှိကြောင်းတရားလွှတ်တော်ကခရိုင်တရားရုံးရဲ့အမှားကို1958 BLR ( HC ) 252အမှုမှာပြတ်ပြတ်သားသားထောက်ပြခဲ့ပါတယ်။

ဇာရီမှုမှာတရားနိုင်နဲ့တရားရှုံးတို့အကြားအငြင်းပွားတဲ့ပြဿနာနဲ့ပတ်သက်ပြီးချမှတ်တဲဲ့အမိန့်တွေအပေါ်အယူခံဝင်ခွင့်နဲ့ပတ်သက်ပြီးအချုပ်မှတ်ထားရမဲ့ပထမအချက်က၊အမိန့်မှာပါတဲ့အမှုသည်တွေဟာတရားနိုင်နဲ့တရားရှုံးများ(၎င်းတို့​၏အခွင့်အရေးကိုဆက်ခံသူများလည်းပါဝင်သည်)ဖြစ်ရပါမယ်။

အပြီးအပြတ်အဆုံးအဖြတ်ပေးတဲ့အငြင်းပွားမှုဟာဒီကရီအတည်ပြုခြင်းအပါအဝင်ပုဒ်မ၄၇မှာအကျုံးဝင်တဲ့ပြဿနာတရပ်ရပ်ဖြစ်ရပါမယ်။

စောစောကဆွေးနွေးပြီးဖြစ်တဲ့တုတ်ထမ်းငြင်းရမဲ့ကိစ္စကိုသတိရအောင်ပြန်ပြီးပြောဖို့လိုလာပါတယ်။

တရားရှုံးပိုင်ပစ္စည်းကိုလေလံတင်တဲ့အခါ၊တရားနိုင်ကိုယ်တိုင်ကဝယ်ယူပြီးနည်း၉၅အရလက်ရောက်ပေးအပ်ဖို့၊လျှောက်ထားရာမှာဇာရီရုံးကလက်ရောက်ပေးအပ်ဖို့ငြင်းရင်၊ဒီအမိန့်ကိုအယူခံဝင်ခွင့်မရှိရဘူးလို့ 1950  BLR ( H.C.) 19 ( D.B )အမှုမှာထုံးဖွဲ့ထားပါတယ်။ 

လက်ရောက်ပေးအပ်ရမဲ့ကိစ္စဟာဒီကရီအတည်ပြုခြင်းနဲ့မဆိုင်တဲ့အတွက် ပုဒ်မ၄၇မှာအကျုံးဝင်တဲ့ပြဿနာနဲ့မသက်ဆိုင်ဘူးလို့အကြောင်းပြပါတယ်။

ဒီပြဿနာကို 8 Ran. 162 ( D.B )အမှုမှာဆုံးဖြတ်ပါလျက်နဲ့၊1950 BLR( H.C.)19 ( D.B )အမှုမှာဇာရီရုံးရဲ့အမိန့်ကိုခရိုင်တရားမရုံးမှာအယူခံဝင်ခဲ့တာဟာလည်းမမှားသင့်တဲ့အမှားတခုပါပဲ။

ဒီအမှားတွေကိုစုစည်းပြီးဖော်ထုတ်ပြရတဲ့ရည်ရွယ်ချက်ဟာဒီအမှားမျိုးနဲ့အမှုသည်တွေနစ်နာရခြင်းမှသက်သာရာရစေလို့ဖြစ်ပါတယ်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]