1995 BLR 151 ( FB ) ၊ ဦးရွှေမိုးပါ၃ နှင့် ဦးအိုက်ဖုန်းပါ၂
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1995 BLR 151 ( F B ) ( ဦးရွှေမိုးပါ၃ နှင့် ဦးအိုက်ဖုန်းပါ၂ )စီရင်ထုံးမှာပေါ်ပေါက်တဲ့ဖြစ်ရပ်ဟာ၊စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၇နဲ့မသက်ဆိုင်ဘူးလို့ဆုံးဖြတ်ထားပါတယ်။
အဲဒီအမှုမှာ၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေနဲ့စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၇ပါပြဌာန်းချက်တို့၊ညှိ ( reconcile )ရမဲ့ကိစ္စပေါ်ပေါက်ပါတယ်။
သမိုင်းနဲ့ချီပြီးပြောရမဲ့ပြဿနာပါ။
ဆန့်ကျင်ဖက်အယူအဆတွေပေါ်ပေါက်ခဲ့ရာမှာ၊ပရီးဗွီးကောင်စီကဖြေရှင်းခဲ့ရဖူးပါတယ်။
တုတ်ထမ်းငြင်းရမဲ့ပြဿနာဟာ၁၉၃၄ခုနှစ်မှာ12Ran263(DB)( AIR 1934 Ran 216 ) ( ဦးဘစိန် နှင့် မောင်စံပါ၂ )အမှုမှာပေါ်ပေါက်ပါတယ်။
မြန်မာနိုင်ငံအင်ဆော်လဝင်စီအက်ဥပဒေပုဒ်မ၅၄(၁)မှာ၊ဒီလိုပြဌာန်းထားပါတယ်-
" အခြားမြီရှင်များထက်ဦးစားပေးရန်ရည်ရွယ်ချက်ဖြင့်မြီရှင်တဦးအားပစ္စည်းကိုလွှဲပြောင်းပေးမှုတိုင်းသည်၊ထိုသို့လွှဲပြောင်းပေးသည့်နေ့မှသုံးလအတွင်းတင်သွင်းသောလျှောက်လွှာအရလွှဲပြောင်းသူအားလူမွဲအဖြစ်ဆုံးဖြတ်ကြေငြာခဲ့လျှင်၊ပစ္စည်းထိန်းနှင့်စပ်လျဉ်း၍လိမ်လည်လှည့်ဖြားရာရောက်ပြီးပျက်ပြယ်သည်ဟုမှတ်ယူရမည့်အပြင်တရားရုံးကပယ်ဖျက်ရမည်။ "
12 Ran. 263 ( D . B . )အမှုမှာ၊နောက်ပိုင်း၌လူမွဲဖြစ်လာမည့်သူများကမောင်စံတို့အားမရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းကို(၂၈-၁-၁၉၃၁)ရက်စွဲပါစာချုပ်အရပေါင်ရာမှာ၊စာချုပ်ကို(၂၆-၅-၁၉၃၁)နေ့မှာမှတ်ပုံတင်ပေးခဲ့ပါတယ်။
လွှဲပြောင်းပေးသူတို့ရဲ့မြီရှင်တဦးတင်တဲ့(၂၁-၇-၁၉၃၁)ရက်စွဲပါလျှောက်လွှာအရ၊လွှဲပြောင်းပေးသူတို့ကို(၇-၁၂-၁၉၃၁)နေ့မှာလူမွဲအဖြစ်ဆုံးဖြတ်ကြေညာလိုက်ပါတယ်။
လူမွဲအဖြစ်ဆုံးဖြတ်ကြေညာပေးဖို့လျှောက်ထားတဲ့(၂၁-၇-၁၉၃၁)နေ့ဟာ၊အပေါင်စာချုပ်ကိုမှတ်ပုံတင်ပေးတဲ့(၂၆-၅-၁၉၃၁)နေ့ကစပြီးရေတွက်ရင်သုံးလအတွင်းဖြစ်တယ်။ဒါပေမဲ့စာချုပ်ချုပ်ဆိုတဲ့(၂၈-၁-၁၉၃၁)နေ့ကစပြီးရေတွက်မယ်ဆိုရင်တော့သုံးလကျော်ပါတယ်။
ပြဿနာကမြန်မာနိုင်ငံအင်ဆော်လဝင်စီအက်ဥပဒေပုဒ်မ၅၄အရပစ္စည်းလွှဲပြောင်းပေးတဲ့နေ့ဟာ၊စာချုပ်ချုပ်တဲ့နေ့ဖြစ်ရင်သုံးလကျော်မှလူမွဲအဖြစ်ဆုံးဖြတ်ကြေညာပေးဖို့လျှောက်လွှာတင်သွင်းတဲ့အတွက်၊အခင်းဖြစ်အပေါင်ဟာပျက်ပြယ်စရာအကြောင်းမရှိပါဘူး။
ဒါပေမဲ့စာချုပ်မှတ်ပုံတင်တဲ့ရက်ကို၊#ပုဒ်မ၅၄အလို့ငှာပစ္စည်းလွှဲပြောင်းတဲ့နေ့အဖြစ်မှတ်ယူမယ်ဆိုရင်တော့၊ပုဒ်မ၅၄နဲ့ငြိစွန်းမှာဖြစ်ပါတယ်။
စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေပုဒ်မ၄၇နဲ့ဆက်စပ်ကြည့်ရင်၊စာချုပ်ချုပ်ဆိုတဲ့(၂၈-၁-၁၉၃၁)ကစပြီးအပေါင်စာချုပ်အကျိုးသက်ရောက်တဲ့အတွက်၊လူမွဲလျှောက်လွှာတင်တဲ့(၂၁-၇-၁၉၃၁)နေ့ဟာသုံးလကျော်တယ်ဆိုတာမြင်သာပါတယ်။
ဒါပေမဲ့တရားသူကြီးနှစ်ဦး( Before Mr . Justice Mya Bu and Mr . Justice Dunkley )ပါတဲ့ခုံအဖွဲ့က၊ပေါင်တဲ့ကိစ္စနဲ့သက်ဆိုင်တဲ့ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၉ပါပြဌာန်းချက်များကိုကိုးကားပြီးဒီလိုသုံးသပ်ပါတယ်-
" ငွေရင်းသည်ကျပ်၁၀၀သို့မဟုတ်ကျပ်၁၀၀ထက်ပိုလျှင်၊အပေါင်စာချုပ်ကိုစာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၁၇အရမလွဲမသွေမှတ်ပုံတင်ရမည်။ဤပုဒ်မနှင့်ပုဒ်မ၄၉တို့အရ၊ငွေရင်းသည်ကျပ်၁၀၀သို့မဟုတ်ကျပ်၁၀၀ကျော်လျှင်၊စာချုပါစာတမ်းပေးအပ်ပေါင်နှံခြင်းမှတပါး၊အပေါင်စာချုပ်ကိုမှတ်ပုံတင်မှသာပေါင်နှံမှုသည်အကျိုးသက်ရောက်မှုရှိသည်။အကြောင်းမူအပေါင်စာချုပ်ကိုမှတ်ပုံမတင်မီပေါင်နှံမှုမပေါ်ပေါက်နိုင်။ဤအချက်အရစာချုပ်ကိုမှတ်ပုံမတင်မီအပေါင်သည်မပြီးပြတ်သေး၍ဥပဒေအရလွှဲပြောင်းမှုမမြောက်၊စာချုပ်ကိုမှတ်ပုံတင်သည့်အခါတွင်မှတပါးပေါင်နှံသူထံမှတရားဝင်အကျိုးခံစားခွင့်(အကျိုးသက်ဆိုင်ခွင့်)သည်အပေါင်ခံသူထံလွှဲပြောင်းရောက်ရှိခြင်းမရှိ။စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပါပြဌာန်းချက်များသည်ဤအချက်နှင့်ဆန့်ကျင်ခြင်းမရှိဟုကျွန်ုတို့သဘောရရှိသည်။အကြောင်းမူထိုပုဒ်မကစာချုပ်ကိုမှတ်ပုံတင်သောအခါချုပ်ဆိုသည့်နေ့မှစတင်အကျိုးသက်ရောက်စေသော်လည်း၊မရွှေ့မပြောင်းနိုင်သောပစ္စည်းအပေါ်အကျိုးသက်ရောက်သောစာချုပ်ကိုမှတိပုံတင်ရန်လိုအပ်လျှင်၊မှတ်ပုံမတင်မီပစ္စည်းပိုင်ဆိုင်ခွင့်သည်လွှဲပြောင်းသွားသည်ဟုမဆို၊စာချုပ်တခုကိုမှတ်ပုံတင်ရန်လေးလကာလခွင့်ပြုထားသဖြင့်၊စာချုပ်ချုပ်ဆိုသည့်နေ့ရက်သည်အခင်းဖြစ်ကာလစတင်သည့်နေ့ရက်ဖြစ်လျှင်၊လူမွဲသည်အခြားမြီရှင်များထက်ဦးစားရသည့်မြီရှင်နှင့်ပူးပေါင်းကာ၊အပေါင်စာချုပ်ကိုတိတ်တဆိတ်ချုပ်ဆိုထားပြီး၊သုံးလနှင့်တရက်အကြာမှတ်ပုံမတင်ဘဲနေခြင်းဖြင့်၊မြန်မာနိုင်ငံအင်ဆော်လဝင်စီအက်ဥပဒေပုဒ်မ၅၄ပါပြဌာန်းချက်များကိုအဟောသိကံဖြစ်စေနိုင်သည်။ပုဒ်မကိုအချည်းအနှီးဖြစ်စေမည့်အဓိပ္ပာယ်ကောက်ယူချက်သည်မမှန်နိုင်။ဤအကြောင်းများကြောင့်မြန်မာနိုင်ငံအင်ဆော်လဝင်စီအက်ဥပဒေပုဒ်မ၅၄တွင်ဖော်ပြထားသော၊သုံးလတာကာလစတင်သည့်နေ့ရက်သည်၊ပယ်ဖျက်ပေးစေလိုသောလွှဲပြောင်းမှုဥပဒေအရအတည်ဖြစ်သည့်နေ့၊ဆိုလိုသည်မှာပေါင်နှံခြင်းသို့မဟုတ်ရောင်းချခြင်းကဲ့သို့သောလွှဲပြောင်းမှုဖြစ်လျှင်၊စာချုပ်ကိုမှတ်ပုံတင်သည့်နေ့ဖြစ်သည်ဟုကျွန်ုတို့သဘောရရှိသည်။ "
ခုံရုံးကဘယ်လိုပဲအကြောင်းပြပြ၊#စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၇ပါပြဌာန်းချက်များက၊စာချုပ်အားချုပ်ဆိုသည့်နေ့ကိုနောက်ကြောင်းပြန်အကျိုးသက်ရောက်စေခြင်းကို၊တနည်းမဟုတ်တနည်းပိတ်ပင်ရာရောက်နေတယ်ဆိုတာမငြင်းနိုင်ပါဘူး။
ပုဒ်မ၄၇အရနောက်ကြောင်းပြန်ရင်မမှန်မကန်ပြုလုပ်မှုများပေါ်ပေါက်ပြီး၊မြန်မာနိုင်ငံအင်ဆော်လဝင်စီအက်ဥပဒေပုဒ်မ၅၄ပါပြဌာန်းချက်တွေကိုထိပါးစေမယ်လို့အကြောင်းပြရာမှာ၊ဖြစ်သင့်တယ်ထင်တဲ့ကိစ္စကိုရှေ့တန်းတင်ရာရောက်နေတာတွေ့ရပါတယ်။
မဖြစ်သင့်ဘူးလို့၊ခုံရုံးကထင်မြင်တဲ့ကိစ္စမပေါ်ပေါက်စေဖို့တိမ်းရှောင်ရာမှာပုဒ်မ၄၇ပါပြဌာန်းချက်နဲ့၊ထိပ်တိုက်ဝင်တိုးနေတယ်ဆိုတာမြင်သာပါတယ်။
ပုဒ်မ၄၉အရအပေါင်မြောက်တဲ့နေ့ဟာ၊အပေါင်စာချုပ်ကိုမှတ်ပုံတင်တဲ့နေ့ဆိုတာကတော့မငြင်းနိုင်တဲ့အချက်ပါ။
ဒါပေမဲ့ထိုနေ့ထက်စောတဲ့အပေါင်စာချုပ်ချုပ်ဆိုတဲ့နေ့ကစပြီး၊အပေါင်စာချုပ်အကျိုးသက်ရောက်တယ်လို့၊ပုဒ်မ၄၇ကအတိအလင်းဆိုထားပါတယ်။
ဒီပြဌာန်းချက်ဟာပုဒ်မ၄၉နဲ့အတူတူအာနိသင်ရှိတယ်ဆိုတာမမေ့သင့်ပါဘူး။
Comments
Post a Comment