1995 BLR 24 ၊ ဒေါ်ခင်မိ နှင့် ဒေါ်နီလာလူပါ၃

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

1995 BLR 24 

( ဒေါ်ခင်မိ နှင့် ဒေါ်နီလာလူပါ၃ )

အမှုမှာ၊မြေရှင်ဦးမောင်မောင်ကမြေနှစ်ကွက်ကို၊ဒေါ်နီလာလူနှင့်ဒေါ်ခင်မိတို့ကို(၁၈-၂-၇၅) နှင့် (၂၅-၃-၇၅)ရက်စွဲပါစာချုပ်များအရအသီးသီးရောင်းချရာမှာမှတ်ပုံတင်ရုံးကဒေါ်ခင်မိရဲ့စာချုပ်ကိုဦးစွာမှတ်ပုံတင်ပေးပါတယ်။

ဘယ်စာချုပ်ဟာဦးစားပေးရတယ်ဆိုတာကိုစာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၇နဲ့၊ 1 LBR 293 ( မောင်မြတ်သူပါ၂ နှင့် မောင်သာဇံ ) ( 1995 BLR 24 စာမျက်နှာ၂၉တွင်၊သန်းဇန်ဟုမှားယွင်းဖော်ပြထားပါသည် )စီရင်ထုံးများအရထင်ရှားနေပါလျက်၊အငြင်းပွားကြတာတော်တော်ထူးဆန်းနေပါတယ်။

အရောင်းအဝယ်စာချုပ်(နှစ်)ခုလုံးကိုမှတ်ပုံတင်ပေးတဲ့အတွက်ပုဒ်မ၄၇အရ၊

ဒေါ်နီလာလူရဲ့စာချုပ်ဟာ(၁၈-၂-၇၅)နေ့မှစပြီးသက်ဝင်လှုပ်ရှားပါတယ်။

ဒေါ်ခင်မိရဲ့စာချုပ်ကတော့(၂၅-၃-၇၅)နေ့ကျမှစပြီးအကျိုးသက်ရောက်မယ်ဖြစ်ပါတယ်။

အဲဒီတော့ဒေါ်ခင်မိကိုမြေကွက်များရောင်းကြောင်းချုပ်ဆိုတဲ့ဦးမောင်မောင်ဟာစာချုပ်ချုပ်ဆိုတဲ့(၂၅-၃-၇၅)နေ့ရက်မှာ၊လွှဲပြောင်းပေးရန်ပိုင်ဆိုင်ခွင့်မရှိတော့တာမြင်သာတဲ့အချက်ပါ။

ဒါကြောင့်ဒေါ်ခင်မိအားရောင်းတဲ့စာချုပ်ကိုစောပြီးချုပ်ဆိုတဲ့အချက်အပေါ်အခြေခံပြီးခုခံမယ်ဆိုရင်၊ပုဒ်မ၄၇အရအကျိုးမရှိပါဘူး။

မြေအရောင်းအဝယ်လုပ်တဲ့စာချုပ်ကိုမှတ်ပုံတင်တော့မှ၊အရောင်းအဝယ်အထမြောက်တယ်ဆိုတာစာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေပုဒ်မ၄၉အရရှင်းပါတယ်။ပုဒ်မ၄၇အရပြဌာန်းချက်ဟာအဲဒီပုဒ်မနဲ့ဝိရောဓိဖြစ်မနေဘူးလားလို့စောဒကတက်စရာရှိပါတယ်။

မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ဟာ၊မှတ်ပုံတင်တဲ့နေ့ကျမှစတင်အကျိုးသက်ရောက်တယ်လို့ပြဌာန်းခဲ့ဖူးပါတယ် [1 LBR 293 ( DB ) ]။

လက်တွေ့မကျလို့လက်ရှိပြဌာန်းချက်ကိုပြဌာန်းခြင်းဖြစ်ပါတယ်။

 1937 RLR 375 ( FB )အမှုမှာ၊ဒီဥပဒေသဘောကိုကျယ်ကျယ်ပြန့်ပြန့်စိစစ်ဆုံးဖြတ်ထားပါတယ်။

အခင်းဖြစ်မြေနှစ်ကွက်ကိုဒေါ်ခင်မိအားရောင်းချတာကိုဒေါ်နီလာလူသိတဲ့အကြောင်းဦးမောင်မောင်ကထုချေတာမရှင်းပါဘူး။တကယ်တော့ဒေါ်နီလာလူကိုရောင်းပြီးမှဒေါ်ခင်မိကိုရောင်းတဲ့ကိစ္စဖြစ်ပါတယ်။

မှတ်ပုံတင်အရောင်းစာချုပ်ကိုမချုပ်ဆိုခင်ဒေါ်ခင်မိကိုရောင်းချရန်ကတိကဝတ်ရှိခဲ့ပုံပေါ်ပါတယ်။ဒါမှဒေါ်ခင်မိကိုရောင်းတဲ့ကိစ္စကိုဒေါ်နီလာလူသိတယ်ဆိုတဲ့အချက်နဲ့ရှေ့နောက်ညီညွတ်ပါလိမ့်မယ်။စီရင်ထုံးစာမျက်နှာ၃၀ပါဖော်ပြချက်များအရ၊ဦးမောင်မောင်က(၇-၉-၇၂)နေ့မှာမြေကွက်တွေကိုဒေါ်ခင်မိအားရောင်းဖို့သဘောတူခဲ့ပြီး(၂၁-၈-၇၄)နေ့ကျမှဒေါ်နီလာလူကိုရောင်းဖို့ထပ်မံသဘောတူခဲ့ခြင်းဖြစ်ပါတယ်။

ဒေါ်ခင်မိအနေနဲ့ဘယ်လိုဆောင်ရွက်သင့်သလဲဆိုရင်၊ဦးမောင်မောင်ရဲ့ကတိအတိုင်းဆောင်ရွက်ပေးဖို့သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၁၂/၂၇(ခ)အရတရားစွဲဖို့ကောင်းတာပေါ့။မဖြစ်နိုင်တာကိုထုချေမဲ့အစားအဲဒီလိုနည်းလမ်းတကျတရားစွဲဆိုခြင်းကပိုအကျိုးရှိနိုင်ပါတယ်။

ဦးမောင်မောင်ကဒေါ်နီလာလူနဲ့ချုပ်ဆိုတဲ့စာချုပ်မှာမြေကွက်တွေကိုမှားယွင်းထည့်ထားတာပါလို့ထုချေတာကောနည်းလမ်းကျရဲ့လားလို့စဉ်းစားစရာရှိပါတယ်။

အကြောင်းခြင်းရာနဲ့စပ်လျဉ်း၍ရောင်းသူနဲ့ဝယ်သူမှားပြီးစာချုပ်ချုပ်ဆိုမယ်ဆိုရင်၊ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၀အရအရောင်းအဝယ်ပျက်မှာဖြစ်တဲ့အတွက်၊ဒေါ်နီလာလူတောင်းဆိုတဲ့မြွက်ဟဒီကရီရမယ်မဟုတ်ပါဘူး။ဒါပေမဲ့တရားရုံးချုပ်ကထောက်ပြသလိုဒီလိုမှားပါတယ်ဆိုတာယုံကြည်လက်ခံဖို့ခတ်ခက်ခက်ပါပဲ။

1995 BLR 24အမှုမှာ၊မူလမြေပိုင်ရှင်ဦးမောင်မောင်ဟာဒေါ်ခင်မိနဲ့ဒေါ်နီလာလူတို့ကိုမြေကွက်များရောင်းချဖို့(၇-၉-၇၂)နှင့်(၂၁-၈-၇၄)ရက်စွဲပါကတိစာချုပ်များအသီးသီးချုပ်ဆိုပြီး(၂၅-၃-၇၅)နှင့်(၁၈-၂-၇၅)ရက်စွဲပါမှတ်ပုံတင်အရောင်းအဝယ်စာချုပ်များအသီးသီးထပ်မံချုပ်ဆိုခဲ့ပါတယ်။

ကတိစာချုပ်ချုပ်တဲ့ကိစ္စမှာဒေါ်ခင်မိကစောသော်လည်း၊မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုတဲ့အခါမှာတော့ဒေါ်နီလာလူကစောတဲ့အတွက်၊စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၇အရဒေါ်နီလာလူကအသာစီးရသွားပါတယ်။

ဘာပဲဖြစ်ဖြစ်မူလပိုင်ရှင်အနေနဲ့အပြစ်တင်စရာတွေဖြစ်နေတာကိုဒေါ်ခင်မိကအသုံးချခွင့်မရှိတော့ဘူးလားလို့စောဒကတက်စရာရှိပါတယ်။

ဒေါ်ခင်မိအနေနဲ့အကျိုးမရှိတဲ့ထုချေချက်ကိုတင်ပြမဲ့အစား၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၁၂/၂၇(ခ)ပါပြဌာန်းချက်တွေကိုအကျိုးရှိရှိသုံးသင့်တဲ့အကြောင်းကိုပဲထပ်ပြောရမှာပါပဲ

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ