အမိန့်၂၁၊နည်း၁၀၃အရစွဲဆိုမှု

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

အမိန့်၂၁၊နည်း၁၀၃အရစွဲဆိုတဲ့အမှုဟာတရားမကြီးမှုဖြစ်တယ်ဆိုတာပြဌာန်းချက်အရအငြင်းပွားစရာမရှိပါဘူး။ဒီကရီကိုတရားမကြီးမှုသို့မဟုတ်ဇာရီမှုမှာချမှတ်ရတယ်ဆိုတာကလည်း၊ပုဒ်မ၂(၂)ပါ ဒီကရီရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အရပေါ်လွင်ပါတယ်။

ဒါကြောင့်အမိန့်၂၁၊နည်း၁၀၃အရစွဲဆိုတဲ့တရားမကြီးမှုမှာတရားလိုရဲ့အမှုကိုပယ်တဲ့အဆုံးအဖြတ်၊တရားလိုစွဲဆိုတဲ့အတိုင်းခွင့်ပြုတဲ့အဆုံးအဖြတ်ဟာဒီကရီဖြစ်တဲ့အတွက်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆အရအယူခံဝင်ခွင့်ရှိတယ်ဆိုတာယုံမှားသံသယမရှိနိုင်ပါဘူး။အခြားတရားမကြီးအမှုတွေမှာချမှတ်တဲ့အပြီးသတ်ဆုံးဖြတ်ချက်ကိုအယူခံဝင်ခွင့်ရှိတယ်ဆိုတာငြင်းခုံစရာမရှိပါဘူး။

ပုဒ်မ၂(၂)မှာ အမှုသည်များကိုရည်ညွှန်းပါတယ်။ ဘယ်လိုအမှုသည်တွေရယ်လို့သီးခြားရည်ညွှန်းချက်မရှိပါဘူး။ဒါကြောင့်တရားဖက်တွေဟာတရားနိုင်နဲ့တရားရှုံးသို့မဟုတ်သူတို့ရဲ့အခွင့်အရေးကိုဆက်ခံသူများအချင်းချင်းဖြစ်ပါမှအယူခံဝင်ခွင့်ရှိရမယ်လို့ပုဒ်မ၂(၂)မှာမကန့်သတ်ပါဘူး။ ဒီကန့်သတ်ချက်ဟာပုဒ်မ၄၇အရဇာရီမှုနဲ့သက်ဆိုင်ပါတယ်။

တရားမကျင့်ထုံးကဒီကရီကိုအဆင့်ဆင့်အယူခံဝင်ခွင့်ပေးထားပါတယ်၊အယူခံဝင်ခွင့်ရှိတဲ့အမိန့်ကိုတော့တကြိမ်သာအယူခံဝင်ခွင့်ပေးပါတယ်။ဒီခြားနားချက်ကြောင့်၊ဒီကရီနဲ့အယူခံဝင်ခွင့်ရှိတဲ့အမိန့်ရယ်လို့ခွဲခြားထားရတာပါ။နားရှုပ်အောင်မဟုတ်ပါဘူး။

တရားနိုင်လည်းဖြစ်၊လေလံဆွဲဝယ်တဲ့သူလည်းဖြစ်တဲ့သူကိုလေလံတင်ရောင်းချတဲ့ပစ္စည်းပေးအပ်ရန်ကိစ္စဟာ၊ တရားမကျင့်ထုံးဥပဒေပုဒ်မ၄၇မှာအကျုံးဝင်မဝင်ပြဿနာကို၊တုတ်ထမ်းငြင်းရမယ့်အခြေအနေရောက်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာတချိန်က၊မဒရပ်၊ကာလကတ္တား၊နဂ္ဂပူး၊မက်ရာပရာဒက်(ရှ်)တရားလွှတ်တော်များကတဖက်၊အလာဟာဘတ်၊ပတ္တနာနဲ့ဘုံဘိုင်တရားလွှတ်တော်တွေကတဖက်အငြင်းပွားခဲ့ပါတယ်။

၁၉၂၉ခုနှစ်မှာဆုံးဖြတ်တဲ့8Ran162( D . B . )( ဂျေ၊အေ၊မာတင် နှင့် အက်(စ်)၊အမ်၊ဟာရှင် )အမှုမှာမြန်မာနိုင်ငံတရားလွှတ်တော်က၊အလာဟာဘတ်တရားလွှတ်တော်များရဲ့အမြင်ကိုလက်ခံကျင့်သုံးပါတယ်။

ဒီပြဿနာကို1950BLR( H . C . )19 ( D . B )( အာ(ရ်)၊ကေ၊ဒတ်(စ်) နှင့် ကေ၊အင်(န်)၊အာ(ရ်)၊အမ်၊အင်(န်)၊အာ(ရ်)၊နဂါပါးချစ်တီးယား )အမှုမှာထပ်မံအငြင်းပွားပေမယ့်လည်း၊တရားလွှတ်တော်က၊8 Ran . 162 ( D . B )စီရင်ထုံးမမှားဘူးလို့ဆုံးဖြတ်ပါတယ်။

အခုဆိုရင်လေလံဆွဲဝယ်သူတရားနိုင်နဲ့တရားရှုံးတို့လေလံတင်တဲ့ပစ္စည်းလက်ရောက်ပေးအပ်ရမယ့်ကိစ္စနဲ့ပတ်သက်ပြီးအငြင်းပွားမှုကို၊ဇာရီမှုမှာဆုံးဖြတ်တဲ့အမိန့်ဟာတရားမကျင့်ထုံးဥပဒေပုဒ်မ၄၇မှာအကျုံးမဝင်လို့၊အယူခံမဝင်နိုင်ဘူးဆိုတဲ့အမြင်ကိုမြန်မာနိုင်ငံမှာကျင့်သုံးခဲ့တာအနှစ်၇၀ကျော်ပါပြီ။

အိန္ဒိယနိုင်ငံမှာတော့ကာလကတ္တားအစရှိတဲ့တရားလွှတ်တော်များရဲ့အမြင်ကိုလက်ခံပြီး၊တရားမကျင့်ထုံးဥပဒေပုဒ်မ၄၇ကို၁၉၅၆ခုနှစ်မှာပြင်ဆင်လိုက်တဲ့အတွက်ပြဿနာငြိမ်းသွားပါပြီ။

ပုဒ်မ၂(၂)မှာပုဒ်မ၄၇မှာအကျုုံးဝင်တဲ့ပြဿနာတရပ်ရပ်ရဲ့အဆုံးအဖြတ်ကိုရည်ညွှန်းထားပါတယ်။အဲဒီပြဿနာတွေက၊ဒီကရီကိုအတည်ပြုခြင်း၊ဒီကရီအရပေးဆပ်ခြင်းနဲ့ဒီကရီကိုကျေအေးပြေငြိမ်းအောင်ပြုခြင်းတို့ဖြစ်တယ်။ဒီပြဿနာတရပ်ရပ်နဲ့ပတ်သက်ပြီးတရားနိုင်နဲ့တရားရှုံးတို့(ထိုသူတို့ရဲ့အခွင့်အရေးဆက်ခံသူများလည်းပါဝင်ပါတယ်)အချင်းချင်းအငြင်းပွားမှုဖြစ်ရမယ်။ဒီအထိနားမလည်စရာမရှိပါဘူး။

ပုဒ်မ၂(၂)မှာပါတဲ့ " any question within S . 47 " (ပုဒ်မ၄၇၌အကျုံးဝင်သောပြဿနာတရပ်ရပ်)ဆိုတာ၊တရားနိုင်နဲ့တရားရှုံး(သူတို့ရဲ့အခွင့်အရေးဆက်ခံသူများလည်းပါဝင်သည်)တို့အကြားပေါ်ပေါက်တဲ့ပြဿနာသုံးရပ်အနက်တရပ်ရပ်ဖြစ်ပါတယ်။

ပြဌာန်းချက်မှာ question ပြဿနာကိုသာရည်ညွှန်းပါတယ်။အမှုသည်တွေကိုမရည်ညွှန်းသည်မှာမှန်သော်လည်း၊ပြဌာန်းချက်တရပ်ကိုစကားစပ်အရဖတ်ပါမှပြည့်စုံတဲ့အဓိပ္ပာယ်ရရှိပါတယ်။ပုဒ်မ၂(၂)မှာပုဒ်မ၄၇ကိုရည်ညွှန်းထားပါတယ်။ပုဒ်မ၄၇မှာအမှုသည်တွေဟာဘယ်သူဘယ်ဝါဆိုတာပါပြီးဖြစ်ပါတယ်။ဒါကြောင့်ပုဒ်မ၂(၂)မှာပါတဲ့ပြဿနာဟာပုဒ်မ၄၇မှာရည်ညွှန်းတဲ့အမှုသည်အချင်းချင်းမှာပေါ်ပေါက်တဲ့ပြဿနာဖြစ်တယ်ဆိုတာရှင်းပါတယ်။စီရင်ထုံးအများအပြားကဇာရီမှုမှာဘယ်သူတွေအချင်းချင်းအကြားအငြင်းပွားမှုကိုဆုံးဖြတ်ရမယ်ဆိုတာတညီတညွတ်တည်းညွှန်ပြပါတယ်။

ဇာရီမှုမှာတရားနိုင်နဲ့တရားရှုံးတို့အကြားအငြင်းပွားတဲ့ပြဿနာနဲ့ပတ်သက်ပြီးချမှတ်တဲဲ့အမိန့်တွေအပေါ်အယူခံဝင်ခွင့်နဲ့ပတ်သက်ပြီးအချုပ်မှတ်ထားရမဲ့ပထမအချက်က၊အမိန့်မှာပါတဲ့အမှုသည်တွေဟာတရားနိုင်နဲ့တရားရှုံးများ(၎င်းတို့​၏အခွင့်အရေးကိုဆက်ခံသူများလည်းပါဝင်သည်)ဖြစ်ရပါမယ်။အပြီးအပြတ်အဆုံးအဖြတ်ပေးတဲ့အငြင်းပွားမှုဟာဒီကရီအတည်ပြုခြင်းအပါအဝင်ပုဒ်မ၄၇မှာအကျုံးဝင်တဲ့ပြဿနာတရပ်ရပ်ဖြစ်ရပါမယ်။စောစောကဆွေးနွေးပြီးဖြစ်တဲ့တုတ်ထမ်းငြင်းရမဲ့ကိစ္စကိုသတိရအောင်ပြန်ပြီးပြောဖို့လိုလာပါတယ်။

တရားရှုံးပိုင်ပစ္စည်းကိုလေလံတင်တဲ့အခါ၊#တရားနိုင်ကိုယ်တိုင်ကဝယ်ယူပြီးနည်း၉၅အရလက်ရောက်ပေးအပ်ဖို့၊လျှောက်ထားရာမှာဇာရီရုံးကလက်ရောက်ပေးအပ်ဖို့ငြင်းရင်၊ဒီအမိန့်ကိုအယူခံဝင်ခွင့်မရှိရဘူးလို့ 1950  BLR ( H.C.) 19 ( D.B )အမှုမှာထုံးဖွဲ့ထားပါတယ်။

 လက်ရောက်ပေးအပ်ရမဲ့ကိစ္စဟာဒီကရီအတည်ပြုခြင်းနဲ့မဆိုင်တဲ့အတွက် ပုဒ်မ၄၇မှာအကျုံးဝင်တဲ့ပြဿနာနဲ့မသက်ဆိုင်ဘူးလို့အကြောင်းပြပါတယ်။

ဒီပြဿနာကို 8 Ran. 162 ( D.B )အမှုမှာဆုံးဖြတ်ပါလျက်နဲ့၊1950 BLR( H.C.)19 ( D.B )အမှုမှာဇာရီရုံးရဲ့အမိန့်ကိုခရိုင်တရားမရုံးမှာအယူခံဝင်ခဲ့တာဟာလည်းမမှားသင့်တဲ့အမှားတခုပါပဲ။ဒီအမှားတွေကိုစုစည်းပြီးဖော်ထုတ်ပြရတဲ့ရည်ရွယ်ချက်ဟာဒီအမှားမျိုးနဲ့အမှုသည်တွေနစ်နာရခြင်းမှသက်သာရာရစေလို့ဖြစ်ပါတယ်။

8 Ran. 162 ( D.B )စီရင်ထုံးအမြင်ဟာအနှစ်(၇၀)ကျော်လက်ခံကျင့်သုံးလာခဲ့တဲ့ဥပဒေဖြစ်တာကြောင့်မှားတယ်လို့ပြောဖို့မကောင်းတော့ပါဘူး။အိန္ဒိယနိုင်ငံမှာလိုပုဒ်မ၄၇ကိုပြင်ဆင်ဖို့သာဖြစ်ပါလိမ့်မယ်။

နောက်ထပ်မမှားသင့်တဲ့စီရင်ထုံးတခုအကြောင်းရှင်းပြပါမယ်။ ၁၉၇၂မတစ၆၆ ( ဦးလှတင် နှင့် ဦးမြကြိုင် )အမှုဖြစ်ပါတယ်။အဲဒီအမှုမှာဦးလှတင်ကဦးမြကြိုင်အပေါ်နစ်နာကြေးငွေနှင့်လျော်ကြေးငွေနှစ်ရပ်ပေါင်းရလိုကြောင်းခရိုင်တရားမတရားသူကြီးရုံးမှာစွဲဆိုခဲ့ပါတယ်။အဲဒီအမှုကိုခရိုင်တရားမတရားသူကြီးကပယ်ခဲ့လို့ဦးလှတင်ကတရားရုံးချုပ်မှာအယူခံဝင်ရောက်ခဲ့ပါတယ်။တရားရုံးချုပ်ကခရိုင်တရားမရုံးအမိန့်ကိုပယ်ဖျက်ပြီးအမိန့်၄၁၊နည်း၂၃အရပြန်လည်စစ်ဆေးရန်ပေးပို့ခဲ့ရာ၊ခရိုင်တရားမတရားသူကြီးကအမှုကိုပြန်လည်စစ်ဆေးပြီးဦးလှတင်ကိုအနိုင်ဒီကရီချမှတ်ပေးခဲ့ပါတယ်။

အဲဒီအမိန့်ကိုဦးမြကြိုင်ကမကျေနပ်လို့တရားရုံးချုပ်ကိုအယူခံဝင်ရောက်တဲ့အခါ၊ပထမအယူခံရုံးကမူလရုံးရဲ့အမိန့်နှင့်ဒီကရီကိုပယ်ဖျက်ခဲ့လို့၊ဦးလှတင်က၁၉၄၈ခုနှစ်ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ၆အရအထူးအယူခံတင်သွင်းခြင်းဖြစ်ပါတယ်။

စီရင်ထုံးစာမျက်နှာ၆၆ထိပ်ဆုံးခေါင်းစီးမှာ အထူးအယူခံဝင်ခွင့်လျှောက်လွှာ လို့ရေးသားဖော်ပြထားပါတယ်။စာမျက်နှာ၆၆၊အောက်ခြေမှတ်စုမှာ " နိုင်ငံတော်တရားရုံးချုပ်တရားမပထမအယူခံမှုအမှတ်၄၃/၆၄တွင်၊၁၉၆၇ခုနှစ်ဩဂုတ်လ၃၀ရက်နေ့စွဲပါစီရင်ချက်နှင့်ဒီကရီကိုမကျေနပ်၍၊၁၉၄၈ခုနှစ်ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ်မ၆အရအထူးအယူခံဝင်ခွင့်လျှောက်လွှာ"လို့ဖော်ပြပါရှိပါတယ်။

စီရင်ထုံးစာမျက်နှာ၆၈,၆၉,၇၀တို့မှာအမှုအကြောင်းခြင်းရာနဲ့ပုဒ်မ၄၇၊၁၉၅၀ မတစ၊ စာ၁၉(တရားလွှတ်တော်)၊ရန်ကုန်အတွဲ၈၊စာ၁၆၂စီရင်ထုံးတို့ကို၊ကိုးကားသုံးသပ်ပါတယ်။

စီရင်ထုံးစာမျက်နှာ၇၁မှာ"အထက်ဖော်ပြပါအကြောင်းများကြောင့်၊ပထမအယူခံရုံးအမှုအမှတ်၄၃/၆၄တွင်ချမှတ်ထားသည့်အမိန့်နှင့်ဒီကရီကိုပယ်ဖျက်ပြီး၊ဤအယူခံကိုစရိတ်နှင့်တကွလက်ခံ၍၊အယူခံတရားပြိုင်ကအယူခံတရားလိုသို့ငွေပေါင်း၁၅၄၃၀ကျပ်ပေးရန်အမိန့်ချမှတ်လိုက်သည်။"လို့ဖော်ပြထားပါတယ်။

အထူးအယူခံဝင်ခွင့်လျှောက်လွှာအမိန့်ချမှတ်ရာမှာအထက်ဖော်ပြပါအမိန့်လိုမျိုးချမှတ်ခြင်းဟာဥပဒေနှင့်ညီမညီစဉ်းစားဆင်ခြင်ကြည့်ကြပါရန်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]