အကျိုးသက်ရောက်မှုမရှိသောစာချုပ်သည်၊ကနဦးကပျက်ပြယ်သော(void)စာချုပ်ဖြစ်သည်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားပြိုင်တို့ကအမွေခွဲဝေပေးမည်ဟုယုံကြည်အောင်လှည့်ဖြားပြောဆိုသဖြင့်၊စွန့်လွှတ်စာချုပ်ကိုချုပ်ဆိုခဲ့ကြောင်းတရားလိုကအဆိုပြုပြီး၊ထိုအချက်မှာမူလကပင်တရားမဝင်ပျက်ပြယ်နေသောစာချုပ်ဖြစ်ကြောင်းအဆိုပြုပါသည်။
စွပ်စွဲသည့်အကြောင်းအရာမှန်ခဲ့ပါ၍၊ပဋိညာဉ်အက်ဥပဒေပုဒ်မ၁၇ပါပြဌာန်းချက်များနှင့်ငြိစွန်းပါလျှင်၊ပုဒ်မ၁၉အရတရားလိုကဖျက်သိမ်းခွင့်ရှိပါလိမ့်မည်။
စွန့်လွှတ်စာချုပ်သည်မူလကပင်တရားမဝင်ပျက်ပြယ်စရာအကြောင်းမရှိပါ။
တရားလိုကဖျက်သိမ်းပေးရန်တရားစွဲဆိုပါမှပျက်နိုင်သည့်စာချုပ်မျိုးဖြစ်ပါသည်။
ပျက်ပြယ်ကြောင်းမြွက်ဟကြေညာပေးရန်တရားစွဲဆိုခွင့်လည်းမရှိပါ။
စာချုပ်ချုပ်ဆိုစဉ်ကပင်အကျိုးအာနိသင်မရှိသောစာချုပ်မျိုးသာလျှင်ကနဦးကပင်ပျက်ပြယ်ပါသည်။
1987BLR87 ( ဦးသိန်းဟန် နှင့် မငွေပါ၂ )စီရင်ထုံးသည်အထက်ဖော်ပြပါအမှုအတွက်အဖြေမဟုတ်ပါ။ဦးသိန်းဟန်စီရင်ထုံးပါအမှုတွင်အချင်းဖြစ်စာချုပ်မှာစွန့်လွှတ်စာချုပ်မဟုတ်ပါ။အပိုင်ပေးစာချုပ်ဖြစ်ပါသည်။
1991BLR149( FB )( ဒေါ်လွန်းပါ၅ နှင့် ဒေါ်သိန်းရင် )စီရင်ထုံးနှင့်၊ဖြစ်ရပ်ချင်းတူပါသည်။
စီရင်ထုံးခေါင်းစီးသည်အထင်လွဲစရာဖြစ်နေပါသည်။
ထိုခေါင်းစီးမှာစီရင်ထုံးစာမျက်နှာ၉၁မှ၉၂ပါသုံးသပ်ချက်ကိုထုံးဖွဲ့ခြင်းဖြစ်ပါသည်။
အပိုင်ပေးစာချုပ်မှာဥပဒေနှင့်ညီညွတ်ခြင်းမရှိကြောင်း၊အမွေစီမံခန့်ခွဲမှုတွင်ဆုံးဖြတ်နိုင်ကြောင်း၊1973BLR15စီရင်ထုံးကိုကိုးကားခြင်းသာဖြစ်ပါသည်။
ဦးသိန်းဟန်စီရင်ထုံးစာမျက်နှာ၉၃တွင်၊"အချင်းဖြစ်အပေးစာချုပ်မှာအကြောင်းကြောင်းကြောင့်အကျိုးသက်ရောက်မှုရှိမရှိဆိုသောပြဿနာကိုအမွေမှုတွင်ဆုံးဖြတ်နိုင်သည်ဟုကောက်ယူရပေမည်။ယင်းစာချုပ်ပျက်ပြယ်ကြောင်းမြွက်ဟကြေညာပေးရန်ဖြစ်စေ၊ဖျက်သိမ်းပေးရန်ဖြစ်စေတရားတထုံးစွဲဆိုရန်မဟုတ်။တမှုတည်း၌ကြားနာဆုံးဖြတ်ခြင်းဖြင့်အမှုတိုးပွားခြင်းကိုကာကွယ်နိုင်သည်ဟု"ပြဆိုပါသည်။
အကျိုးသက်ရောက်မှုမရှိသောစာချုပ်သည်ကနဦးကပျက်ပြယ်သောvoidစာချုပ်ဖြစ်ပါသည်။
နစ်နာသူကဖျက်သိမ်းမှပျက်သောစာချုပ်voidableမျိုးမဟုတ်ပါ။
1973 BLR 15(မာမွတ်ရာကွတ်မန်ဆာ နှင့် အယွတ်အစ္စမေး(လ်)အာတီးယားပါ၁၆)အမှုတွင်၊အချင်းဖြစ်စွန့်လွှတ်စာချုပ်သည်၊ပျက်ပြယ်အကျိုးသက်ရောက်မှုမရှိကြောင်းဆုံးဖြတ်နိုင်သည်ဟုသာပြဆိုခြင်းဖြစ်ပါသည်။
ထို့အပြင်မာမွတ်ရာကွတ်မန်ဆာအမှုတွင်၊တရားလိုသည်အမွေရထိုက်ခွင့်ရှိမရှိစိစစ်ရာ၌၊၎င်းကချုပ်ဆိုခဲ့သောစွန့်လွှတ်စာတမ်းသည်၊တရားဝင်သည်မဝင်သည်ကိုအမွေမှုတွင်ပင်အဆုံးအဖြတ်ပေးနိုင်သည်ဟုပြဆိုပါသည်။
ဖြားယောင်း၍ချုပ်ဆိုရသောစာချုပ်သည်၊#အလိုအလျောက်ပျက်voidသည်မဟုတ်ပါ။ဖျက်သိမ်းခွင့်ရှိသောvoidableစာချုပ်မျိုးသာဖြစ်ပါသည်။ထိုသို့ဖျက်သိမ်းခွင့်ရှိကြောင်းသီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၉အရစွဲဆိုသောအမှုတွင်သာအဆုံးအဖြတ်ပေးနိုင်ပါသည်။
အမွေစီမံခန့်ခွဲမှုသက်သက်တွင်ဆုံးဖြတ်နိုင်သည့်ကိစ္စမဟုတ်ပါ။အကြောင်းမူယင်းအမှုမျိုးတွင်၊တရားလိုသည်အမွေဆိုင်ဟုတ်မဟုတ်၊ခွဲဝေရန်အမွေပစ္စည်းရှိမရှိသာဆုံးဖြတ်နိုင်ပါသည်။
ဖျက်သိမ်းခွင့်ရသောစာချုပ်ကိုပယ်ဖျက်ရန်၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၉အရအခွင့်အာဏာမရှိပါ။
ပျက်ပြယ်သောvoidစာချုပ်မှာမူအာနိသင်မရှိ၍၊ပယ်ဖျက်ရန်လိုမည်မဟုတ်ပါ။စက္ကူစုတ်ဟုသဘောထားရန်ဖြစ်၍၊ထိုစာချုပ်မရှိသကဲ့သို့မှတ်ယူသဘောထားပြီး၊စာချုပ်ပါပစ္စည်းကိုအမွေခွဲဝေရန်ဖြစ်ပါသည်။
1991 BLR 149 ( F B )အမှုတွင်၊ 1973 BLR 15အမှုပါထုံးဖွဲ့ချက်အနက်၊အမှုပွားခြင်းကိုပိတ်ပင်သင့်သည်ဟူသောမူကိုလက်ခံဆုံးဖြတ်ပါသည်။
မာမွတ်ရာကွတ်မန်ဆာအမှုတွင်၊အမွေထိန်းနှင့်တရားပြိုင်အမွေဆိုင်များချုပ်ဆိုသောစွန့်လွှတ်စာချုပ်သည်တရားဝင်မဝင်ကိစ္စကိုအမွေမှုတွင်တပြိုင်တည်းကြားနာစစ်ဆေးဆုံးဖြတ်နိုင်ကြောင်း၊စွန့်လွှတ်စာချုပ်မှာပျက်ပြယ်ကြောင်း၊ဖျက်သိမ်းပေးရန်တရားတထုံးစွဲဆိုရန်မလိုကြောင်း၊တမှုတည်း၌ကြားနာဆုံးဖြတ်ခြင်းဖြင့်အမှုတိုးပွားခြင်းမှလည်းကာကွယ်ရာရောက်မည်ဖြစ်ကြောင်းထုံးဖွဲ့ထားသည်။
သို့သော်ဖျက်သိမ်းမှပျက်သောစာချုပ်ကို၊အမွေစီမံခန့်ခွဲပေးစေလိုမှုသက်သက်တွင်၊ပျက်ပြယ်သည့်စာချုပ်အဖြစ်မှတ်ယူကာ၊အမွေပစ္စည်းအဖြစ်ခွဲဝေနိုင်သည်ဟုဆုံးဖြတ်ထားခြင်းမရှိပါ။
Comments
Post a Comment