2 LBR 319 ( 320 )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မြန်မာနိုင်ငံတွင်၊နောက်အကျဆုံး( ၁၄-၁၁-၁၉၀၄ )နေ့၌ခုံရုံးကဆုံးဖြတ်သော၊
2 LBR 319 (320)အမှုတွင်
" A man is presumed to intend the ordinary and natural consequences of his actions. "
ဟုပြဆိုသည်ကိုတွေ့ရသည်။
1967 BLR ( SCCAC ) 23 ( ပြစ်မှု )အမှု၌၊ " စိတ်စေတနာကတိုက်တွန်း၍ကာယကံမြောက်ပြုလုပ်ခြင်းဖြစ်တတ်သောကြောင့်ထိုပြုလုပ်ခြင်းကပင်အတွင်းစိတ်ကိုဖော်ပြသောကြေးမုံပြင်ဖြစ်သည်ဟုသာမန်အားဖြင့်တွက်ဆရမည် "ဟုမြွက်ဆိုချက်သည်အခြားတနည်းမြွက်ဆိုချက်ဖြစ်သည်။
ဒီယုန်မြင်၍ဒီခြုံထွင်သည်ဟူသောမြန်မာဆိုရိုးသည်၊အချင်းဖြစ်ဥပဒေသဘောတရားကိုထင်ဟပ်သည့်မြန်မာဆန်ဆန်တွေးခေါ်မှုတရပ်ဖြစ်သည်။
တဖက်တွင်၊ 1967 BLR ( SCCAC ) 45 ( ပြစ်မှု )အမှု၌ပြဆိုထားသည့်အတိုင်း၊ဓားမိုးခိုင်းစေခြင်းခံရသဖြင့်တစုံတခုသောအမှုကိုမလွှဲမရှောင်သာ၍၊မတတ်သာ၍ပြုသူတဦး၏လုပ်ရပ်သက်သက်ကိုကြည့်ပြီး၎င်းသည်မိမိလုပ်ရပ်၏သဘာဝအလျောက်ဖြစ်ပေါ်လာသောအကျိုးဆက်များကိုကြံရွယ်ပြုလုပ်သည်ဟုကောက်ယူပါလျှင်၊သဘာဝယုတ္တိနှင့်ညီညွတ်ပါမည်လော။
1952 BLR ( S C ) 44 ( ဒေါက်တာဆီးဂရေ့ဖ် )အမှုကိုစီရင်စဉ်အခါက၊အထက်၌ဖော်ပြခဲ့သည့်စီရင်ထုံးများ၌၊တွေးခေါ်သည့်အတိုင်းမဟုတ်ဘဲကွဲပြားသောအခြေအနေတွင်၊အခြားနည်းကြောင်းကျိုးဆင်ခြင်သည့်ထုံးသာဓကမြန်မာနိုင်ငံ၌မရှိသေးပါ။
ထိုစီရင်ထုံးပါကြောင်းကျိုးဆင်ခြင်ချက်သည်လူ့သဘောမနောနှင့်ညီညွတ်သည်ဖြစ်၍၊လူမျိုးမရွေးနှင့်သက်ဆိုင်သောအဆိုအမိန့်ဖြစ်သည်။
နိုင်ငံခြားစီရင်ထုံးဖြစ်၍၊မြန်မာပီသခြင်းမရှိဟုဆိုနိုင်ပါမည်လား။
တရားမျှတခြင်း၏အသီးအပွင့်များကိုခံစားနိုင်ရန်၊လူအမျိုးမျိုးအတွက်သီးခြားစံနှုန်းများမရှိနိုင်။
9 LBR 114 ( P C )အမှု၌၊စီရင်ထုံးစာမျက်နှာ၁၃၆၌၊ပရီဗီကောင်စီကသာနာညီမျှမှုဆိုင်ရာသဘောတရားများကိုကမ္ဘာတလွှားကျင့်သုံးသည်( The principles of equity are universal )ဟုဆိုပါသည်။
တရားလွှတ်တော်ချုပ်ကအင်္ဂလန်နိုင်ငံစီရင်ထုံးသည်၊ဒေါက်တာဆီးဂရေ့(ဖ်)အမှုနှင့်ဖြစ်ရပ်ချင်းမတူ၊မြွက်ဆိုချက်မှာမူအထင်အရှားဆီလျော်သည်ဟုပြဆိုခြင်းကိုအငြင်းပွားရန်အကြောင်းမရှိနိုင်။
နိုင်ငံခြားစီရင်ထုံးကိုကိုးကားရကောင်းလားဟုအပြစ်ဖို့ရန်သင့်ပါမည်လော။
2 LBR 319 ( 320 )အမှု၌မြွက်ဆိုချက်ဖြစ်သော၊
" A man is presumed to intend the ordinary and natural consequences of his actions. "
ဟူသောအဆိုအမိန့်ကို၊သက်သေခံအက်ဥပဒေပုဒ်မ၁၁၄၏ဥပမာ(ည)အဖြစ်ဖြင့်လည်းကောင်း၊
1952 BLR ( S C ) 44 အမှုတွင်ထုံးဖွဲ့ထားသော၊
" But this inference cannot be drawn where an act is done by a person in subjection to the power of others especially if that be a brutal enemy. "
အဆိုအမိန့်ကိုဥပမာ(ည)နှင့်စပ်လျဉ်း၍၊ပုဒ်မ၁၁၄၏နောက်ဆုံးဥပမာအဖြစ်ဖြင့်လည်းကောင်းဖြည့်စွက်ဖတ်ရှုရာ၏။
Comments
Post a Comment