a sword of Damocles ( ကုပ်ပေါ်ဝဲနေသည့်ဓား )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

မြန်မာနိုင်ငံတွင်သောင်းကျန်းသူများအထွဋ်အထိပ်ရောက်ခဲ့စဉ်က၊ရဲစခန်းများနှင့်အလှမ်းဝေးသည်နှင့်အမျှတရားဥပဒေစိုးမိုးမှုလျော့ရဲသထက်လျော့ရဲခဲ့ရာ၊တောနေပြည်သူတို့မှာကျီးလန့်စာစားဘဝတွင်နေခဲ့ရသည်။အသက်ကိုဖက်နှင့်ထုပ်၍ကြောက်ကြောက်ရွံ့ရွံ့နေခဲ့ရသည်။သောင်းကျန်းသူများဓားမိုးထားသည့်အနေအထားတွင်ရှိခဲ့သည်။

မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၁၄၁၄တွင်( a sword of Damocles )ကို၊ကုပ်ပေါ်ဝဲနေသည့်ဓားဟုဘာသာပြန်ပြီး၊ " The possibility of losing her job hung over her like a sword of Damocles all year. "ဟုဥပမာပေးထားရာ၊ " The possibility of losing their lives hung over villagers like a sword of Damocles all the time. "ဟုဆိုပါလျှင်၊ထိုစဉ်ကရွာသူရွာသားများအထိတ်တလန့်၊ကျီးလန့်စာစားနေထိုင်ခဲ့ရပုံကိုကွက်ကွက်ကွင်းကွင်းပေါ်လွင်စေပါလိမ့်မည်။

ထိုရွာသားများကသောင်းကျန်းသူတို့အားဆက်ကြေးပေးရခြင်းသည် contributes for the purpose of the communist insurgent မဖြစ်နိုင်။

1968 BLR 10 ( 12 )တွင်ပြဆိုထားသကဲ့သို့၊ဦးထွန်းအောင်သာပေးသောဖိနပ်များသည် " for the common purpose of use by the members of the association." အသင်းဝင်များအသုံးပြုရန်ရည်ရွယ်ချက်တူအတွက်ဖြစ်သည်ဆိုခြင်းမှန်​၏။သောင်းကျန်းသူများထိုဖိနပ်များကိုစီးနင်းကြမည်မှန်​၏။

သို့သော်ပုဒ်မပါ " for the purpose of any such association. "တွင်အကျုံးဝင်သည်မဟုတ်။ 

" the purpose of any such association "ဟူသောစကားရပ်က " for the common purpose of use. "ထက်ပို၍ကျယ်ဝန်းသည်။

ဦးထွန်းအောင်သာကဖိနပ်များပေးခြင်း​၏ရည်ရွယ်ချက်( purpose )သည်သေနတ်ပြန်ရရေးသာဖြစ်သည်။သောင်းကျန်းသူများ​၏ရည်ရွယ်ချက်ဖြစ်သောအစိုးရကိုဖြုတ်ချရေးအတွက်အဓိကထားသည်မဟုတ်။

အချင်းဖြစ်ဖိနပ်များကိုသောင်းကျန်းသူများအားပေးခြင်းသည်မတရားအသင်းဖြစ်သောကွန်မြူနစ်ပါတီ​၏ရည်ရွယ်ချက်အတွက်ဖြစ်သည်ဟု၊#သောင်းကျန်းသူများဓားမိုးထားသောအခြေအနေတွင်နေထိုင်ဖူးခြင်းမရှိသည့်တရားသူကြီးတဦး​၏အဆုံးအဖြတ်သည်၊ 1959 BLR 58 ( S B )အမှု၌"တရားမျှတမှန်ကန်ခြင်းဆိုသည်ကိုပြည်သူတို့နားလည်လက်ခံခြင်းဖြင့်မှတ်ကျောက်တင်အပ်သည်"ဟူသောအဆိုအမိန့်နှင့်ချိန်ထိုးကြည့်ပါကမှန်ပါမည်လား။

မတရားအသင်းအက်ဥပဒေပုဒ်မ၁၇(၁)အရပြစ်ဒဏ်ထိုက်သောအခြားပြစ်မှုတမျိုးမှာ" in any way assists the operations of any such association,"( တနည်းနည်းဖြင့်၎င်းအသင်း​၏လုပ်ကိုင်ဆောင်ရွက်ရာတွင်ကူညီသည် )ဟူသောစကားရပ်၌အကျုံးဝင်သည်။

မြန်မာစာအဖွဲ့​၏အင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၅၉၂၌ operation ကိုစစ်ဆင်ရေးကဲ့သို့လုပ်ငန်းဟုဘာသာပြန်ပြီး a massive police operation covering the entire country ဟုဥပမာပေးထားရာ၊ပုဒ်မ၁၇(၁)ပါ operations ​၏အဓိပ္ပာယ်သည်မတရားအသင်း​၏လုပ်ငန်းများကိုဆိုလိုသည်ဟုယူဆပါသည်။

ပုဒ်မတွင် operations ဟုဗဟုဝုစ်ကိန်းဖြင့်ဖော်ပြထားသည်ကိုသတိပြုရန်လိုသည်။သောင်းကျန်းသူများကအစိုးရကိုဖြုတ်ချရန်ပုန်ကန်ခြားနားရာ၌နည်းဗျူဟာအမျိုးမျိုးသုံးသည်ဖြစ်၍ operations ဟုဗဟုဝုစ်ကိန်းအဖြစ်သုံးခြင်းနှင့်ဆက်စပ်ဆင်ခြင်ရန်ဖြစ်သည်။

" the operations of any such association "ဟူသောစကားရပ်သည်ကွန်မြူနစ်သောင်းကျန်းသူတို့ကအစိုးရကိုတိုက်ခိုက်ရာ၌အသုံးပြုသောနည်းဗျူဟာမျိုးစုံကိုရည်ညွှန်းသည်။အစိုးရကိုလက်နက်ကိုင်တိုက်ခိုက်ခြင်း၊ဝါဒဖြန့်ခြင်း၊ဟောပြောပွဲပြုလုပ်ခြင်းတို့သည်ကွန်မြူနစ်သောင်းကျန်းသူတို့​၏ operations ( လုပ်ငန်းများ )အချို့ဖြစ်သည်။

ဦးထွန်းအောင်သာကဖိနပ်များပေးခြင်းမှသဘာဝအလျောက်ဖြစ်ပေါ်လာသောအကျိုးဆက်မှာထိုဖိနပ်များရသောသောင်းကျန်းသူတို့ကယင်းဖိနပ်များစီးနင်းခြင်းဖြစ်သည်။အဆုံးစွန်အားဖြင့်ထိုသို့ပေးခြင်းသည်သောင်းကျန်းသူများ၊စီးစေရန်အကြံ၊ဖြင့်ပေးခြင်းထက်ပို၍မှတ်ယူခြင်းမပြုနိုင်။တပ်မတော်သားများကိုတိုက်ခိုက်ရန်အလို့ငှာထိုဖိနပ်များကိုစီးစေရန်ကြံရွယ်သည်ဟုကောက်ယူလျှင်သက်သေခံအက်ဥပဒေပုဒ်မ၁၁၄တွင်ခွင့်ပြုထားသည်ထက်ပို၍လိုရာဆွဲပြီးမှတ်ယူရာရောက်မည်။#သဘာဝယုတ္တိနှင့်ညီညွတ်သောမှတ်ယူချက်မဖြစ်နိုင်။

ဖိနပ်များပေးခြင်းနှင့်သောင်းကျန်းသူတို့အချင်းဖြစ်ဖိနပ်များကိုစီးကာတပ်မတော်သားများအားတိုက်ခိုက်ခြင်းတို့သည်၊အလှမ်းဝေးသောအဆက်အစပ်ရှိခြင်းထက်မပို။

ညောင်ဦးကမ်းပါးပြိုရာစမ္ပာနဂိုကနွားမပေါင်ကျိုးဆိုရိုးသည်၊အကြောင်းတရားနှင့်အကျိုးတရားတို့ကွာဟလွန်းပုံကို၊ပီပီပြင်ပြင်သရုပ်ဖော်သည့်ပြယုဂ်ဖြစ်သည်။

ပဋိညာဉ်ဖောက်ဖျက်သည့်အတွက်လျော်ကြေးပေးခြင်းနှင့်သက်ဆိုင်သောပဋိညာဉ်အက်ဥပဒေပုဒ်မ၇၃​၏ဒုတိယအပိုဒ်၌"ဖောက်ဖျက်ခြင်းကြောင့်ဖြစ်ပေါ်သော်လည်းအလှမ်းဝေးသည့်အကြောင်းကြောင့်၊ထို့ပြင်သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေသောမည်သည့်ဆုံးရှုံးခြင်းအတွက်မဆိုသို့မဟုတ်မည်သည့်ဆုံးရှုံးနစ်နာခြင်းအတွက်မဆို၊ထိုကဲ့သို့သောလျော်ကြေးကိုပေးရန်မဟုတ်"ဟုပြဌာန်းထားသည်ကိုထောက်ချင့်ပါက၊တဦးတယောက်သောသူသည်မိမိပြုလုပ်မှုမှပေါ်ပေါက်သော၊အလှမ်းဝေးသည့်အကျိုးဆက်များကို၊ကြံရွယ်သည်ဟုမှတ်ယူခြင်းမပြုနိုင်ကြောင်းပေါ်လွင်သည်။

အချင်းဖြစ်ဖိနပ်များကိုဦးထွန်းအောင်သာကပေးခြင်းသည်ကူညီသည်ဟု၊အပေါ်ယံကြောကြည့်ဆုံးဖြတ်ရန်မဟုတ်။သောင်းကျန်းသူကွန်မြူနစ်အသင်း​၏ operation တခုခုကိုလုပ်ကိုင်ဆောင်ရွက်ရာ၌ကူညီခြင်းမျိုးဖြစ်ရန်လိုသည်။

ဦးထွန်းအောင်သာသည်မိမိသေနတ်ကိုကွန်မြူနစ်သောင်းကျန်းသူများ​၏သောင်းကျန်းမှုလုပ်ငန်း( operation )အလို့ငှာကူညီလိုသောစိတ်ဆန္ဒမရှိ။သေနတ်ပြန်ရလိုသည့်ဇောဖြင့်ဖိနပ်များကိုပေးခြင်းဖြစ်ကြောင်း၊#ပကတိဖြစ်ရပ်မှန်ကမီးမောင်းထိုးပြလျက်ရှိသည်။

ပုဒ်မ၁၇(၁)လာ assist ( ကူညီသည် )၊ 1952 BLR ( S C ) 44 ( ဒေါက်တာဆီးဂရေ့(ဖ်) )အမှုနှင့်သက်ဆိုင်သောဥပဒေလာ encourages ( အားပေးသည် ) နှင့် comforts ( နှစ်သိမ့်စေသည် )ဟူသော၊ပြုလုပ်မှုအသီးသီးတွင်ပြုလုပ်သူကလိုလိုချင်ချင်၊အလိုအလျောက်ပြုသောစိတ်ဆန္ဒသက်ဝင်သည်မှာမြင်သာသည်။

တနည်းအားဖြင့်မနောကံဖြင့်ကာယကံမြောက်ပြုလုပ်ခြင်းများဖြစ်သည်။ပြဌာန်းချက်လာ assists ဟူသောစကားလုံးကိုကျဉ်းမြောင်းစွာအဓိပ္ပာယ်ကောက်ယူရန်မဟုတ်။စကားစပ်(context)ဖြစ်သောကျန်ပြဌာန်းချက်နှင့်ဆက်စပ်ဖတ်ရှုလျှင်၊မနောကံမြောက်စိတ်ရောကိုယ်ပါကျူးလွန်သည့်ပြစ်မှုမျိုးဖြစ်ကြောင်းမြင်သာသည်။ Assists ဟူသောစကားလုံးသက်သက်ကိုကြည့်၍အဓိပ္ပာယ်ကောက်ယူခြင်းဖြင့်၊သဘာဝယုတ္တိရှိသောအဓိပ္ပာယ်မရနိုင်။

သေနတ်ပြန်ရရန်ဦးတည်ကာဦးထွန်းအောင်သာဖိနပ်များကို၊မလွှဲမရှောင်သာ၍ပေးရသည့်ပတ်ဝန်းကျင်အခြေအနေကိုထောက်ချင့်ပါကသောင်းကျန်းသူများကိုလိုလိုချင်ချင်ထောက်ပံ့ကူညီခြင်းမဟုတ်။အပြစ်မဲ့သောinnocentလုပ်ရပ်ဖြစ်သည့်အလျောက်၊ 1952 BLR ( S C ) 44 ( ဒေါက်တာဆီးဂရေ့ဖ် )အမှုတွင်၊အထူးအယူခံမှု၌တရားလွှတ်တော်ချုပ်က" It is a fundamental principle of law that a crime is not committed if the mind of the person doing the act is Innocent. "ဟူသောထုံးဖွဲ့ချက်အရ၊#မနောကံမြောက်ပြစ်မှုကျူးလွန်ရာမရောက်နိုင်။

1952 BLR ( S C ) 44( ဒေါက်တာဆီးဂရေ့ဖ် )စီရင်ထုံးတွင်ကိုးကားထားသော၊ A I R 1951 ( S C ) 332 စီရင်ထုံးပါ" Whether a person has a guilty mind or not in doing an act prohibited by law must be judged by the surrounding circumstances of each case."ဟူသောထုံးဖွဲ့ချက်သည်လည်းအဖြေဖြစ်သည်။

အမှန်စင်စစ် 1969 BLR 58 ( S B )စီရင်ထုံး​၏၊ခေါင်းစီးပါထုံးဖွဲ့ချက်သည်အိန္ဒိယနိုင်ငံတရားလွှတ်တော်ချုပ်​၏အမြင်ကိုထင်ဟပ်သည်ကိုတွေ့မြင်နိုင်သည်။

သို့သော် 1968 BLR 10 အမှုတွင်၊တရားရုံးချုပ်တရားသူကြီး(ဦးစိန်သင်း)သည်ယခင်တရားလွှတ်တော်ချုပ်​၏ထုံးပြုချက်ကိုကိုးကားပြီးကာမှ၊ဖြစ်ရပ်ချင်းမတူသောအခြားစီရင်ထုံးများနောက်သို့လိုက်သွားခဲ့သည်ကိုတွေ့ရသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ