ဒေါက်တာဆီးဂရေ့ဖ်စီရင်ထုံး
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1952 BLR ( S C ) 44 ( ဒေါက်တာဆီးဂရေ့ဖ် )စီရင်ထုံး၌ကောက်နုတ်ဖော်ပြသော၊အဆိုအမိန့်သည်ပြစ်မှုတိုင်းနှင့်သက်ဆိုင်သည်မဟုတ်။ရာဇသတ်ကြီးပုဒ်မ၂၇၉၊ပုဒ်မ၃၀၄-က၊အစရှိသောပုဒ်မများတွင်ရည်ညွှန်းထားသောပြစ်မှုများကိုကျူးလွန်ခြင်းရှိမရှိဆန်းစစ်ရာ၌၊ပြစ်မှုကျူးလွန်ရန်မနောကံ( mens rea ) ( guilty mind )သည်၊ထိုပြစ်မှုများမြောက်ရန်လိုသည့်အချက်မဟုတ်။
1968 BLR ( H C ) 10 စီရင်ထုံးစာမျက်နှာ၁၃၌ကိုးကားသော၊ 1957 BLR ( H C ) 58 ( The Union of Burma vs. U Nyo ) နှင့် 1959 BLR ( H C ) 6 ( Ganesh Narayan vs. The Union of Burma )စသောစီရင်ထုံးများပါအမှုဖြစ်ရပ်တို့သည်၊ဦးထွန်းအောင်သာအမှုဖြစ်ရပ်နှင့်သဘောသဘာဝချင်းမတူပါဘဲလျက်၊ဦးထွန်းအောင်သာ၏ဘေးကြပ်နံကြပ်အခြေအနေသည်တရားရုံးချုပ်တရားသူကြီး(ဦးစိန်သင်း)၏၊နှလုံးသားကိုဆွဲလှုပ်နိုင်ခြင်းမရှိခဲ့။
1969 BLR 58 ( S B )( ပြစ်မှု )( ဦးထွန်းအောင်သာ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ )တွင်ပြဆိုသော၊စီရင်ထုံးစာမျက်နှာ၆၃ပါထုံးဖွဲ့ချက်ကို၊ရာဇဝတ်မှုစစ်ဆေးသောတရားသူကြီးတိုင်းကျင့်သုံးသင့်သည်။
ကိုးကားသည့်စီရင်ထုံးကစီရင်လျက်ရှိသည့်အမှုဖြစ်ရပ်နောက်သို့လိုက်ပါရန်ဖြစ်သည်။
ဆိုလိုသည်မှာ၊အမှုဖြစ်ရပ်နှင့်ညီညွတ်ပါမှဆိုင်ရာစီရင်ထုံးကိုကိုးကားဆုံးဖြတ်ရန်ဖြစ်သည်။
စီရင်ထုံးနောက်သို့လိုက်ပါရန်မဟုတ်။
ဖြစ်ရပ်ချင်းကွဲလွဲသောစီရင်ထုံးကိုမဆီမဆိုင်ကိုးကားပြီးဆုံးဖြတ်ရန်မဟုတ်။
1969 BLR 58 ( S B )စီရင်ထုံးတွင်၊ဦးထွန်းအောင်သာ၏သေနတ်နှင့်ဖိနပ်များကိုလဲလှယ်ခြင်းမှာ၊ပြစ်မှုမမြောက်ဟုအကျိုးအကြောင်းများများစားစားမပြပါ။အမှုဖြစ်စဉ်အကျဉ်းကိုထောက်ပြပြီးပြစ်မှုမမြောက်ဟုမဆိုသာကြောင်းသာဆုံးဖြတ်သည်။
1968 BLR 10( ဦးထွန်းအောင်သာ )အမှုတွင်၊နိုင်ငံခြားစီရင်ထုံးကိုကိုးကားဆုံးဖြတ်ခြင်းမပြုပါ။အိန္ဒိယနိုင်ငံစီရင်ထုံးကိုကိုးကားသောတရားလွှတ်တော်ချုပ်စီရင်ထုံး( ဒေါက်တာဆီးဂရေ့ဖ်အမှု )မှ၊သက်ဆိုင်ရာထုံးဖွဲ့ချက်ကိုကောက်နုတ်ဖော်ပြခြင်းမျှသာဖြစ်သည်။
တရားရုံးချုပ်တရားသူကြီး(ဦးစိန်သင်း)က၊တရားလွှတ်တော်ချုပ်၏ပြဆိုချက်သည်၊ခရီးသွားဟန်လွှဲဆုံးဖြတ်ချက်ဖြစ်သည်ဟုဆိုကာလိုက်နာခြင်းမပြု။
1969 BLR 58 ( S B )အမှုတွင်၊တရားလွှတ်တော်ချုပ်၏အဆိုအမိန့်ကိုကိုးကားခြင်းမပြုသော်လည်း၊တရားလွှတ်တော်ချုပ်နှင့် A I R 1951 ( S C ) 204 စီရင်ထုံးများတွင်ပြဆိုချက်များအတိုင်း၊အနှစ်သာရအားဖြင့်ဆုံးဖြတ်ရာရောက်သည်မှာမြင်သာပါသည်။
ဤအခြေအနေတွင်" အခြားနိုင်ငံများမှစီရင်ထုံးများကိုလေ့လာကောင်းပါ၏။သို့ရာတွင်မိမိတို့ရှေ့မှောက်သို့ရောက်လာသောမှုခင်းများကိုစစ်ဆေးစီရင်ရာတွင်ကားမှုခင်းဖြစ်ပျက်ကာလ၊ဒေသအခြေအနေ၊ပတ်ဝန်းကျင်၊လူနေမှု၊ဓလေ့ထုံးတမ်းစသည်တို့ကိုစစ်ဆေးဆင်ခြင်ကာဥပဒေဘောင်အတွင်းကမျှတမှန်ကန်၍အများနားလည်သဘာဝကျသောတရားကိုစီရင်အပ်ပေသည်။ "ဟုထုံးဖွဲ့ခြင်းကိုအငြင်းပွားရန်မရှိသော်လည်း၊အခြားနိုင်ငံများမှစီရင်ထုံးများကိုရှေ့ထားကိုးကားလျှင်၊တရားစီရင်ရေးတွင်မြန်မာပီသမည်မဟုတ်ဟုပြဆိုခြင်းသည်၊အငြင်းပွားဖွယ်ဖြစ်သည်။
5 LBR 76 စီရင်ထုံး၌ပရီဗီကောင်စီက 11 More . I . A 7 အမှု၌ပြဆိုသည့်၊တရားစီရင်ရေးမူတရပ်ကိုထုံးဖွဲ့ပြဆိုခဲ့ရာ၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၌အခါအားလျော်စွာထပ်တလဲလဲကိုးကားခဲ့ရာမှ 1997 BLR 1 အမှုတွင်၊ထိုမူကိုမြန်မာဘာသာဖြင့်ထုံးပြုကြသည်အထိဖြစ်ထွန်းခဲ့သည်။
စုံညီခုံရုံးစီရင်ထုံးသည်မြန်မာပီသခြင်းမရှိ။နိုင်ငံခြားစီရင်ထုံးအငွေ့အသက်မပျောက်ဟုဆိုနိုင်ပါမည်လား။
၁၈၇၂ခုနှစ်၊ဇန္နဝါရီလ၄ရက်နေ့တွင်အောက်မြန်မာပြည်အထူးတရားရုံးက၊ SJLB 1 အမှုကိုဆုံးဖြတ်စဉ်က၊မြန်မာနိုင်ငံတွင်ထုံးသာဓကမရှိသဖြင့်စီရင်ထုံးစာမျက်နှာ၃တွင်၊ပရီဗီကောင်စီစီရင်ထုံးတခုကိုကိုးကားဆုံးဖြတ်ခဲ့သည်။
ထိုစီရင်ထုံးနောက်ပိုင်းစီရင်ထုံးများတွင်လည်းအလားတူမြန်မာနိုင်ငံ၌ထုံးသာဓကမရှိသည့်အမှုများ၌၊နိုင်ငံခြားစီရင်ထုံးများကိုမှီငြမ်းပြုကာတရားစီရင်ရာတွင်၊မြန်မာနိုင်ငံတရားစီရင်ခြင်းတိုးတက်ဖြစ်ထွန်းလာသည်မှာ၊မငြင်းနိုင်သောဖြစ်စဉ်ဖြစ်ပါသည်။
1954 BLR ( S C ) 52 ( 57 )( ဒေါ်ထွေး နှင့် မတင်ဦး )အမှုတွင်ပြဆိုထားသည့်အတိုင်း၊ထုံးသာဓကမကိုးကားဘဲဆုံးဖြတ်ခြင်းသည်အတ္တနောမတိမိမိသဘောအတိုင်းဆုံးဖြတ်ရာရောက်ပါလိမ့်မည်။
တဖက်တွင်၊မြန်မာနိုင်ငံစီရင်ထုံးမရှိသဖြင့်နိုင်ငံခြားစီရင်ထုံးမှအားယူကာ၊အမှန်တရားကိုဖော်ထုတ်စီရင်ခြင်းကြောင့်မြန်မာပီသခြင်းမရှိဟု၊အပြစ်ဖို့ဖွယ်ရှိသည်ဟုဆိုနိုင်ပါက၊စီရင်ထုံးစာအုပ်များ၌ဆောင်ပုဒ်အဖြစ်ဖော်ပြထားသောတရားစီရင်ရေးမူနှင့်ညီညွတ်စေရန်မည်သို့စီရင်သင့်ပါသနည်း၊တွေးဆကြပါကုန်။
1968 BLR 10 အမှုတွင်၊ပြစ်မှုကျူးလွန်သူ၏မနောကံသည်မတရားအသင်းအက်ဥပဒေပုဒ်မ၁၇(၁)အရပြစ်ဒဏ်ထိုက်သောပြစ်မှုမြောက်ရန်မလိုဟုတရားရုံးချုပ်တဦးထိုင်ရုံးတော်(ဦးစိန်သင်း)ကအကြောင်းပြခြင်းသည်မမှန်ကြောင်း၊ 1969 BLR 58 ( S B )စီရင်ထုံး၌၊အကိုးအကားဖြင့်ကြောင်းကျိုးဆင်ခြင်ဆုံးဖြတ်လျှင်ကောင်းလေစွ။အခွင့်အရေးကောင်းတရပ်လက်လွတ်သွားခဲ့သည်။
Comments
Post a Comment