AIR Commentaries ကျမ်းများကိုဥပဒေပညာရှင်အများအပြားစုပေါင်းထုတ်ဝေခြင်းဖြစ်သည်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
AIR Commentaries ကျမ်းများကိုဥပဒေပညာရှင်အများအပြားစုပေါင်းထုတ်ဝေခြင်းဖြစ်သည်။စာတည်းအဖွဲ့၌ပင်တရားလွှတ်တော်ဥပဒေပညာရှင်အများအပြားပါဝင်သည်ကိုတွေ့ရသည်။
၁၉၅၀ပြည့်နှစ်ထုတ်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေကျမ်းသုံးတွဲ(စာမျက်နှာ၂၅၁၅)ရှိသည်။မြန်မာနိုင်ငံ၌လက်ရှိထုတ်ဝေလျက်ရှိသည့်စီရင်ထုံးပေါင်းချုပ်အနှစ်ချုပ်ဖြစ်သည့်နောက်အကျဆုံးဥပဒေကျမ်းမှာလေးတွဲ၊ကာလစည်းကမ်းသတ်ဥပဒေကျမ်းမှာနှစ်တွဲ(မှတ်မိသမျှ)ရှိသည်။
မြန်မာနိုင်ငံရှိအဆိုပါကျမ်းများမှာနှစ်ငါးဆယ်ကျော်ခေတ်နောက်ကျကျန်လျက်ရှိသည်။အိန္ဒိယနိုင်ငံ၌နောက်ဆုံးထုတ်ဝေသောအဆိုပါကျမ်းများမှာများစွာပို၍ထူလာကာ၊ကျမ်းများတွင်အကြောင်းအရာအညွှန်း၊စီရင်ထုံးအညွှန်းများပါသည်။
ကျမ်းကြီးများတွင်မှားသောစီရင်ထုံးအချို့ကိုဘဝင်မကျကြောင်းတင်ပြထားသည်ကိုလည်းတွေ့ရသည်။
ဒေါက်တာဧမောင်သည်၁၉၇၀ပြည့်နှစ်တွင်ထုတ်ဝေသောမြန်မာဗုဒ္ဓဘာသာတရားဥပဒေ(မြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာဥပဒေပုဒ်မ၁၃(၂)တွင်ပါရှိသည့်အတိုင်း)ကျမ်းစာမျက်နှာ၆၃တွင်၊1963 BLR 912(917)( Maung Kyin Maung and one vs. Ma Waing Kyi )(တရားဝန်ကြီးဦးစံမောင်ကြားနာဆုံးဖြတ်သည်)စီရင်ထုံးပါဆုံးဖြတ်ချက်မမှန်ကြောင်းကိုလည်းကောင်းထောက်ပြထားသည်။
ဒေါက်တာဧမောင်ကျမ်းစာမျက်နှာ၆၃တွင်အောက်ပါအတိုင်းဝေဖန်ထားသည်-
" An obiter dictum in Maung Kyin Maung vs. Ma Waing Kyi ( 1963 C . C . 912 ) at page 917 of the Report that the acution purchaser of the wife's interest at an execution sale cannot claim partition of the interest against the husband during the subsistence of marriage is clearly incorrect . It ignores a long line of decisions to the contrary and also overlooks the fact that inability to claim partition is personal to the husband or the wife . "
မောင်ကျင်မောင်အမှုမှာမဝိုင်းကြည်ရဲ့အဖေကဂရန်ရတယ်။အဖေလုပ်တဲ့သူဂရန်ရတဲ့မြေကွက်မှာမယားလုပ်တဲ့သူဆိုင်တာပေါ့။မယားကအကြွေးတင်ပါလိမ့်မယ်ထင်တယ်။လင်မယားနှစ်ယောက်ပိုင်ဂရန်ပစ္စည်းမှာမယားရဲ့အကျိုးခံစားခွင့်ကိုဝရမ်းကပ်တယ်။ရောင်းတယ်။တရားပြိုင်မောင်ကျင်မောင်ကဝယ်လိုက်တယ်။တပိုင်းတစမှာသူဝင်နေလိုက်တယ်။
အဖေရောအမေရောသေပြီးတဲ့နောက်ဂရန်ရသူရဲ့သမီးဖြစ်သူမဝိုင်းကြည်ကမောင်ကျင်မောင်ကိုကျူးကျော်သူအဖြစ်လက်ရောက်ရလိုမှုစွဲတယ်။မောင်ကျင်မောင်ကကျွန်တော်ကျူးကျော်သူမဟုတ်ဘူး။သူ့အမေရဲ့ရပိုင်ခွင့်ကိုဝယ်နေတဲ့အတွက်ကျူးကျော်သူဟုတ်ဘူးလို့ထုချေတယ်။
တောင်ငူခရိုင်တရားမတရားသူကြီးကမယားအပေါ်မှာကြွေးမြီကိုအကြောင်းပြုပြီးတော့ရောင်းတာဟာ၊ဂရန်သည်ကော်လိတ္တော်ခွင့်ပြုချက်မရပဲရောင်းတာ၊ပဋိညာဉ်ဥပဒေနဲ့ဆန့်ကျင်တယ်။ဒါကြောင့်မောင်ကျင်မောင်ဝယ်တာအကျိုးအမြတ်မရှိဘူးဆိုပြီးဆုံးဖြတ်လိုက်တယ်။
တရားရုံးချုပ်ရောက်တော့၊ဂရန်မှာဘယ်လိုပဲရေးထားရေးထားရောင်းလို့ရပါတယ်။ပဋိညာဉ်ဥပဒေအရမပျက်ဘူးလို့ဆုံးဖြတ်တယ်။
ထူးခြားတဲ့ဥပဒေလေးတခုက၊သမီးမဝိုင်းကြည်ဘက်ကလိုက်တဲ့ရှေ့နေက၊ဝယ်တဲ့မောင်ကျင်မောင်ဟာမူလပိုင်ရှင်သမီးနဲ့အဖေရဲ့မြေကိုလည်းမခွဲရသေးဘူး။မခွဲရသေးလို့ဘယ်အပိုင်းဟာသူ့ပစ္စည်းလဲလို့မသိနိုင်ပါဘူးလို့လျှောက်တယ်။မောင်ကျင်မောင်ဝယ်တာကမယားရဲ့ပိုင်ဆိုင်မှုကိုဝယ်တာ။ဂရန်ရတာကလင်လုပ်သူကရတာ။
တရားသူကြီးဦးစံမောင်ကသူတို့လင်မယားကွဲမှမကွဲဘဲ၊ဘယ်လိုလုပ်လက်မယားပိုင်ခွဲလို့ရပါ့မလဲ၊သူတို့လင်မယားဟာသေတဲ့အထိကွဲမှမကွဲပဲ၊ဒါကြောင့်မူလပိုင်ရှင်နဲ့မောင်ကျင်မောင်တို့ခွဲဖို့တင်ပြတာဟာမမှန်ဘူးလို့ဆုံးဖြတ်တယ်။
အဲဒီလိုဆုံးဖြတ်တာမမှန်ဘူးလို့ဒေါက်တာဧမောင်ကသူရေးတဲ့စာအုပ်မှာဝေဖန်တယ်။ဒေါက်တာဧမောင်က၊လင်မယားမကွဲသရွေ့ပစ္စည်းခွဲပေးဖို့စွဲလို့မရဘူးဆိုတာမှန်ပါတယ်။ဦးစံမောင်မမြင်လိုက်တာကိုဒေါက်တာဧမောင်ကမြင်လိုက်တယ်။
လေလံတင်ရောင်းချပြီးတဲ့နောက်၊အချင်းဖြစ်ပစ္စည်းများရဲ့ပိုင်ရှင်တွေဟာဂရန်ရတဲ့သူမယားရဲ့ပိုင်ဆိုင်ခွင့်ကို၊လေလံဆွဲဝယ်သူမောင်ကျင်မောင်တို့ဖြစ်တယ်။ဒါကြောင့်၊ပူးတွဲပိုင်သူတွေဟာလင်မယားမဟုတ်လို့ပစ္စည်းခွဲဖို့ဘာဖြစ်လို့စွဲလို့မရတော့မှာလဲ။
ဒီနေ့အထိတော့ဆရာဦးစံမောင်ရဲ့စီရင်ထုံးဟာရှိနေသေးတာပဲ။မှားတယ်လို့ပြောလို့မရဘူး။လိုက်နာရမှာပဲ။တနေ့နေ့တချိန်ချိန်အလားတူအမှုမျိုးရုံးချုပ်ကိုရောက်လာရင်၆၃ခုနှစ်ကမှားနေတဲ့အစိတ်အပိုင်းကိုပယ်ထုတ်လို့ရပါတယ်။
ဆရာတို့စီရင်ထုံးတွေကိုလေ့လာရာမှာမှန်တယ်ဆိုပြီးတသက်လုံးမှတ်ထားဖို့မဟုတ်ဘူး။မှားတာဆိုရင်သိရမယ်။မှန်သည်ထက်မှန်အောင်လုပ်သွားရမယ်။
မူလကလင်နှင့်မယားပိုင်တဲ့ပစ္စည်းဟာ၊မယားကအပိုင်ပေးပြီးတဲ့နောက်၊လင်နဲ့အပိုင်ရသူတို့ပိုင်ပစ္စည်းဖြစ်သွားပါပြီ။ခွဲယူတဲ့အခါတယောက်ရဲ့ဝေစုမှာကျန်တယောက်ကအကျိုးခံစားခွင့်မရှိနိုင်ပါဘူး၊ဘာကြောင့်လဲဆိုတော့ခွဲဝေယူကြသူတွေဟာလင်မယားမှမဟုတ်ပဲ၊ဒါကြောင့်ခွဲဝေခြင်းဟာအထမြောက်ပါတယ်။
ဒါပေမယ့် 1963 BLR 912 ( 917 )( မောင်ကျင်မောင် နှင့် မဝိုင်းကြည် )အမှုမှာ၊မယားရဲ့ဝေစုကိုလေလံတင်ရောင်းချတဲ့အခါ၊ဝယ်သူဟာလင်အပေါ်လင်မယားပေါင်းသင်းဆဲမှာဝယ်တဲ့အစုကိုခွဲဝေပေးဖို့၊တရားစွဲဆိုခွင့်မရှိကြောင်းဆုံးဖြတ်ဖူးပါတယ်။
ပညာရှင်ဒေါက်တာဧမောင်ကမြန်မာဗုဒ္ဓဘာသာတရားဥပဒေကျမ်း(၁၉၇၀ပြည့်နှစ်ထုတ်)စာမျက်နှာ၆၃မှာ၊အဲဒီဆုံးဖြတ်ချက်မှားယွင်းကြောင်းထောက်ပြတဲ့အခါ၊ပစ္စည်းခွဲဝေပေးရန်တောင်းဆိုခွင့်မရှိခြင်းသည်၊လင်သို့မဟုတ်မယားနဲ့ဆိုင်တဲ့ပုဂ္ဂိုလ်ရေးကိစ္စဖြစ်တယ်လို့ရှင်းပြထားပါတယ်။
Comments
Post a Comment