အကြောင်းအားလျော်စွာဖြစ်ပေါ်လာသည့်ဒွိဟသံသယ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
အလေးထားဆွေးနွေးရန်ဥပဒေပြဿနာတရပ်ရှိပါသည်။ဒွိဟသံသယ၏အကျိုးကိုတရားခံ၊ခံစားထိုက်သည်ဟူသောရာဇဝတ်တရားစီရင်ရေးဆိုင်ရာဥပဒေသဘောတရားမှာ၊တရားခံကိုလွှတ်ရန်ဖော်နည်းကားမဟုတ်။ဒွိဟသံသယပွားတိုင်းတရားရုံးကတရားခံကိုလွှတ်ပစ်ခွင့်ရစေသည့်လုပ်ပိုင်ခွင့်လည်းမဟုတ်ပါ။
အကြောင်းအားလျော်စွာဖြစ်ပေါ်လာသည့်ဒွိဟသံသယမျိုးဖြစ်သည်။တရားခံအပေါ်ငြိစွန်းသောသက်သေခံချက်အရ၊တရားခံအပြစ်မဲ့သည်ဟုကောက်ယူနိုင်သည့်နည်းတူအပြစ်ရှိသည်ဟူ၍လည်းဆိုနိုင်သဖြင့်၊တရားခံအားအပြစ်ပေးရန်၊တရားရုံးကချီတုံချတုံရင်ဆိုင်ရသည့်အခြေအနေမျိုးကိုရည်ညွှန်းသည်။
1969 BLR ( SCCAC ) 32 ( ပြစ်မှု )( ဗိုလ်မှုးဝင်းဖေ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ )အမှုတွင်၊အထူးရာဇဝတ်ရုံးအယူခံအဖွဲ့ကအောက်ပါအတိုင်းပြဆိုပါသည်-
" ရာဇဝတ်ပြစ်မှုကျူးလွန်သည်ဟုထင်ကြေးဖြင့်ဆုံးဖြတ်ခြင်းမပြုအပ်။ခိုင်လုံသောအထောက်အထားများရှိရမည်ဟုအခါခါဆိုခဲ့ပြီ။"သံသယ၏အကျိုးကိုတရားခံအားပေးရမည်"ဟုဆိုရမည့်အစားထင်ကြေးနှင့်အပြစ်မပေးသင့်၊ခိုင်လုံသောအထောက်အထားပြည့်စုံမှသာအပြစ်ပေးရမည်ဟုဆိုလျှင်တွေးခေါ်ယူဆပုံပိုမိုရှင်းမည်ဟုယူဆသည်။ "
မြန်မာစာအဖွဲ့ကပြုစုသောမြန်မာအဘိဓာန်အကျဉ်းချုပ်အတွဲ၂၊စာမျက်နှာ၅၂တွင်၊ထင်ကြေးကိုထင်မြင်မှန်းဆချက်၊ဟူ၍လည်းကောင်း၊အတွဲ၄၊စာမျက်နှာ၂၀၅တွင်၊သံသယကိုယုံမှားခြင်း၊သင်္ကာမကင်းရှိခြင်း၊ဟူ၍လည်းကောင်း၊အတွဲ၂၊စာမျက်နှာ၁၈၅၌၊ဒွိဟကိုစိတ်နှစ်ခွဖြစ်ခြင်း၊ဟူ၍လည်းကောင်းအဓိပ္ပာယ်ဖွင့်ဆိုထားသည်။
တရားခံတဦးသည်ရာဇဝတ်မှုကျူးလွန်သည်ဟုဒွိဟသံသယကင်းသည်အထိတရားလိုဘက်ကသက်သေထင်ရှားမပြနိုင်လျှင်ထင်ကြေးဖြင့်ပြစ်မှုထင်ရှားစီရင်ရန်မဟုတ်၊၎င်းအားလွှတ်ပစ်ရန်သာရှိသည်။
တဖက်တွင်တရားခံအားထင်ကြေးဖြင့်လွှတ်သည်ဟူသောအသုံးအနှုန်းမရှိ။
တရားခံအပြစ်ရှိမရှိဒွိဟသံသယရှိခြင်းကြောင့်၎င်းအားတရားသေလွှတ်ရကြောင်း၊တွင်တွင်ကျယ်ကျယ်ကျင့်သုံးသည့်အသုံးအနှုန်းရှိကြောင်းစီရင်ထုံးများတွင်တွေ့မြင်နိုင်သည်။
1952 BLR ( S C ) 44 ( ဒေါက်တာဆီးဂရေ့ဖ် )အမှုတွင်၊ယခင်တရားလွှတ်တော်ချုပ်ကသက်သေခံချက်များကိုစိစစ်သုံးသပ်ပြီးနောက်၊အမှုကိုအဆိုးဝါးဆုံးအမြင်ဖြင့်ကြည့်ဦးတော့၊ဒေါက်တာဆီးဂရေ့(ဖ်)ကသောင်းကျန်းသူနော်ဆိုင်းအားခွဲစိတ်ကိရိယာများနှင့်ဆေးဝါးများပေးခြင်းမှာ၊အပြစ်ကင်းသောအကြံနှင့်ပေးခြင်းဖြစ်နိုင်သည်၊ရာဇဝတ်မကင်းသောအကြံနှင့်ပေးခြင်းလည်းဖြစ်နိုင်သည်ဟုအကြောင်းပြထားသည်ဖြစ်၍၊တရားခံပြစ်မှုကျူးလွန်ခြင်းရှိမရှိစိတ်နှစ်ခွဖြစ်နေရာမှပေါ်ပေါက်သောဒွိဟသံသယdoubt၏အကျိုးကိုတရားခံရထိုက်သည်ဟုဆုံးဖြတ်ခြင်းမှာ၊ထင်ကြေး(ထင်မြင်မှန်းဆချက်)ဖြင့်တရားခံအားအပြစ်မပေးသင့်ဟုဆုံးဖြတ်ခြင်းမဟုတ်။
တရားခံအပြစ်ရှိမရှိဆုံးဖြတ်ရန်၊ချီတုံချတုံစိတ်နှစ်ခွဖြစ်လောက်အောင်၊အမှုတွင်တရားခံအပေါ်ငြိစွန်းနေသောသက်သေခံချက်တို့ကဒွိဟသံသယကိုဖြစ်စေခြင်းကြောင့်ဖြစ်သည်။
ထင်ကြေးပြဿနာမပေါ်ပေါက်ပါ။
တရားခံကိုလွှတ်ပစ်ရခြင်းမှာ၊အပြစ်ရှိကြောင်းဒွိဟသံသယကင်းရှင်းသည်အထိ၊တရားလိုဘက်မှသက်သေခံအထောက်အထားမပြနိုင်ခြင်းကြောင့်ဖြစ်သည်။
Comments
Post a Comment