လျော်ကန်သည့်၊ယုတ္တိရှိသည့်ဒွိဟသံသယမျိုး
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မြန်မာနိုင်ငံတွင်တရားရုံးများကတစိုက်မတ်မတ်လိုက်နာကျင့်သုံးလျက်ရှိသောဥပဒေတရပ်မှာ၊ 1955 BLR ( HC ) 146 ( ဘင်ဂျမင်ဇေးဗီးယားအမှု )အပါအဝင်စီရင်ထုံးများတွင်တညီတညွတ်တည်းပြဆိုထားသည့်အတိုင်း၊တရားခံပြစ်မှုကျူးလွန်ကြောင်းဒွိဟသံသယကင်းသည်အထိသက်သေထင်ရှားပြရန်တာဝန်မှာ၊တရားလိုဘက်တွင်ရှိသည်ဟူသောရာဇဝတ်တရားစီရင်ရေးမူဖြစ်သည်။
ဒွိဟသံသယအကျိုးကိုတရားခံအားပေးရမည်ဟူသောအဆိုအမိန့်သည်လျော်ကန်သောဒွိဟသံသယကင်းသည်အထိ( beyond all reasonable doubt )ဟူသောဥပဒေသဘောကိုအခြားတနည်းဆိုခြင်းဖြစ်သည်။
အထူးရာဇဝတ်အယူခံရုံးက" ထင်ကြေးဖြင့်အပြစ်မပေးသင့်၊ခိုင်လုံသောအထောက်အထားပြည့်စုံမှသာအပြစ်ပေးရမည်"ဟုဆိုခြင်းကိုအငြင်းပွားစရာအကြောင်းမရှိပါ။တရားရုံးများကလိုက်နာရမြဲဖြစ်သောတရားစီရင်ရေးမူဖြစ်ပါသည်။
အခက်အခဲမှာခိုင်လုံသောအထောက်အထားပြည့်စုံခြင်းရှိမရှိတိုင်းတာရန်၊တိကျသောပေတံမရှိခြင်းဖြစ်သည်။
သက်သေခံချက်တို့ကိုချိန်ဆဆုံးဖြတ်ရာတွင်ရင်ဆိုင်ရသည့်အခက်အခဲဖြစ်သည်။
အပြောလွယ်သလောက်လက်တွေ့တွင်မလွယ်သည်ကိုတရားသူကြီးတိုင်းသိသည်။
ရာဇဝတ်မှုတမှုတွင်တရားလိုဘက်မှတင်ပြသောသက်သေခံချက်ကိုခိုင်လုံခြင်းရှိမရှိဉာဏ်အမျှော်အမြင်ရှိသောသူတဦး၏ရှုဒေါင့်မှချိန်ဆဆုံးဖြတ်ရန်၊သက်သေခံအက်ဥပဒေပုဒ်မ၃ပါ " proved " ဟူသောစကားရပ်ကိုအဓိပ္ပာယ်ဖွင့်ဆိုရာ၌သတ်မှတ်ထားသည်မှန်၏။
တရားခံအပြစ်ရှိမရှိတရားလိုဘက်မှတင်ပြသောသက်သေခံချက်တို့အားချိန်ဆဆုံးဖြတ်သောတရားသူကြီးတိုင်း၊တရားခံအပြစ်ကျူးလွန်ပါလေစဟုသဘောရိုးဖြင့်တွေဝေနေသည့်အခြေဆိုက်လျှင်ဒွိဟသံသယသည်အကျိုးသင့်အကြောင်းသင့်ဖြစ်ပါက၊ယုတ္တိရှိပါက၊ယင်းဒွိဟသံသယကြောင့်တရားရုံးကတရားခံအားပြစ်မှုထင်ရှားစီရင်သင့်မသင့်ချီတုံချတုံဖြစ်နေခြင်းမှရုန်းထွက်ကာတရားခံအားအမှုမှလွှတ်ကြောင်းဆုံးဖြတ်နိုင်ရန်လမ်းဖွင့်ပေးသည့်တရားစီရင်ရေးမူဖြစ်သည်ဟုဆိုနိုင်သည်။
တဖက်တွင်တရားရုံးကတရားခံကိုလွှတ်ပစ်ချင်တိုင်းလွှတ်ပစ်ခွင့်ပြုသည့်၊လက်သုံးဖော်နည်းကားမဟုတ်။ကိန်းသေနည်းလည်းမဟုတ်၊ Doubt ချင်တိုင်း Doubt ၍ရသည်မဟုတ်။
Comments
Post a Comment