ဒေါ်ပု( ခ )ဒေါ်ပုကြီး နှင့် မောင်ထွန်းခ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ဒေါ်ပုခေါ်ဒေါ်ပုကြီးနှင့်မောင်ထွန်းခ၊
၁၉၄၆ခုနှစ်ရန်ကုန်စီရင်ထုံးများစာ၁၂၅စီရင်ထုံးတွင်၊
စုံညီခုံရုံးက"ဒေါ်ပုကြီး၏ခင်ပွန်းမောင်ထွန်းခသည်မြန်မာဓလေ့ထုံးတမ်းဥပဒေအရကြီးလေးသောအိမ်ထောင်ရေးပြစ်မှုကျူးလွန်သည်ဖြစ်၍၊ဒေါ်ပုကြီးသည်ထိုပစ္စည်းအရပ်ရပ်ကိုအကြွင်းမဲ့ရထိုက်သည်"ဟု၊စီရင်ထုံးစာမျက်နှာ၁၃၈တွင်အောက်ဖော်ပြပါအတိုင်းဒီကရီချမှတ်ပါသည်-
a decree declaring that the appellant(အယူခံတရားလို)is absolutely entitled to such properties .
ယင်းစီရင်ထုံးပါအသုံးအနှုန်းသည်၊မဒွန်းမယ်အမှုစီရင်ထုံးနှင့်ထပ်တူထပ်မျှနီးပါးတူညီနေသည်ကိုတွေ့မြင်နိုင်သည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၈တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-
"8 . A person entitled to the possession of specific immoveable property may recover it in the manner prescribed by the Code of Civil Procedure ."
(၈ ။သီးခြားမရွှေ့မပြောင်းနိုင်သောပစ္စည်းကိုလက်ရောက်ရပိုင်ခွင့်ရှိသူသည်၊တရားမကျင့်ထုံးဥပဒေတွင်သတ်မှတ်ထားသည့်နည်းလမ်းအတိုင်းပြန်ရနိုင်သည်။)
မယားသည်လင်နှင့်ပြန်လည်ပေါင်းသင်းပြီးနောက်အခြားယောကျ်ားနှင့်ဖောက်ပြားကြောင်း၊သက်သေထင်ရှားခဲ့လျှင်၊လင်သည်လင်မယားပိုင်ပစ္စည်းများကိုသီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၈၏အဓိပ္ပာယ်အရလက်ရောက်ရထိုက်မည်ဖြစ်၍၊မယားလက်ဝယ်တွင်ရှိသောလင်မယားပိုင်ပစ္စည်းများကို၊လက်ရောက်ရလိုကြောင်းတရားစွဲဆိုမှသာအမှုပုံစံမှန်မည်။
ဒေါ်ပုကြီးအမှုစီရင်ထုံးတွင်၊မယားဖြစ်သူဒေါ်ပုကြီးသည်လင်မယားပိုင်ပစ္စည်းအရပ်ရပ်ကို၊အကြွင်းမဲ့ရထိုက်ကြောင်းကြေညာသည့်ဒီကရီချမှတ်ရခြင်းမှာ၊လင်မယားပိုင်ပစ္စည်းများသည်ဒေါ်ပုကြီးလက်ဝယ်ရှိနေခြင်းကြောင့်၊ဒေါ်ပုကြီးကယင်းပစ္စည်းများကိုအကြွင်းမဲ့ရထိုက်ကြောင်းကြေညာရုံမျှဖြင့်လုံလောက်သည်ဖြစ်၍၊ယင်းစီရင်ထုံးပါအမှုတွင်၊ဒေါ်ပုကြီးကလက်ရောက်ရလိုမှုစွဲဆိုရန်မလိုအပ်ပါ။
ဒေါ်ပုကြီးအမှုစီရင်ထုံးတွင်၊လင်ဖြစ်သူကျူးလွန်သည်ဆိုသောပြစ်မှုမှာဓမ္မသတ်များတွင်အတိအလင်းပြဆိုထားသော၊အိမ်ထောင်ရေးပြစ်မှုမဟုတ်ပါ။ဒေါ်ပုကြီးအမှုစီရင်ထုံးကိုမြန်မာလူမျိုးတရားသူကြီးဦးမြဘူးကရေးသား၍၊ကြားနာစီရင်ချက်ချမှတ်ခြင်းဖြစ်သည်။
ထိုစီရင်ထုံးတွင်ဒေါ်ပုကြီးက"လင်ဖြစ်သူမောင်ထွန်းခသည်မိမိအပေါ်ရက်စက်မှုမြောက်သောလက်ရောက်မှုများကိုထပ်တလဲလဲကျူးလွန်ခြင်းကြောင့်လင်မယားကွာရှင်းပေးရန်"စွဲဆိုမှုဖြစ်သည်။
မောင်ထွန်းခကျူးလွန်သောရက်စက်မှုသည်လင်မယားနှစ်ဦးပိုင်ပစ္စည်းတွင်မောင်ထွန်းခ၏ရပိုင်ခွင့်ဝေစုဆုံးရှုံးရလောက်အောင်၊ကြီးလေးသောရက်စက်မှုဟုတ်မဟုတ်ကို၊စီရင်ထုံးစာမျက်နှာ၁၂၉မှ၁၃၅အထိစီရင်ထုံးများနှင့်ဓမ္မသတ်များတို့ကိုအကျယ်တဝင့်စီစစ်ကာဆုံးဖြတ်ရသည့်အမှုမျိုးဖြစ်ကြောင်းစီရင်ထုံးပါသုံးသပ်ချက်များကိုထောက်ရှုပါက၊မယားအပေါ်ကြီးလေးသောရက်စက်မှုကျူးလွန်ခြင်းကြောင့်၊လင်သည်မယားပိုင်ပစ္စည်းတွင်ဆုံးရှုံးရကြောင်းထုံးဖွဲ့ထားသည့်၊ပထမဆုံးစီရင်ထုံးဖြစ်ပုံပေါ်သည်။
ဒေါ်ပုကြီးအမှုစီရင်ထုံးတွင်ဖော်ပြချက်အရ၊အယူခံရုံးစီရင်ချက်ကိုချမှတ်သောနေ့မှာ(၅-၁-၁၉၄၂)ဖြစ်ကြောင်းမှတ်တမ်းတင်ထားသဖြင့်၊အယူခံစီရင်ချက်ချမှတ်ပြီးနောက်လေးနှစ်ကြာမှထိုအယူခံရုံးစီရင်ချက်ကို၊၁၉၄၆ခုနှစ်ရန်ကုန်စီရင်ထုံးများ၊စာ-၁၂၅တွင်စီရင်ထုံးပြုခဲ့ခြင်းဖြစ်သည်။
မောင်ထွန်းခကျူးလွန်သောအိမ်ထောင်ရေးပြစ်မှုသည်လင်မယားပိုင်ပစ္စည်းတွင်၊လင်ဝေစုဆုံးရှုံးရလောက်အောင်ကြီးလေးကြောင်းပြဆိုသည့်စီရင်ထုံးဖြစ်သည်။
၁၉၃၉ခုနှစ်တွင်မူလအမှုကိုဒေါ်ပုကြီးတရားစွဲဆိုစဉ်က(ဒေါ်ပုကြီးစီရင်ထုံးစာမျက်နှာ၁၂၅၏အောက်ခြေမှတ်စုကိုကြည့်ပါ)အချင်းဖြစ်ဥပဒေသကို၊ဒေါ်ပုကြီးအမှုအဆိုလွှာကိုရေးသူနှင့်၊မူလရုံးထိုင်ခရိုင်တရားသူကြီးတို့သိရန်အကြောင်းမရှိသဖြင့်၊အဆိုလွှာတွင်ဒေါ်ပုကြီးကသုံးပုံနှစ်ပုံတောင်းခြင်းဖြစ်ပုံပေါ်သည်။
မယားဖောက်ပြန်မှုနှင့်စပ်လျဉ်းပြီးလင်ရထိုက်ခွင့်ကိုထုံးဖွဲ့ထားသော၊၁၉၃၈ခုနှစ်၊ရန်ကုန်စီရင်ထုံးများ၊စာ-၂၂၉၊မဒွန်းမယ်စီရင်ထုံးရှိပြီးဖြစ်သည်။
Comments
Post a Comment