စွန့်ပစ်ခြင်းကိုအကြောင်းပြုပြီးလင်မယားပြတ်စဲခြင်းသည်၊အနှစ်သာရအားဖြင့်နှစ်ဦးသဘောတူကွာရှင်းခြင်းဖြစ်သည်

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

ဒေါက်တာသာမြကဇနီးဒေါ်ခင်ပုအပေါ်စွဲဆိုသောအမှုတွင်၊မူလတရားရုံးကဒေါ်ခင်ပု(တရားပြိုင်)သည်ဒေါက်တာသာမြ(တရားလို)​၏မယားမဟုတ်တော့ကြောင်းမြွက်ဟကြေညာသည့်ဒီကရီနှင့်အခြားသက်သာခွင့်ပြုရာ၌(၁)ဒေါက်တာသာမြသည်ဒေါ်ခင်ပုအား၁၉၃၉ခုနှစ်၊ဧပြီလ၂၇ရက်နေ့မှစ၍စွန့်ပစ်ခဲ့သည်။(၂)၁၉၄၂ခုနှစ်၊ဧပြီလ၂၇ရက်နေ့မှလင်မယားအလိုအလျောက်ပြတ်စဲသွားသည်စသည်ဖြင့်ဆုံးဖြတ်သည်။

ဒေါ်ခင်ပုကတရားလွှတ်တော်သို့အယူခံဝင်သည်။တရားလွှတ်တော်အယူခံ(စုံညီ)ခုံရုံးတွင်၊တရားဝန်ကြီးချုပ်ဦးသိန်းမောင်၊တရားဝန်ကြီးများဖြစ်ကြသောဦးထွန်းဖြူ၊ဦးစံမောင်၊ဦးအောင်သာကျော်၊ဦးဘိုကြီးတို့ကကြားနာဆုံးဖြတ်သည်။

တိုက်ဆိုင်သည်ဟုဆိုရမည်လားမသိ၊အယူခံကိုကြားနာသောခုံရုံးတွင်ပါဝင်သောတရားဝန်ကြီးချုပ်(ဦးသိန်းမောင်)သည်၊မညွန့်အမှု၌အမှုရှုံးသွားသောမောင်စံသိန်းဘက်မှလိုက်ပါဆောင်ရွက်ခဲ့သောရှေ့နေဖြစ်သည်။ခုံရုံး​၏တင်ပြချက်အရဖွဲ့သောစုံညီခုံရုံးကမညွန့်စီရင်ထုံးကိုပြန်လည်စိစစ်ပြီးသိန်းဖေစီရင်ထုံးကိုလိုက်နာကာမညွန့်စီရင်ထုံးကိုပယ်ဖျက်ခဲ့သည်။

ဒေါက်တာသာမြအမှုတွင်ယခင်တရားလွှတ်တော်ချုပ်(တရားဝန်ကြီးချုပ်ဆာဘဦး၊တရားဝန်ကြီးဦးဧမောင်နှင့်ဦးသောင်းစိန်တို့ကကြားနာဆုံးဖြတ်သည်။)ကလင်သည်မယားကိုစွန့်ပစ်ပြီးသုံးနှစ်တိုင်တိုင်ထောက်ပံ့မှုမပြုဘဲနေသည့်အပြုအမူက၊ထိမ်းမြားခြင်းအနှောင်အဖွဲ့ကိုဖျက်သိမ်းလိုသည့်မိမိ​၏ဆန္ဒကိုထုတ်ဖော်ခြင်းဖြစ်၍ထိုဆန္ဒသက်သက်ဖြင့်လင်နှင့်မယားတို့​၏အပြန်အလှန်သဘောတူချက်အရပေါက်ဖွားသောထိုနှောင်ဖွဲ့မှုကိုတရားဝင်ဖျက်သိမ်းရန်လုံလောက်သည်မဟုတ်။

ထိုနှောင်ဖွဲ့မှုကိုတရားဝင်ဖျက်သိမ်းရန်အလို့ငှာ၊မယားဖြစ်သူကလည်းလင်ခန်းမယားခန်းပြတ်စဲလိုသောမိမိဆန္ဒဖြင့်၊တုံ့ပြန်ရန်လိုအပ်သည်ဟုပြဆိုထားရာ၊စွန့်ပစ်ခံရသူကထိုဆန္ဒကိုတနည်းနည်းဖြင့်ဖော်ထုတ်လိုက်ပါမှလင်ခန်းမယားခန်းပြတ်စဲသွားမည်ဖြစ်သည်။

ဒေါ်ခင်ပုအမှုတွင်တရားလွှတ်တော်စုံညီခုံရုံး(တရားဝန်ကြီးချုပ်ဦးသိန်းမောင်၊တရားဝန်ကြီးများဖြစ်သောဦးထွန်းဖြူ၊ဦးစံမောင်၊ဦးအောင်သာကျော်၊ဦးဘိုကြီးတို့ကကြားနာဆုံးဖြတ်သည်။)ကထုံးဖွဲ့ပြဆိုထားချက်အရဆိုပါကလည်း၊စွန့်ပစ်ခြင်းသည်စွန့်ပစ်ခြင်းခံရသူအားထိမ်းမြားခြင်းကိုတရားဝင်ဖျက်သိမ်းသည့်အနေဖြင့်မှတ်ယူခွင့်ရရှိစေသည်ဖြစ်ရာ၊စွန့်ပစ်ခံရသူကလင်မယားပြတ်စဲလိုသည့်ဆန္ဒကိုဖော်ထုတ်လိုက်သောအခါ၊လင်နှင့်မယားတို့​၏သဘောတူချက်အရထူထောင်ခဲ့သည့်အိမ်ထောင်သည်၎င်းတို့နှစ်ဦး​၏အပြန်အလှန်သဘောတူချက်အရပင်ပြိုကွဲသွားရာရောက်စေသည်။

မနုကျယ်ဓမ္မသတ်ပါ"င(ငါ့)လင် င(ငါ့)မယားမဆိုသာ"ဟူသောစကားရပ်က၊#လင်မယားအဖြစ်မှရပ်စဲသွားကြောင်းအထင်အရှားညွှန်ပြသည်။

ယင်းသို့သောနှစ်ဦးနှစ်ဖက်​၏အပြန်အလှန်သဘောတူချက်အရလင်ခန်းမယားခန်းပြတ်စဲရာရောက်ပါလျက်၊ကွာရှင်းခြင်းတရားဝင်စေရန်၊တရားရုံးကွာရှင်းဒီကရီဖြင့်အတည်ပြုရန်လိုအပ်သေးသည်ဟုဆိုလျှင်၊ကျိုးကြောင်းဆီလျော်မည်မဟုတ်။

စွန့်ပစ်ခံရသူသည်သတ်မှတ်ကာလကုန်ဆုံးသောအခါ၊လင်ခန်းမယားခန်းပြတ်စဲလိုသောဆန္ဒကိုတနည်းနည်းဖော်ထုတ်ခြင်းမပြုဘဲ၊လင်မယားကွာရှင်းပေးစေရန်တရားစွဲဆိုပါကလင်မယားဖြစ်ဆဲဖြစ်သဖြင့်၊ဒေါက်တာသာမြအမှု၊၁၉၅၁မတစ(တရားလွှတ်တော်ချုပ်)စာ၁၀၈(၁၃၂)နှင့်မခင်မြအမှု၊၁၉၅၆မတစ(တရားလွှတ်တော်)စာ၂၆၄(၂၇၁-၂၇၂)စီရင်ထုံးများအရအမှုရှုံးမည်ဖြစ်သည်။

တရားမစွဲဆိုမီထိုဆန္ဒကိုဖော်ထုတ်လိုက်ပြန်လျှင်လည်း၊ဒေါက်တာသာမြအမှုတွင်ပြဆိုထားသည့်အတိုင်း၊လင်မယားအဖြစ်မှရပ်စဲသွားမည်ဖြစ်ရာ၊ဦးဇာဂရ နှင့် ဦးစန္ဒောဘာသ၊၁၉၄၈မတစ၈၆၆အမှုတွင်၊စီရင်ထုံးစာမျက်နှာ၈၇၆နှင့်၈၇၇တွင်ပြဆိုထားသည့်အတိုင်း၊လင်မယားကွာရှင်းပေးစေရန်တရားစွဲဆိုခွင့်( locus standi )မရှိ၍၊စွဲဆိုသောအမှုအောင်မြင်မည်မဟုတ်။

တဖက်တွင်ထိုသို့လင်ခန်းမယားခန်းပြတ်စဲသွားခြင်းကြောင့်လင်မယားပိုင်ပစ္စည်းများကိုခွဲဝေရန်လမ်းပွင့်သွားခြင်းကြောင့်(လင်မယားဖြစ်နေသေးသမျှပစ္စည်းခွဲဝေပေးရန်တရားမစွဲဆိုနိုင်၊မောင်ထွန်းလင်းအမှု၊၁၉၆၅မတစ၃၇၄ကိုကြည့်ပါ။)ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုနိုင်သည်။၁၉၁၄ခုနှစ်တွင်ခုံရုံးကဆုံးဖြတ်သောမအောင်ဖြူအမှု၊အောက်မြန်မာပြည်စီရင်ထုံးများ၊အတွဲ၈၊စာ၅၀အမှုသည်ထုံးသာဓကဖြစ်သည်။

ဒေါ်ခင်ပုနှင့်ဒေါက်တာသာမြဖြတ်ထုံးများသည်၊အမြင်ချင်းတူသော၊မသက်နှင့်သိန်းဖေစီရင်ထုံးများနှင့်၊တသဘောတည်းဖြစ်သည်။

စီရင်ထုံးကိုအစအဆုံးဖတ်ရန်လိုသည်။

အကယ်၍၊စွန့်ပစ်သူကလင်မယားဖြစ်ဆဲဟုဆိုနေသေးလျှင်၊ဦးဆင်နှင့်မမလေး၊၁၉၄၁၊ရန်ကုန်၁၄(ခုံရုံး)အမှုမှာကဲ့သို့၊တရားလိုနှင့်တရားပြိုင်တို့သည်လင်မယားမဟုတ်တော့ကြောင်းမြွက်ဟကြေညာပေးရန်နှင့်၊ပစ္စည်းခွဲဝေပေးစေရန်တရားစွဲဆိုရန်ဖြစ်ပေလိမ့်မည်။

ဒေါက်တာဦးဧမောင်က၎င်း​၏မြန်မာဗုဒ္ဓဘာသာတရားဥပဒေကျမ်း(၁၉၇၀ပြည့်နှစ်ထုတ်)စာမျက်နှာ၉၀တွင်၊ဒေါ်ခင်ပုနှင့်ဒေါက်တာသာမြစီရင်ထုံးများကိုရည်ညွှန်းပြီးနောက်၊စွန့်ပစ်ခြင်းကိုအကြောင်းပြုပြီးလင်မယားပြတ်စဲခြင်းသည်၊အနှစ်သာရအားဖြင့်နှစ်ဦးသဘောတူကွာရှင်းခြင်းဖြစ်ကြောင်း၊

" Dissolution of marriage in these circumstances , was , in essence , one by mutual consent , the wife reciprocating the husband's desire to have the marriage dissolved and vice versa."

ဟုပြဆိုထားခြင်းသည်၊စွန့်ပစ်ခြင်းကိုအကြောင်းပြုပြီးလင်မယားကွာရှင်းပေးရန်အတွက်၊တရားစွဲဆိုရန်မလိုကြောင်းမြင်သာစေသည်။

မ(မိ)နှင်းနုံ နှင့် မောင်(င)အောင်ပါ၂၊ SJLB 73 အမှုတွင်၊မြန်မာဗုဒ္ဓဘာသာအချင်းချင်းကွာရှင်းခြင်းသည်၊တရားရုံးဒီကရီမရှိဘဲခိုင်လုံသည်ဟုပြဆိုထားသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ