လင်မယားကွာရှင်းပေးစေလိုမှုတွင်ကွာရှင်းဒီကရီအကျိုးဆက်အဖြစ်၊သာမာန်အားဖြင့်ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုကြခြင်းဖြစ်သည်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားလိုလင်အဆိုပြုစွဲဆိုသည့်အတိုင်းတရားပြိုင်မယားသည်ကြီးလေးသောအိမ်ထောင်ရေးပြစ်မှုကျူးလွန်ခြင်းမှန်ခဲ့လျှင်၊တရားလိုလင်နှင့်တရားပြိုင်မယားတို့ပေါင်းသင်းစဉ်ကအတူပိုင်ဆိုင်သောပစ္စည်းအားလုံးသည်မြန်မာဓလေ့ထုံးတမ်းဥပဒေအရတရားလိုလင်ပိုင်ဖြစ်သွားပေလိမ့်မည်။
ထိုသို့ဆိုလျှင်တရားလိုလင်သည်၊မဒွန်းမယ်အမှုနှင့်ဒေါ်ပုကြီးအမှုစီရင်ထုံးများအရ၊ပစ္စည်းပိုင်ဆိုင်ကြောင်းမြွက်ဟဒီကရီနှင့်၊တရားပြိုင်မယားလက်ဝယ်ရှိပစ္စည်းများနှင့်စပ်လျဉ်း၍၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၈တွင်ပြဆိုထားသည့်အတိုင်း၊ထို့အပြင်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂ခြွင်းချက်ပါပြဌာန်းချက်များအရလိုအပ်သည့်အတိုင်း၊လက်မဲ့ဖြစ်သောပစ္စည်းများနှင့်စပ်လျဉ်း၍လက်ရောက်ရလိုမှုစွဲဆိုရမည်။သာမန်လင်မယားကွာရှင်းပေးစေလိုမှုမှာကဲ့သို့ပစ္စည်းခွဲဝေပေးစေလိုမှုမစွဲဆိုနိုင်။
ဦးဇာဂရနှင့်ဦးစန္ဒောဘာသ
၁၉၄၈၊မတစ၊၈၆၆(၈၆၇)တွင်
"ပစ္စည်းပူးတွဲပိုင်ဆိုင်သူတို့သည်အတူတူလက်ရောက်ရထိုက်သည်ဖြစ်၍လက်ရောက်ရလိုမှုမစွဲဆိုနိုင်"
ဟုအောက်ပါအတိုင်းပြဆိုထားသည်-
( no co-owner of property can oust the other co-owner from the property , each being equally entitled to possession . )
အထက်ပါထုံးဖွဲ့ချက်သည်ဓမ္မသတ်များနှင့်ဒေါ်ပုကြီးစီရင်ထုံးတို့၏၊အပြန်အလှန်အဆိုအမိန့်ဖြစ်သည်။
ပူးတွဲပိုင်ရှင်တဦးကအခြားပူးတွဲပိုင်ရှင်တဦးအပေါ်ပစ္စည်းလက်ရောက်ရလိုမှုမစွဲဆိုနိုင်။
ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုရသည်။
လင်မယားကွာရှင်းပေးစေလိုမှုတွင်ကွာရှင်းဒီကရီအကျိုးဆက်အဖြစ်၊သာမန်အားဖြင့်ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုကြခြင်းဖြစ်သည်။
ဒေါ်ပုကြီးအမှုစီရင်ထုံးမှာမူ၊သာမန်အိမ်ထောင်ရေးပြစ်မှုကြောင့်ကွာရှင်းပေးစေလိုမှုနှင့်၊ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုသည့်အမှုအမျိုးအစားနှင့်ကွဲပြားသည်။
ကြီးလေးသောအိမ်ထောင်ရေးပြစ်မှုအရ၊တရားရုံးကကွာရှင်းခွင့်ဒီကရီချမှတ်လိုက်လျှင်၊ကာယကံရှင်တို့သည်ပစ္စည်းများကိုအတူမပိုင်တော့။
ကြီးလေးသောအိမ်ထောင်ရေးပြစ်မှုကျူးလွန်သူသည်ပစ္စည်းတွင်ပိုင်ဆိုင်ခွင့်ဆုံးရှုံးသွားသဖြင့်၊ဦးဇာဂရအမှု၊၁၉၄၈စီရင်ထုံးနှင့်သက်ဆိုင်ရန်အကြောင်းမရှိသောကြောင့်ပစ္စည်းခွဲဝေရန်အကြောင်းလည်းမရှိတော့။
Comments
Post a Comment