မောင်ကိုကြီး နှင့် ဒေါ်အုန်းခင်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


မောင်ကိုကြီးနှင့်ဒေါ်အုန်းခင်၊ 1965 BLR 913 စောဒကအမှုတွင်"လျှောက်ထားသူသည်မူလရုံးတွင်၎င်းအပေါ်ကတိပျက်ကွက်မှုစွဲဆိုခံရစဉ်အခါကအသက်(၂၅)နှစ်ခန့်ရှိပြီးဖြစ်၍အရွယ်ရောက်ပြီးသူတဦးဖြစ်သည်။လျှောက်ထားခံရသူ​၏သမီးမသက်ထားမှာအသက်(၁၇)နှစ်ကျော်ခန့်အရွယ်သို့ရောက်သည်တွင်လျှောက်ထားသူနှင့်လူငယ်ချင်းရည်ငံခဲ့ကြသည်သာမက၊လျှောက်ထားသူကမသက်ထားအားတရားဝင်လက်ထပ်၍ယူပါမည်ဟုကတိပြုခဲ့သည်။လျှောက်ထားခံရသူနှင့်မသက်ထားနှစ်ဦးဆုံ၍လည်းလျှောက်ထားသူ​၏ကတိကိုရယူခဲ့ကြသည်။ထို့နောက်မသက်ထားတွင်ကိုယ်ဝန်အရင့်အမာရှိလာသောအခါလျှောက်ထားသူကလက်ထပ်ရန်ကတိပျက်သဖြင့်၎င်းအပေါ်မသက်ထားနှင့်လျှောက်ထားခံရသူတို့ကလျော်ကြေးရလိုမှုတရားစွဲဆိုခဲ့ကြသည်။


၎င်းတို့အမှုကိုအောက်ရုံးကပလပ်ခဲ့သည်။


အယူခံဝင်ရာခရိုင်တရားမတရားရုံးကမသက်ထား​၏အမှုကိုပလပ်ခြင်းမှာမှန်ကန်သည်။သို့ရာတွင်လျှောက်ထားခံရသူအားလျှောက်ထားသူကကတိပြုခြင်းမှာမူပဋိညာဉ်မြောက်သဖြင့်လျော်ကြေးငွေပေးစေဟုဆုံးဖြတ်သည်။


တရားရုံးချုပ်သို့အယူခံဝင်ရာ-


"အရွယ်ရောက်ပြီးယောကျ်ားတဦးကအရွယ်မရောက်သေးသောမိန်းကလေးတဦးကိုလက်ထပ်ပါမည်ဟူ၍၎င်းမိန်းကလေး​၏မိခင်အားကတိဝန်ခံပြုခဲ့သည်။မိခင်ကလည်းတုံ့ပြန်၍ခံဝန်ပဋိညာဉ်ပြုခဲ့ရာတွင်သမီး​၏သဘောတူညီချက်ကိုရရှိခဲ့ပြီးသမီး​၏အကျိုးကိုငဲ့၍ပြုလုပ်ခြင်းဖြစ်သည်ဆိုလျှင်ယောကျ်ားဘက်မှကတိပျက်သောအခါလက်ထပ်ရန်ကတိကိုပျက်ကွက်ခဲ့သည့်အတွက်လျော်ကြေးရလိုမှုတရားစွဲဆိုနိုင်ပါသလော"ဟူသောပြဿနာကိုစုံညီခုံရုံးဖွဲ့စည်း၍သုံးသပ်ကာဖြေကြားပေးရန်ပေါ်ပေါက်လာသည်။


အထက်ပါဥပဒေပြဿနာများကိုတရားရုံးချုပ်တရားသူကြီးချုပ်ပါဝင်သောစုံညီခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-


"အထက်ပါအကြောင်းတို့ကြောင့်မြန်မာ့ထုံးတမ်းစဉ်လာဥပဒေကိုကိုးကား၍လည်းကောင်း၊ယခုအခါတွင်နိုင်ငံ၌ကျင့်သုံးနေကြသောလူလူချင်းအနိုင်အထက်မပြု၊အမြတ်မထုတ်၊လောကပါလတရားကျင့်ဝတ်တို့နှင့်အညီကူးလူးဆက်ဆံကြသည့်တရားကိုထောက်ရှု၍လည်းကောင်း၊ရှေ့မှောက်ရှိပြဿနာပေါ်တွင်"ဖော်ပြသောအခြေအနေမျိုးတွင်ကတိပျက်သောယောကျ်ားအပေါ်လျော်ကြေးရလိုကြောင်းတရားစွဲဆိုနိုင်သည်"ဟုယူဆသည်။"


မောင်ကိုကြီးအပေါ်လျော်ကြေးရလိုကြောင်းမသက်ထားနှင့်မိခင်ဒေါ်အုံးခင်တို့ကတရားစွဲဆိုခြင်းဖြစ်သည်။ခရိုင်တရားမရုံးကဒေါ်အုံးခင်ကိုလျော်ကြေးပေးစေရန်ဆုံးဖြတ်ရာ၌မသက်ထား​၏အမှုကိုပလပ်သောမူလတရားရုံး​၏အဆုံးအဖြတ်ကိုအတည်ပြုခဲ့သည်။


တရားရုံးချုပ်အယူခံတွင်တရားဖက်များမှာအယူခံတရားလိုမောင်ကိုကြီးနှင့်အယူခံတရားပြိုင်ဒေါ်အုံးခင်တို့ဖြစ်သည်။


မသက်ထားမပါတော့။


ရုံးတော်သဟာယအဖြစ်ဆောင်ရွက်သောယခင်တရားလွှတ်တော်ချုပ်တရားဝန်ကြီးဟောင်းဦးကျော်မြင့်က"ထိုနစ်နာသောအချက်များကြောင့်ဒေါ်အုံးခင်သည်မောင်ကိုကြီးအပေါ်တရားစွဲဆိုနိုင်ပါလိမ့်မည်။ပညာရှိခရိုင်တရားမတရားသူကြီးဆုံးဖြတ်သည့်အတိုင်း၊မိခင်ကသမီးကိုပေးပါမည်ဟုကတိပြုခဲ့ခြင်းသည်သမီးအကျိုးအတွက်ဖြစ်ခဲ့ပါသည်။ထိုကတိအတိုင်းမိခင်ရောသမီးပါဆက်လက်ဆောင်ရွက်ရန်အဆင်သင့်ရှိကြသည်။သမီးဘက်မှလည်းမိမိကိုယ်ကိုပင်ပုံ၍ပေးခဲ့သည်။ထိုအချက်တို့ကြောင့်ပဋိညာဉ်ဥပဒေအရပင်လျှင်မိခင်သည်မောင်ကိုကြီးအပေါ်တွင်လျော်ကြေးရလိုကြောင်းတရားစွဲဆိုနိုင်ပါသည်ဟုထင်မြင်ချက်ပေးသည်။"ဟု၊စီရင်ထုံးစာမျက်နှာ၉၂၀တွင်ဖော်ပြထားသည်။


မသက်ထားကမောင်ကိုကြီးအပေါ်တရားစွဲဆိုခွင့်ရှိမရှိထင်မြင်ချက်မပေး။


စောဒကအမှုဆုံးဖြတ်ရန်ပြဿနာပါ"မိခင်ကလည်းတုံ့ပြန်၍ခံဝန်ပဋိညာဉ်ပြုခဲ့ရာတွင်သမီး​၏သဘောတူညီချက်ကိုရရှိခဲ့ပြီးသမီး​၏အကျိုးကိုငဲ့၍ပြုလုပ်ခြင်းဖြစ်သည်ဆိုလျှင်ယောကျ်ားဘက်မှကတိပျက်သောအခါလက်ထပ်ရန်ကတိကိုပျက်ကွက်ခဲ့သည့်အတွက်လျော်ကြေးရလိုမှုစွဲနိုင်ပါသလော"ဟူသောမေးခွန်းကိုသတ္တုချကြည့်လျှင်၊လျော်ကြေးရလိုမှုစွဲဆိုနိုင်သလောဟူသော၊ဟူသောဝါကျ​၏ကတ္တား( subject )သည်၊ဒေါ်အုံးခင်ဖြစ်ရပါမည်။မသက်ထားမဟုတ်။


ဦးကျော်မြင့်တင်ပြချက်သည်ဆုံးဖြတ်ရန်ပြဿနာနှင့်ညီညွတ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ