မြန်မာဗုဒ္ဓဘာသာမိဘသည်သားသမီးကိုပေးပါရန်ကတိပျက်ကွက်မှုအတွက်လျော်ကြေးပေးရန်တာဝန်ရှိပါသလော
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မြန်မာဗုဒ္ဓဘာသာမိဘသည်သားသမီးကိုပေးပါရန်ကတိပျက်ကွက်သည့်အတွက်လျော်ကြေးပေးရန်တာဝန်ရှိပါသလော?
2010 BLR 69
မောင်ရဲငြိမ်းအောင်ပါ၃ နှင့် မခင်စန်းနွယ်( အရွယ်မရောက်သေးသူ၊၎င်း၏အုပ်ထိန်းသူမိခင်ဒေါ်စန်းမြင့် )
အမှုတွင်ဆုံးဖြတ်ရန်ပြဿနာမှာအောက်ပါအတိုင်းဖြစ်သည်-
"မိန်းကလေးအားထိမ်းမြားလက်ထပ်ရန်ကတိပျက်ကွက်သည့်ယောကျ်ားအပြင်၊ထိမ်းမြားလက်ထပ်ပေးရန်ကတိပြုသည့်ယောကျ်ား၏မိဘကိုပါကတိပျက်ကွက်မှုအတွက်လျော်ကြေးငွေကျပ်သိန်း၁၀၀ပေးလျော်စေရန်ဒီကရီချမှတ်ခြင်းသည်ဥပဒေနှင့်ညီညွတ်မှုရှိမရှိ။"
တရားရုံးချုပ်အထူးခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-
"မြန်မာမှုနယ်ပယ်တွင်လည်းလူကြီးစုံရာဖြင့်မိန်းကလေးရှင်၏မိဘများထံအပ်နှံကြရာတွင်ယောကျ်ားလေး၏မိဘများပါလိုက်ပါပြီးလူငယ်နှစ်ဦးအားလက်ထပ်ပေးရန်ကတိပြုရသူများမှာမိဘများဖြစ်ကြကာမိဘ၏ဝတ္တရားများတွင်လည်းသားသမီးများအားထိမ်းမြားပေးရန်တာဝန်ရှိသူများဖြစ်ကြသည်။'သားသမီးမကောင်းမိဘခေါင်း'ဟူ၍ပင်ဆိုရိုးရှိသည်။
ကလေးသူငယ်ဥပဒေအရလည်းကလေးသူငယ်ကျူးလွန်သောပြစ်မှုနှင့်စပ်လျဉ်း၍ကလေး၏မိဘများအပေါ်ဒဏ်ငွေချမှတ်ခြင်းကိုပြဌာန်းထားသည်။"
အထက်ပါဥပဒေကိုမှန်သည်( in the affirmative )ဟုဖြေဆိုရာ၌၊ညီညွတ်သည်ဆိုသောဥပဒေကိုကိုးကားထားခြင်းမရှိသည်ကိုတွေ့ရသည်။
တရားရေးအကြံပေးစနစ်ကျင့်သုံးခြင်း၏ဟာကွက်တကွက်ဖြစ်သည်။
ကလေးသူငယ်ဥပဒေသည်ပြဿနာနှင့်သက်ဆိုင်သောဥပဒေမဟုတ်ပါ။
သားသမီးမကောင်းမိဘခေါင်းဟူသောဆိုရိုးသည်လည်းသက်ဆိုင်ရာဥပဒေမဟုတ်။
မြန်မာမှုနယ်ပယ်တွင်အစချီသောအကြောင်းပြချက်ကိုထောက်ခံသောဓမ္မသတ်တစုံတရာမရှိ။
တာဝန်ရှိကြောင်းညွှန်ပြသောဓလေ့ထုံးတမ်းကိုအမှုတွင်သက်သေထင်ရှားမပြနိုင်။
အမှုတွင်အယူခံတရားလိုများဘက်တွင်ရှေ့နေပါသော်လည်းမိန်းကလေးဘက်တွင်ရှေ့နေမရှိ။ယောက်ျားလေးဘက်မှလိုက်ပါသောရှေ့နေသည်အမှုကိုမလျှောက်လဲမီ၉၅နှစ်ကျော်ကအောက်မြန်မာပြည်တရားရုံးချုပ်ကဆုံးဖြတ်ခဲ့သည့်၎င်းအားအပြည့်အဝထောက်ခံသည့်-
8 LBR 347
( 1. Maung Thein , 2. Shwe Paw v. 1. Ma Thet Hnin , 2. Ma Hla Bon. )
( Before Sir Charles Fox , Chief Judge. )
စီရင်ထုံးကိုကိုးကားလျှောက်လဲကြောင်းစီရင်ထုံး၌ဖော်ပြထားခြင်းမရှိ။
8 LBR 347 အမှုတွင်၊နိုင်ငံခြားသားတရားသူကြီးချုပ်( Sir Charles Fox )သည်၊ကင်းဝန်မင်းကြီးဦးကောင်း၏သုံးဆယ့်လေးစောင်တွဲအိမ်မှုခန်းဓမ္မသတ်ကျမ်းကြီးကိုလေ့လာပြီး၊စီရင်ထုံးစာမျက်နှာ၃၄၉တွင်အောက်ပါအတိုင်းပြဆိုသည်-
" No doubt some texts in Dhammathats - for instance those in section 54 and 56 of the Kinwun Mingyi's Digest - contemplate penalties on parents who refuse to carry out a promise to give a child in marriage , but these texts apply to parents of a girl only . I can find no similar provision penalizing parents of a male child ."
အမှုတွင်မိန်းကလေးဘက်မှလိုက်သောရှေ့နေသည်မြန်မာ( Ko Ko Gyi )ဖြစ်သည်။ယောကျ်ားလေး၏မိဘသည်သားကိုထိမ်းမြားပေးရန်ကတိပျက်ကွက်သည့်အတွက်လျော်ကြေးပေးရန်တာဝန်ရှိကြောင်းဓမ္မသတ်တစုံတရာတင်ပြနိုင်ပုံမပေါ်။
အထက်ပါကျမ်းကြီးပုဒ်မ၅၄တွင်"သမီးနှင့်သားကိုထိမ်းမြားမည့်မိဘနှစ်ဦးတို့ချိန်းချက်သည့်နေ့ရက်ရောက်ကာလ၊သမီးကိုမထိမ်းမြားသောတရား"ဟုဖော်ပြသည်။
ပုဒ်မ၅၆တွင်"သမီးနှင့်ထိမ်းမြားမည်၊ယောက်ျား၏အတွင်းဥစ္စာကိုခံယူပြီးမှ၊သမီး၏အမိဘတို့ကမထိမ်းမြားသောတရား"ကိုပြဆိုသည်။
သားကိုမထိမ်းမြားသောတရားမရှိပါ။
မရှိသောဥပဒေကိုတရားရုံးကမြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာဥပဒေပုဒ်မ၁၃(၃)အရ၊ဥပဒေဖန်တီးခွင့်မရှိသည်ကိုသတိချပ်သင့်သည်။
ထိမ်းမြားပေးစားရန်ကတိကဝတ်ကိုဖောက်ဖျက်လျှင်သမီး၏မိဘများတွင်တာဝန်ရှိသကဲ့သို့သား၏မိဘများတွင်အလားတူတာဝန်ရှိလျှင်ဓမ္မသတ်များတွင်ပြဌာန်းမည်ဖြစ်ရာ၊မပြဌာန်းခြင်းသည်ပြဌာန်းရန်မလိုခြင်းကြောင့်ဖြစ်သည်ကိုဆင်ခြင်သင့်သည်။
8 LBR 347 အမှုတွင်၊တရားသူကြီးချုပ်က၊ကတိဖောက်ဖျက်သည့်သား၏မိဘများတွင်တာဝန်ရှိသည်ဟုဓမ္မသတ်များတွင်ပြဌာန်းဦးတော့၊တရားရုံးများသည်ဤကာလတွင်ယင်းပြဌာန်းချက်များအတိုင်းဆောင်ရွက်ရန်မဖြစ်နိုင်။
အရွယ်ရောက်သောယောကျ်ားကလေးနှင့်မိန်းကလေးတို့ထိမ်းမြားကြရာ၌ကာယကံရှင်တို့၏လွတ်လပ်သောသဘောတူချက်ရှိရန်လိုအပ်ကြောင်းကျွန်ုပ်တို့၏တရားရုံးများကအသိအမှတ်ပြုရမည်။၎င်းတို့ကထိမ်းမြားကြရန်သဘောမတူသည်မဟုတ်လျှင်မိဘများကထိမ်းမြားပေးခြင်းသည်ထိမ်းမြားမှုမြောက်မည်မဟုတ်ဟုအောက်ပါအတိုင်းသုံးသပ်သည်-
" But even if there were one , the provision would be one which it would not be possible for our Courts to carry out in these days . Our Courts must recognize than that the free consent of the actual parties is essential to a marriage between an adult man and an adult woman . No giving in marriage by parents in such a case can be recognized as constituting a marriage unless the actual parties consent to be married ."
ထို့နောက်
2 UBR ( 1897-01 ) 197
( Maung Taik v. Ma Cho )
( Before H . Thirkell White , Esq . , C . I . E . )
စီရင်ထုံးကိုကိုးကားပြီးအရွယ်ရောက်ပြီးသူဖြစ်သည်ဖြစ်စေ၊အရွယ်မရောက်သေးသူဖြစ်သည်ဖြစ်စေ၊ယောကျ်ားလေးတဦးကို၎င်း၏သဘောတူချက်မရှိဘဲ၊ထို့အပြင်အလိုမတူဘဲထိမ်းမြားပေးစားခြင်းမပြုနိုင်
( a male whether a minor or not cannot be married without his consent or against his will )
ဟုစီရင်ထုံးစာမျက်နှာ၃၅၀တွင်အကြောင်းပြပြီး၊ယောကျ်ားလေး၏ဖခင်သည်လျော်ကြေးပေးရန်တာဝန်မရှိဟုအောက်ပါအတိုင်းဆုံးဖြတ်သည်-
" For the reasons I have stated his father cannot be held liable to compensate either or both of the plaintiffs for breach of the promises he was held to have made."
Comments
Post a Comment